ပါလက်စတိုင်းမြို့တော်တွင် အစ္စရေးတို့ မျက်နှာဖတ် စောင့်ကြည့်ရေးကင်မရာများ အသုံးပြုနေ

အစ္စရေးစစ်တပ်သည် ၎င်းတို့သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းခြေရှိ နေရာအနှံ့အပြားတွင် ပါလက်စတိုင်းတို့ကို ပစ်မှတ်ထားပြီး မျက်နှာများကို မှတ်တမ်းတင်သည့် နည်းပညာဖြင့်  ပုဂ္ဂိုလ်ရေးအချက်အလက်များကို စုဆောင်းနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

10 Nov 2021

ဟီဘရွန်မြို့တစ်နေရာတွင် တပ်ဆင်ထားသည့် စောင့်ကြည့်ရေးကင်မရာများ။ (ဓာတ်ပုံ - AFP)

DMG ၊ နိုဝင်ဘာ ၁၀

အစ္စရေးစစ်တပ်သည် ၎င်းတို့သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းခြေရှိ နေရာအနှံ့အပြားတွင် ပါလက်စတိုင်းတို့ကို ပစ်မှတ်ထားပြီး မျက်နှာများကို မှတ်တမ်းတင်သည့် နည်းပညာဖြင့်  ပုဂ္ဂိုလ်ရေးအချက်အလက်များကို စုဆောင်းနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုစီမံချက်အရ အစ္စရေးတပ်ဖွဲ့ဝင်များသည် အခြေအနေတင်းမာနေသည့် ဟီဘရွန်မြို့တော်တွင် ပါလက်စတိုင်းတို့၏ ပုဂ္ဂိလ်ရေးအချက်အလက်များကို ကောက်ယူစုဆောင်းနေသည်ကို တွေ့ရသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ကင်းလှည့်နေသော စစ်သားများသည် အထူးပစ္စည်းကိရိယာများ အသုံးပြုကာ ၎င်းတို့မြင်တွေ့သမျှ ပါလက်စတိုင်းလူမျိုးများကို ဓာတ်ပုံများ တစ်ဘက်သတ်ရိုက်ယူနေကြသည်ဟု ယခုသတင်းကို ထုတ်ဖော်ခဲ့သော ‘Breaking the Silence’ အဖွဲ့၏ အသိပညာပေး ညွှန်ကြားရေးမှူး အိုရီဂျီဗာတီက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

တစ်စုံတစ်ယောက်အား ဓာတ်ပုံများ ရိုက်ယူလိုက်ပါက “Blue Wolf” ဟု အမည်ရသည့် စနစ်က ဖြစ်နိုင်ခြေရလဒ် ၄ မျိုး ပြသပေးသည်ဟု ဂျီဗာတီက ပြောသည်။

အနီရောင်ဆိုလျှင် သူ့ကို ဖမ်းဆီးသင့်၊ အဝါဆိုလျှင် အထက်လူကြီးနှင့် တိုင်ပင်ပြီး အဆိုပါပါလက်စတိုင်းသားအား ဖမ်းဆီးထားရန်၊ အစိမ်းဆိုလျှင် သူ့ကို လွတ်လပ်စွာသွားလာခွင့်ပေးရန် ဖြစ်သည်။

မည်သည့်ရလဒ်မှ မပြပါက ထိုပါလက်စတိုင်းသားသည် Blue Wolf စနစ်ထဲတွင် မရှိသေးခြင်း ဖြစ်ကာ အချက်အလက်များ ထပ်မံကောက်ခံရန် လိုအပ်နေသေးသည့်သဘော ဖြစ်သည်။

Blue Wolf စီမံကိန်းနှင့် ပတ်သက်၍ အေအက်ဖ်ပီက မေးမြန်းခဲ့ရာတွင် အစ္စရေးစစ်တပ်က မိမိတို့သည် အနောက်ဘက်ကမ်းခြေ၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပုံမှန် လုံခြုံရေး အော်ပရေးရှင်းများ ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ဟီဘရွန်သည် ဂျူးအခြေချနေထိုင်သူများ မြို့တွင်း၌ ဝင်ရောက်နေထိုင်သည့် တစ်ခုတည်းသော ပါလက်စတိုင်းမြို့ ဖြစ်သည်။ ဟီဘရွန်မြို့တွင်းရှိ ဂျူးဧရိယာများကို အစ္စရေးစစ်တပ်က အင်အားအများအပြားဖြင့် ကာကွယ်ပေးထားသဖြင့် စစ်သားများနှင့် ပါလက်စတိုင်းတို့အကြား ထိတွေ့မှု အများအပြား ရှိနေပြီး စောင့်ကြည့်ရေးကင်မရာ ကွန်ရက်ကို Blue Wolf စီမံကိန်းနှင့် ချိတ်ဆက်ထားခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။