ရုရှားလောင်စာဆီ တင်သွင်းမှု တားမြစ်ရန် တောင်းဆိုမှုများရှိချိန် အမေရိကန်တွင် စက်သုံးဆီဈေးမြင့်တက်

ရုရှားမှ စက်သုံးဆီတင်ပို့မှုကို ပိတ်ပင်ပေးရန် တောင်းဆိုမှုများ မြင့်တက်နေချိန်၌ အမေရိကန်ပြည်ထောင်စုတွင် စက်သုံးဆီဈေးနှုန်းသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဖြစ် တစ်ဂါလံလျှင် ၄ ဒေါ်လာအထက် အထိ ဈေးမြောက်သွားပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

09 Mar 2022

ဓာတ်ပုံ - AP

DMG ၊ မတ်လ ၉ ရက်

ရုရှားမှ စက်သုံးဆီတင်ပို့မှုကို ပိတ်ပင်ပေးရန် တောင်းဆိုမှုများ မြင့်တက်နေချိန်၌ အမေရိကန်ပြည်ထောင်စုတွင် စက်သုံးဆီဈေးနှုန်းသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဖြစ် တစ်ဂါလံလျှင် ၄ ဒေါ်လာအထက် အထိ ဈေးမြောက်သွားပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယူကရိန်းစစ်ပွဲ မစတင်မီတည်းက မြင့်တက်နေသော စက်သုံးဆီဈေးနှုန်းများသည် စစ်ပွဲစတင်ချိန်မှစ၍ မြန်မြန်ဆန်ဆန် မြင့်တက်လာခြင်းလည်း ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်သုံးဆီဈေးသည် ပြီးခဲ့သည့် သီတင်းပတ်၌ တစ်ဂါလံလျှင် ၄၅ ဆင့် မြင့်တက်ခဲ့ပြီး တနင်္လာနေ့တွင် ၄.၀၆ ဒေါ်လာအထိ ဈေးမြောက်ခဲ့သည်။

ဥရောပနိုင်ငံများတွင်လည်း စက်သုံးဆီဈေးများသည် မြင့်တက်နေပြီး ပြီးခဲ့သည့် သီတင်းပတ်၌ တစ်လီတာလျှင် ပျမ်းမျှ ၁.၇၅ ယူရိုအထိ ဈေးပေါက်ခဲ့သည်။ အမေရိကန်ဒေါ်လာနှင့် တွက်ပါက တစ်ဂါလံလျှင် ရ.၂၁ဒေါ်လာ အထိ ပေးချေရခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အများဆုံး လောင်စာဆီထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ဆော်ဒီနှင့် ရုရှားနိုင်ငံတို့ထက် ထုတ်လုပ်မှုပိုများသည်။ တစ်ချိန်တည်း၌ အမေရိကန်သည် ကမ္ဘာ့လောင်စာဆီ သုံးစွဲမှု အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်းထုတ်လုပ်မှုဖြင့် လုံလောက်အောင် မဖြည့်ဆည်းနိုင်ပေ။

အမေရိကန်သည် ပြီးခဲ့သည့်နှစ်တွင် ရုရှားထံမှ စက်သုံးဆီစည်ပေါင်း ၂၄၅ သန်း ဝယ်ယူခဲ့ရပြီး တစ်နိုင်ငံလုံး စက်သုံးဆီတင်သွင်းမှုစုစုပေါင်း၏ ၈ ရာခိုင်နှုန်းပမာဏ ဖြစ်သည်။

ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ် ဆင်နွှဲမှုနှင့်အတူ ရုရှားစက်သုံးဆီတင်သွင်းမှုကို ပိတ်ပင်ရန်နှင့် စက်သုံးဆီနှင့် သဘာဝဓာတ်ငွေ့များမှ ရရှိသည့် ငွေကြေးများကိုပါ ဖြတ်တောက်ပေးရန် တောင်းဆိုမှုများ အမေရိကန်နှင့် ဥရောပနိုင်ငံများ၌ မြင့်တက်လျက်ရှိသည်။

အခြားတစ်ဘက်တွင်မူ အမေရိကန်၌ ယခုနှစ် နိုဝင်ဘာတွင် ရွေးကောက်ပွဲကျင်းပရန်ရှိနေရာ သမ္မတဂျိုးဘိုင်ဒန်သည် လောင်စာဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်မှုကြောင့် ရုရှားစက်သုံးဆီတင်သွင်းမှုကို ပိတ်ပင်ရန် တွန့်ဆုတ်လျက်ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။