မြန်မာဒုက္ခသည်များကို ထိုင်းဘက်က ပြန်ပို့နေ

မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် ထိုင်းဘက်သို့ ထွက်ပြေးလာသော ဒုက္ခသည်များအနက် ၆၀၀ ကျော်ကို နယ်စပ်ဖြတ်ကျော်ပြီး ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းဘက်မှ အကြီးတန်းအရာရှိတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

20 Dec 2021

ဓာတ်ပုံ - Reuters

DMG ၊ ဒီဇင်ဘာ ၂၀

မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် ထိုင်းဘက်သို့ ထွက်ပြေးလာသော ဒုက္ခသည်များအနက် ၆၀၀ ကျော်ကို နယ်စပ်ဖြတ်ကျော်ပြီး ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းဘက်မှ အကြီးတန်းအရာရှိတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း တာ့ခ်ခရိုင်သို့ ရောက်ရှိလာသည့် ဒုက္ခသည်များအနက် အချို့က ၎င်းတို့သည် မိမိဆန္ဒအလျောက် ရှေ့တန်းနေရာများသို့ ပြန်လိုကြခြင်း ဖြစ်ကြောင်း ရိုက်တာသို့ ဖြေကြားသည်။

“ဟိုမှာကျန်ခဲ့တဲ့ ပစ္စည်းတွေအတွက် စိုးရိမ်ပြီး ပြန်ချင်တဲ့သူတွေ ပိုများလာနေတယ်” ခရိုင်အုပ်ချုပ်ရေးမှူး ဆုန်ချိုင်ကီချာရိုရုန်ရော့က တနင်္ဂနွေနေ့လယ်ပိုင်းက ပြောကြားသည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေး အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဖီလ်ရောဘက်ဆင်ကမူ ထိုင်းနိုင်ငံအနေဖြင့် ဒုက္ခသည်များအား မြန်မာဘက်သို့ ပြန်ပို့ရေးကို အလျင်စလိုမလုပ်သင့်ကြောင်း အကြံပြုသည်။

“မြန်မာစစ်တပ်ဟာ ရှေ့တန်းထွက်ပြီဆိုရင် အရပ်သားတွေကို သေစေနိုင်တဲ့အင်အားနဲ့ တမင်ပစ်မှတ်ထားတယ်ဆိုတာ လူတိုင်းသိပါတယ်။ ပြောရရင်တော့ ဒီဒုက္ခသည်တွေဟာ အသက်လုပြီး ပြေးနေကြရတယ်ဆိုတာ ပုံကြီးချဲ့ပြောတာ မဟုတ်ပါဘူး” ဟု သူကပြောသည်။

ထိုင်းမြန်မာနယ်စပ်ရှိ နေရာအနှံ့အပြားတွင် လတ်တလော စခန်းချနေကြသည့် ဒုက္ခသည် ၁၀၀၀ ခန့်သည် ထိုင်းဘက်သို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေကြကြောင်း မြန်မာ ရွှေ့ပြောင်းအခြေချသူများဖြင့် ဖွဲ့စည်းထားသည့် ထိုင်းအခြေစိုက် အကူအညီပေးရေးမဟာမိတ်ကော်မတီ (Aid Alliance Committee) ၏ ပြောကြားချက်အရ သိရသည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ထိုင်းဘက်ရှိ စာသင်ကျောင်းတစ်ကျောင်း၌ ခိုလှုံနေသော ဒုက္ခသည် ဒါဇင်ပေါင်းများစွာအား ထရပ်ကားသုံးစီးဖြင့် တင်ဆောင်ကာ နယ်စပ်ဖြတ်ကျော် ပြန်ပို့ပေးသည်ကို ရိုက်တာသတင်းထောက်များ မြင်တွေ့ခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထရပ်ကားအနီး ရပ်စောင့်နေသည့် ဒုက္ခသည်တစ်ဦးအား မေးမြန်းရာတွင် သူက မဲထော်တလေးမှ  ထွက်ပြေးလာခြင်းဖြစ်ပြီး အိမ်အနီးတစ်ဝိုက်တွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲမှုများ ရှိသည်ဟု ဖြေကြားသည်။

လတ်တလောတွင် မြန်မာဘက်သို့ ၆၂၃ ဦး ပြန်ပို့ပေးပြီးပြီ ဖြစ်ကာ ၂၀၉၄ ဦး ကျန်ရှိနေသေးပြီး ၎င်းတို့အနေဖြင့် မိမိသဘောဆန္ဒအလျောက် ပြန်လိုစိတ်ရှိပါက မြန်မာဘက်သို့ ပြန်ပို့ပေးမည်ဖြစ်ကြောင်း တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးက ရိုက်တာသို့ ဖြေကြားသည်။

မြန်မာစစ်တပ်နှင့် ကေအန်ယူတို့အကြား ပြီးခဲ့သည့် သီတင်းပတ်မှစတင်၍ အရှိန်မြင့်လာသည့် တိုက်ပွဲများကြောင့် ကရင်ပြည်နယ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ထောင်ပေါင်းများစွာ ရှိနေပြီဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။