ဩစတြေးလျ၏ နျူကလီးယားရေငုပ်သင်္ဘော သဘောတူညီချက်အပေါ် အာဆီယံ ဘုံသဘောတူညီမှု မလေးရှားမျှော်လင့်

မလေးရှားသည် ဩစတြေးလျ၊ အမေရိကန်၊ ဗြိတိန်နိုင်ငံတို့၏ အင်ဒို-ပစိဖိတ် လုံခြုံရေး မဟာမိတ်အဖွဲ့သစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအကြား တိကျပြတ်သားသော သဘောတူညီမှုတစ်ခုရရန် မျှော်လင့်နေသည်ဟု မလေးရှား ကာကွယ်ရေးဝန်ကြီးက အောက်တိုဘာလ ၁၂ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့ကြောင်း AP သတင်းတစ်ရပ်အရ သိရသည်။

13 Oct 2021

ဓာတ်ပုံ - AP

DMG ၊ အောက်တိုဘာ ၁၃

မလေးရှားသည် ဩစတြေးလျ၊ အမေရိကန်၊ ဗြိတိန်နိုင်ငံတို့၏ အင်ဒို-ပစိဖိတ် လုံခြုံရေး မဟာမိတ်အဖွဲ့သစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအကြား တိကျပြတ်သားသော သဘောတူညီမှုတစ်ခုရရန် မျှော်လင့်နေသည်ဟု မလေးရှား ကာကွယ်ရေးဝန်ကြီးက အောက်တိုဘာလ ၁၂ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့ကြောင်း AP သတင်းတစ်ရပ်အရ သိရသည်။

လွန်ခဲ့သောလက ထုတ်ပြန်ထားသော AUKUS မဟာမိတ်အဖွဲ့၏ ကြေငြာချက်အရ သူတို့အဖွဲ့သည် ဩစတြေးလျအနေဖြင့် ရရှိထားသောနည်းပညာကို နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများတွင် ထိထိရောက်ရောက်အသုံးချမချ စောင့်ကြည့်နေမည်ဟု ဆိုသည်။ ၎င်းမှာ မဟာဗျူဟာမြောက် အရေးပါသော တောင်တရုတ်ပင်လယ်ဒေသအတွင်း တရုတ်၏အင်အားကြီးထွားလာမှုကို အထူးသဖြင့် တုံ့ပြန်ဖြေရှင်းရန် ရည်ရွယ်ထားသော သဘောတူညီချက်ပဋိညာဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

AUKUS သဘောတူညီချက်သည် အရှေ့တောင်အာရှတွင်း နိုင်ငံများကို သဘောထားကွဲလွဲစေခဲ့ကာ အင်ဒိုနီးရှားနှင့်မလေးရှားတို့က ဒေသတွင်းပြိုင်ဘက် အင်အားကြီးနိုင်ငံများအကြား လက်နက်အင်အား ပြိုင်ပွဲတစ်ခုဆီသို့  ဦးတည်သွားနိုင်ကြောင်း သတိပေးကြခဲ့သည်။ အမေရိကန်၏ကာကွယ်ရေး မဟာမိတ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်ကမူ ထိုသဘောတူညီချက်ကို ထောက်ခံခဲ့သည်။

လာမည့်လတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံကြမည့် အစည်းအဝေး၌ AUKUS အတွက် အာဆီယံဘုံသဘောတူညီချက် တစ်ရပ် ရရှိနိုင်မည့် အခွင့်အရေးပေးလိမ့်မည်ဟု မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှန်မူဒင်းဟူဆိန်က အင်္ဂါနေ့ ပါလီမန် လွှတ်တော်တွင် ပြောကြားခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

"အမေရိကန် (ဒါမှမဟုတ်) တရုတ်အကြား အင်အားချိန်ခွင်လျှာ ဘယ်လိုပဲရှိနေနေ ခါတိုင်းလိုပဲ ကျွန်တော်တို့ရဲ့ နောက်ဆုံးအဆင့်ကတော့ ဒေသအတွင်း တည်ငြိမ်မှုကို အာမခံပေးနိုင်ရေးပဲ ဖြစ်ပါတယ်" ဟု သူက ပြောကြားသည်။

"ဒီအင်အားကြီးနိုင်ငံနှစ်ခုကို ရင်ဆိုင်ရာမှာ အာဆီယံတွင်း သဘောတူနားလည်မှုတစ်ရပ်က ကျွန်တော်တို့ကို ပံ့ပိုးကူညီပေးပါလိမ့်မယ်" ဟုလည်း သူကဖြည့်စွက် ပြောကြားခဲ့သည်။

AUKUS သဘောတူညီချက်ကို အရှေ့တောင်အာရှ၊ အထူးသဖြင့် ပေကျင်းအစိုးရက သမိုင်းကြောင်းအရ ပိုင်ဆိုင်ကြောင်း ပြောကြားနေသည့် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ သြဇာလွှမ်းမိုးမှုအား အနောက်အုပ်စု၏ တုံ့ပြန်မှုအဖြစ် အများက ရှုမြင်ကြသည်။