အဓမ္မပြုကျင့်ခံရမှုမှရရှိသည့် မွေးကင်းစကလေးကို သတ်ဖြတ်မှုဖြင့် မလေးဆယ်ကျော်သက် တရားစွဲခံရ

မလေးရှားနိုင်ငံတွင် မွေးကင်းစကလေးငယ်တစ်ဦးအား သတ်ဖြတ်မှုဖြင့် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးအား အင်္ဂါနေ့တွင် တရားစွဲဆိုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

18 Feb 2022

သရုပ်ဖော်ပုံ - iStock

DMG ၊ ဖေဖော်ဝါရီ ၁၈

မလေးရှားနိုင်ငံတွင် မွေးကင်းစကလေးငယ်တစ်ဦးအား သတ်ဖြတ်မှုဖြင့် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးအား အင်္ဂါနေ့တွင် တရားစွဲဆိုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါကလေးငယ်သည် အဓမ္မပြုကျင့်ခံရမှုမှရရှိသည့် ကိုယ်ဝန်မှမွေးဖွားခြင်းဟု သူမ၏ရှေ့နေကပြောကြားပြီး တက်ကြွလှုပ်ရှားသူများကလည်း သူမကို အာမခံဖြင့်ပြန်လွှတ်ပေးရန် တောင်းဆိုလျှက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံအရှေ့ပိုင်း တာရန်ဂါနုပြည်နယ်ရှိ နေအိမ်တစ်လုံးတွင် ပြီးခဲ့သည့်သီတင်းပတ်က မွေးကင်းစကလေးတစ်ဦး ရင်အုံတွင်ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီးနောက် အာဏာပိုင်များသည် အသက် ၁၅ နှစ်အရွယ် အဆိုပါမိန်းကလေးအား ဖမ်းဆီးခဲ့သည်။

ကျူးလွန်ကြောင်းစွပ်စွဲခံထားရသူ မိန်းကလေးကမူ မိမိသည် ပြီးခဲ့သည့်နှစ်တွင် အသက် ၂၀ ကျော် အမျိုးသားတစ်ဦး၏ အဓမ္မပြုကျင့်ခြင်းကိုခံခဲ့ရပြီး ကိုယ်ဝန်ရရှိခဲ့ခြင်းဟု ပြောကြားထားသည်။ အဆိုပါအမျိုးသား လက်ရှိအချိန်၌ မည်သည့်နေရာတွင်ရှိနေသည်ကို မသိရှိရပေ။ ရဲတပ်ဖွဲ့က သီးခြားအမှုဖွင့်ကာ သူ့ကို ရှာဖွေစုံစမ်းလျှက်ရှိသည်။

မလေးရှားတွင် လူသတ်မှုကျူးလွန်သည့် တရားခံများကို သေဒဏ်ချမှတ်သော်လည်း အရွယ်မရောက်သေးသူများကိုမူ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်သည်။

မိန်းကလေးငယ်၏ ရှေ့နေက အာမခံရရှိရန်တောင်းဆိုသော်လည်း တရားရုံးက ငြင်းပယ်လိုက်ကြောင်း သတင်းတွင် ဖော်ပြသည်။

ကလေးသူငယ်နှင့် အမျိုးသမီးရေးရာ မလေးရှားလွှတ်တော်ကော်မတီတစ်ရပ်ကမူ ယခုအမှုအား လူသတ်မှုအဖြစ်သတ်မှတ်ထားခြင်းအပေါ်  စိုးရိမ်ပူပန်မှုကို ပြသခဲ့သည်။

မွေးကင်းစကလေးငယ်အား မိခင်က မွေးပြီး ၂၄ နာရီအတွင်း သတ်ဖြတ်မှုကို မလိုလားသည့်ကလေးအား သတ်သည့်ဓလေ့ အဖြစ်သတ်မှတ်ပြီး တရားခံအနေဖြင့် အာမခံရရှိသင့်သည်ဟု အဆိုပါကော်မတီက ပြောသည်။