သားကို နှစ် ၃၀ ခန့် အိမ်ထဲပိတ်လှောင်ထားသူ ဆွီဒင်မိခင် ဖမ်းဆီးခံရ

ဆွီဒင်နိုင်ငံတွင် သားဖြစ်သူကို တိုက်ခန်းတွင်း နှစ်ပေါင်း ၃၀ ခန့် ပိတ်လှောင်ထားခဲ့သူ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးအား ဆွီဒင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 03 Dec 2020

(ဓာတ်ပုံ - EPA)

ဆွီဒင်နိုင်ငံတွင် သားဖြစ်သူကို တိုက်ခန်းတွင်း နှစ်ပေါင်း ၃၀ ခန့် ပိတ်လှောင်ထားခဲ့သူ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးအား ဆွီဒင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တောင်ပိုင်းရှိ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုတွင် တွေ့ရှိခဲ့ရသည့် ဤဖြစ်စဉ်အမှန်ကို အပြည့်အစုံသိရအောင် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပိတ်လှောင်သူမိခင်သည် လက်ရှိတွင် အသက် ၇၀ ခန့်ရှိနေပြီဖြစ်ကာ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားမည်ဟု ယူဆရသည်။

အိမ်တွင်း ပိတ်လှောင်ခံထားရသူ အမျိုးသားသည် အသက် ၄၀ ခန့်ရှိနေပြီဖြစ်ပြီး အသက် ၁၁နှစ် ၁၂ နှစ် အရွယ်တည်းက ကျောင်းထုတ်ခံရပြီး ပျောက်ကွယ်သွားသူ ဖြစ်သည်။ သူ၏ အစ်မဟုဆိုသူက မိခင်ဆေးရုံတက်ခဲ့ရသည်ဟု ကြားသဖြင့် တနင်္ဂနွေနေ့က အိမ်သို့သွားရောက် သတင်းမေးရာမှ သူ့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နေအိမ်တိုက်ခန်းသို့ ရောက်သွားစဉ် အထဲတွင် မှောင်မည်းနေပြီး အနံ့အသက်များလည်း မကောင်းကြောင်း သူမကဆိုသည်။ မီးဖိုချောင်မှ အသံကြားရာက သွားကြည့်ရာ လှောင်ပိတ်ခံထားရသူ အမျိုးသားကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူ၏ ခြေထောက်များသည် ဒူးခေါင်းမှ အောက်ပိုင်းအထိ ဒဏ်ရာများရရှိထားသလို၊ သွား အားလုံးနီးပါး မရှိတော့ပေ။

သူမ အိမ်မှထွက်ခွာခဲ့သည့် ဆယ်ကျော်သက်အရွယ်တည်းက မောင်ကို မတွေ့ရတော့ကြောင်း ဆွီဒင်သတင်းဌာန တစ်ခုထံ ဖြေကြားထားသည်။

သူမ၏မိခင်သည် ရှေ့ပိုင်းတွင် ကလေးတစ်ဦး ဆုံးရှုံးဖူးပြီး ယခုကလေး မွေးဖွားသည့်အခါ ဆုံးပါးခဲ့သူ ကလေးအမည်ကို ထပ်မံမှည့်ခေါ်ခဲ့သည်ဟု ဆိုသည်။

သူမတွင် အပြစ်ရှိကြောင်း တွေ့ရှိရပါက ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရဖွယ်ရှိသည်။