လက်နက်ကိုင်တိုက်ပွဲများကြောင့် ထွက်ပြေးနေရသူ ၂၃၀၀၀၀ ရှိဟုဆို

မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း တိုက်ပွဲများနှင့် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ခန့်မှန်းခြေ ၂၃၀၀၀၀ ခန့် ရှိပြီး အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂက ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

25 Jun 2021

ဓာတ်ပုံ - Reuters

DMG ၊ ဇွန် ၂၅

မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း တိုက်ပွဲများနှင့် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ခန့်မှန်းခြေ ၂၃၀၀၀၀ ခန့် ရှိပြီး အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂက ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

တိမ်းရှောင်ထွက်ပြေးနေရသူများအား ကူညီထောက်ပံ့မှုများ ဆောင်ရွက်နေသော်လည်း လက်နက်ကိုင် ပဋိပက္ခများ၊ အကြမ်းဖက်မှုများနှင့် ပြည်တွင်းမလုံခြုံမှုများကြောင့် အတားအဆီးများ ကြုံနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးရုံး (UN OCHA) က ပြောကြားသည်။

ထိုင်းနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ကရင်ပြည်နယ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ၁၇၇၀၀၀ ရှိနေပြီး အိန္ဒိယနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများကြောင့် ဒုက္ခသည်စခန်း တစ်ရာခန့်တွင် ရောက်ရှိနေသူ ၂၀၀၀၀ ခန့်ရှိကြောင်း OCHA က ပြောသည်။

မြန်မာစစ်တပ်နှင့် ကာလရှည်ကြာ မသင့်မြတ်မှုများ ရှိခဲ့သည် ကချင်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း တိမ်းရှောင်နေရသော အရပ်သား ထောင်ပေါင်းများစွာ ရှိနေသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇွန်လအထိ ၅ လတာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် သေဆုံးရသူ စုစုပေါင်း ၈၇၇ ဦးထက်မနည်း ရှိနေပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

ဆန္ဒဖော်ထုတ်မှုများအား မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြင်းအထန် အင်အားသုံးနှိမ်နင်းမှုများ ရှိခဲ့ပြီးနောက်တွင် လက်နက်ကိုင် တုံ့ပြန်မှုများ၊ သတ်ဖြတ်မှုများ၊ ဗုံးဖောက်ခွဲမှုများ ရှိလာခဲ့ပြီး

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သား လက်နက်ကိုင်တပ်များအကြား ထိတွေ့တိုက်ခိုက်မှုများလည်း အများအပြား ဖြစ်ပေါ်လျက်ရှိသည်။