ပါလက်စတိုင်းနယ်မြေတွင် ဖြစ်ပွားခဲ့သည့် စစ်ရာဇဝတ်မှုများအား အိုင်စီစီရှေ့နေ တရားဝင် စုံစမ်းစစ်ဆေးမည်

ပါလက်စတိုင်းနယ်မြေရှိ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး အစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဘက်လုံးကို စုံစမ်းစစ်ဆေးမှုအား တရားဝင်စတင်သွားမည်ဟု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ) ၏ ရှေ့နေက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

By Foreign Desk 04 Mar 2021

(ဓာတ်ပုံ - Aljazeera)

ပါလက်စတိုင်းနယ်မြေရှိ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး အစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဘက်လုံးကို စုံစမ်းစစ်ဆေးမှုအား တရားဝင်စတင်သွားမည်ဟု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ) ၏ ရှေ့နေက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

ဖေဖော်ဝါရီလ ၅ ရက်တွင် တရားရုံးက အမိန့်ချမှတ်လိုက်ပြီးနောက်ပိုင်း ထွက်ပေါ်လာသော ယခုဆုံဖြတ်ချက်သည် ဝါရှင်တန်နှင့် ဂျေရုဆလင်တို့ဘက်မှ ကန့်ကွက်ချက်များ ချက်ချင်း ပေါ်ထွက်လာစေခဲ့သည်။ ပါလက်စတိုင်း အာဏာပိုင်များဘက်ကမူ ယခုဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြသည်။

ငါးနှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည့် မိမိရုံးက အပင်ပန်းခံ ဆောင်ရွက်ခဲ့သည့် ကနဦးစစ်ဆေးချက်အပြီး ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုတစ်ရပ် ဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်ခြင်းဟု ရှေ့နေ Fatou Bensouda က ထုတ်ပြန်ချက်တစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

အရှေ့ဂျေရုဆလင်၊ ဂါဇာကမ်းမြောင်ဒေသနှင့်  အနောက်ဘက်ကမ်းခြေတို့တွင် စစ်ရာဇဝတ်မှုများ ရှိခဲ့ သို့မဟုတ် ရှိနေဆဲဖြစ်ကြောင်း သူမက ၂၀၁၉ ဒီဇင်ဘာတွင် ပြောကြားခဲ့သည်။ အစ္စရေးကာကွယ်ရေး တပ်ဖွဲ့များနှင့် ပါလက်စတိုင်း လက်နက်ကိုင် တပ်ဖွဲ့များ နှစ်ဘက်လုံးတွင် ကျူးလွန်မှုများ ရှိနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုအဆင့်ပြီးလျှင် အစ္စရေး သို့မဟုတ် ပါလက်စတိုင်း အာဏာပိုင်များသည် ယခုဖြစ်စဉ်များအား သူတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုများ ရှိခဲ့သလား ဟူသည်ကို ဆက်လက် စစ်ဆေးရမည်ဖြစ်သည်။