ပုပ်ရဟန်းမင်းကြီးက မော်စကို၌ ပူတင်နှင့်တွေ့ဆုံလို

ယူကရိန်းစစ်ပွဲကို ရပ်တန့်စေရေး ကြိုးစားနိုင်ရန်အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မော်စကိုတွင် တွေ့ဆုံရန် တောင်းဆိုခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရရှိခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အင်္ဂါနေ့ကထုတ်လွှင့်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

04 May 2022

ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က ဗာတီကန်တွင် တွေ့ဆုံစဉ်။ (ဓာတ်ပုံ - AP)

DMG ၊ မေ ၄

ယူကရိန်းစစ်ပွဲကို ရပ်တန့်စေရေး ကြိုးစားနိုင်ရန်အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မော်စကိုတွင် တွေ့ဆုံရန် တောင်းဆိုခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရရှိခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အင်္ဂါနေ့ကထုတ်လွှင့်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

စစ်ပွဲအား အပြည့်အဝထောက်ခံပေးထားသည့် ရုရှားအော်သိုဒေါက်စ်ဘုရားကျောင်း၏ ခရစ်ယာန်ဘုန်းတော်ကြီး ကီးရီးအနေဖြင့်လည်း ပူတင်အလိုကျ လိုက်လျောနေ၍မရဟု ပုပ်ရဟန်းမင်းကြီးက  အီတလီ၏ကော်ရီယယ်ဒယ်လာစီရာ သတင်းစာတိုက်သို့ ပြောကြားခဲ့သည်။

စစ်ပွဲစတင်ချိန်တွင် ရုရှားသံရုံးသို့ မကြုံစဖူး သွားရောက်လည်ပတ်ခဲ့ဖူးသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မိမိသည် ယူကရိန်း ပဋိပက္ခဖြစ်ပွားပြီး သီတင်းပတ်သုံးပတ်ခန့်အကြာတွင် ဗာတီကန်၏ ထိပ်တန်းသံတမန်အား ပူတင်ထံသို့ သတင်းစကားတစ်ရပ် ပေးပို့ရန် ပြောဆိုခဲ့ကြောင်း သတင်းစာတိုက်ကို ပြောကြားသည်။

"ကျွန်တော် မော်စကိုကို သွားဖို့ ဆန္ဒရှိပါတယ်။ သေချာတာကတော့ ရုရှားခေါင်းဆောင်အတွက် လမ်းဖွင့်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဘက်က တုံ့ပြန်မှု မရသေးသလို ကျွန်တော်တို့ဘက်ကလည်း တောင်းဆိုနေတုန်းပါပဲ" ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

"ပူတင်က ဒီအချိန်မှာ ဒီအစည်းအဝေးကို မလုပ်နိုင်မှာ၊ မလုပ်မှာ၊ မလုပ်ချင်မှာကို စိုးရိမ်မိပါတယ်။ ဒါပေမယ့် ဒီလောက်ရက်စက်ကြမ်းကြုတ်မှုတွေကို မတားလို့မရပါဘူး" ဟု ပုပ်ရဟန်းမင်းကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

အချိန်ထိ အသက် ၈၅ နှစ်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ပဋိပက္ခစတင်ချိန်ကတည်းက အင်တာဗျူးမပြုလုပ်မီ ရုရှား သို့မဟုတ် ပူတင်နှင့် ပတ်သက်၍ လူသိရှင်ကြား တိတိပပ ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော် ပုပ်ရဟန်းမင်းကြီးသည် တရားမဲ့ ရန်လိုမှု၊ ကျူးကျော်မှုနှင့် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှု အစရှိသည့် စကားလုံးများ သုံးနှုန်းကာ ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

ဗီဒီယိုများ