မွတ်ဆလင်ဆန့်ကျင်ရေးနှင့် ဆက်စပ်သည့်မှတ်တမ်းများ ဖေ့စ်ဘုတ်ဖက်က ထုတ်ပြန်ပေးရန် တရားရုံး အမိန့်ချ

မြန်မာနိုင်ငံတွင် မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုနှင့် ဆက်နွယ်နေသဖြင့် အသုံးပြုခွင့် ပိတ်ပင်ခဲ့သည့် အကောင့်များအား ဖေ့စ်ဘုတ်ကုမ္ပဏီဘက်က ထုတ်ပြန်ပေးရန် အမေရိကန် ပြည်ထောင်စုတရားရုံး တစ်ခုက အမိန့်ချမှတ်လိုက်ကြောင်း ဝေါစထရိသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

24 Sep 2021

ဓာတ်ပုံ - Reuters

DMG ၊ စက်တင်ဘာ ၂၄  

မြန်မာနိုင်ငံတွင် မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုနှင့် ဆက်နွယ်နေသဖြင့် အသုံးပြုခွင့် ပိတ်ပင်ခဲ့သည့် အကောင့်များအား ဖေ့စ်ဘုတ်ကုမ္ပဏီဘက်က ထုတ်ပြန်ပေးရန် အမေရိကန် ပြည်ထောင်စုတရားရုံး တစ်ခုက အမိန့်ချမှတ်လိုက်ကြောင်း ဝေါစထရိသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

လူနည်းစုမွတ်ဆလင်များအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံကို တရားစွဲဆိုရန် ပြင်ဆင်နေသည့် စုံစမ်းစမ်းဆေးရေးမှူးများထံသို့ အချက်အလက်များ မျှဝေပေးရန် ပျက်ကွက်ခဲ့မှုအတွက်လည်း ဝါရှင်တန်ရှိ တရားသူကြီးက ဖေ့စ်ဘုတ်ကို ဝေဖန်လိုက်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။

အမေရိကန်ဥပဒေဖြစ်သည့် အီလက်ထရွန်းနစ် ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီများသည် အသုံးပြုသူများ၏ အချက်အလက်များကို ဖွင့်မချရဟူသည့် အမေရိကန်ဥပဒေကို ချိုးဖောက်ရာရောက်မည်ဟု ပြောကာ ဖေ့စ်ဘုတ်သည် အဆိုပါ အချက်အလက်များကို ထုတ်ပေးရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

သို့သော် တရားသူကြီးကမူ ဖျက်လိုက်သော ပို့စ်များသည် ချမှတ်ထားသည့် ဥပဒေနှင့် သက်ဆိုင်မှု မရှိတော့ကြောင်း ပြောကြားသည်ဟု ဝေါစထရိဂျာနယ်က ဖော်ပြသည်။

ဂမ်ဘီယာနိုင်ငံသည် နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) တွင် မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်သည့် ၁၉၄၈ ကုလသဘောတူညီချက်ကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားပြီး ၎င်းနှင့် ဆက်စပ်သည့် ဖေ့စ်ဘုတ်မှတ်တမ်းများအား တောင်းခံနေခြင်းဖြစ်သည်။

မြန်မာအာဏာပိုင်များကမူ မိမိတို့သည် လက်နက်ကိုင် ပုန်ကန်မှုကို နှိမ်နင်းခြင်းသာဖြစ်ကြောင်း ပြောကြားသလို ရက်စက်ကြမ်းကြုတ်မှုများ စနစ်တကျ ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်ကိုလည်း ငြင်းဆိုထားသည်။

အမေရိကန်တရားရုံး၏ ယခုဆုံးဖြတ်ချက်သည် “အရေးပါသော” ဆုံးဖြတ်ချက်တစ်ရပ်ဟု လူ့အခွင့်အရေး အကြံပေးတစ်ဦးဖြစ်သူ ရှန်နွန်ရာဆင်းက တွစ်တာပေါ်တွင် ရေးသားထားသည်။

ခေတ်သစ် ရက်စက်ကြမ်းကြုတ်မှု ကာကွယ်ရေးနှင့် တုံ့ပြန်ရေးတွင် ဆိုရှယ်မီဒီယာ၏ ပါဝင်နိုင်စွမ်း နမူနာများအနက် တစ်ခုဖြစ်သည်ဟု သူမက ဆိုသည်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်များကြောင့် မွတ်ဆလင် ၇ သိန်းကျော်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။