မလေးရှားနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ မြန်မာ့အရေး ဆွေးနွေး

မလေးရှားဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကော့သည် ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ် ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး မြန်မာ့အရေးအပါအဝင် အခြား ဒေသတွင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်သည့် နှစ်နိုင်ငံပူးတွဲ ကြေညာချက်အရ သိရသည်။

28 Feb 2022

မလေးရှားဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ဆုံပြီး မှတ်တမ်းဓာတ်ပုံ ရိုက်ယူစဉ်။ (ဓာတ်ပုံ - AP)

DMG ၊ ဖေဖော်ဝါရီ ၂၈

မလေးရှားဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကော့သည် ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ် ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး မြန်မာ့အရေးအပါအဝင် အခြား ဒေသတွင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်သည့် နှစ်နိုင်ငံပူးတွဲ ကြေညာချက်အရ သိရသည်။

ဆာဘရီယာကော့သည် မလေးရှားဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ပြီးနောက်ပိုင်း ကမ္ဘောဒီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာ အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည့် မြန်မာစစ်တပ်အပေါ် သဘောထားတင်းမာသည့် ဒေသတွင်းနိုင်ငံများအနက် မလေးရှားနိုင်ငံလည်း အပါအဝင်ဖြစ်သည်။

ကမ္ဘောဒီးယားသည် ယခုနှစ်တွင် အာဆီယံအဖွဲ့ဥက္ကဌ ဖြစ်ပြီး ဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် ပြေလည်မှုရရှိရန် ကြိုးပမ်းမှုအဖြစ် ပြီးခဲ့သော ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့သည်။ ဟွန်ဆန်၏ ခရီးစဉ်သည် မြန်မာစစ်တပ်ကို အသိအမှတ်ပြုသကဲ့သို့ ဖြစ်သွားနိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး ဟွန်ဆန်ကမူ မြန်မာသည်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သဖြင့် အာဆီယံအစည်းအဝေးများ တက်ခွင့်ရှိသည်ဟု ထိုစဉ်က တုံ့ပြန်ပြောကြားခဲ့သည်။

မလေးရှားနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှု၌ မြန်မာ့ပဋိပက္ခ ကူညီဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို နှစ်နိုင်ငံလုံး ထောက်ခံခဲ့သလို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်၏ အားထုတ်မှုများကိုလည်း အပြည့်အဝ ထောက်ခံကြောင်း နှစ်နိုင်ငံပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မွတ်ဆလင် ရ သိန်းကျော် နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရမှုနှင့် ပတ်သက်၍လည်း မလေးရှားဝန်ကြီးချုပ် အစ္စမေးက ထည့်သွင်းဆွေးနွေးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။