ဖိလစ်ပိုင် SEA Game ညံ့ဖျင်းသည့်ဝန်ဆောင်များအတွက် စုံစမ်းစစ်ဆေးသွားမည်ဟု သမ္မတ ဒူတာတေး ပြော

ဟိုတယ်အခန်းကြိုတင်ပြင်ဆင်ထားခြင်း မရှိ၍ ကြမ်းပြင်တွင်အိပ်ရခြင်း၊ အစ္စလာမ်ဘာသာဝင်များအတွက်  အစားအစာများမှာ ဘာသာရေးထုံးတမ်းစဉ်လာနှင့်အညီမဖြစ်ခြင်း၊ ဘောလုံးကွင်းများ၏ အရည်အသွေးညံ့ဖျင်းခြင်းတို့ အပါအဝင် ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်လျက်ရှိခြင်းဖြစ်သည်။

By Foreign Desk 29 Nov 2019

ပုံစာ - ငွေကြေးများစွာသုံးစွဲထားသည့်ကြားမှ ပြဿနာများရှိနေခြင်းကြောင့် တစ်ခုခုမှားယွင်းနေသည်မှာသေချာကြောင်း သမ္မတဒူတာတေးကပြောသည်။ (ဓာတ်ပုံ - pcoo.gov.ph)

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် SEA Game ပြိုင်ပွဲတွင် အကြိုပြင်ဆင်မှုပိုင်းနှင့် အခြားစီမံခန့်ခွဲမှု အပိုင်းများတွင် ဝန်ဆောင်မှုညံ့ဖျင်းခြင်းကြောင့် ဝေဖန်မှုများထွက်ပေါ်လျက်ရှိရာ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု သမ္မတ ဒူတာတေးကပြောကြားလိုက်ကြောင်း CNA သတင်းတွင်ဖော်ပြထားသည်။

လက်ရှိအချိန်တွင် အချို့အားကစားနည်းများ စတင်ယှဉ်ပြိုင်နေပြီဖြစ်ပြီး နိုဝင်ဘာ၊ ၃၀ ရက်နေ့တွင် ဖွင့်ပွဲကျင်းပတော့မည့် SEA Game ပြိုင်ပွဲသို့ ယှဉ်ပြိုင်ရန်လာရောက်သော နိုင်ငံအသီးသီးမှ အားကစားသမားများမှာ နေထိုင်ရေး၊ သွားလာရေးနှင့် စားသောက်ရေးတို့တွင် ပြဿနာအမျိုးမျိုးကြုံတွေ့နေရပြီး ဝေဖန်မှုများ ပြင်းပြင်းထန်ထန်ထွက်ပေါ်လျက်ရှိခြင်း ဖြစ်သည်။

ဟိုတယ်အခန်းကြိုတင်ပြင်ဆင်ထားခြင်း မရှိ၍ ကြမ်းပြင်တွင်အိပ်ရခြင်း၊ အစ္စလာမ်ဘာသာဝင်များအတွက်  အစားအစာများမှာ ဘာသာရေးထုံးတမ်းစဉ်လာနှင့်အညီမဖြစ်ခြင်း၊ ဘောလုံးကွင်းများ၏ အရည်အသွေးညံ့ဖျင်းခြင်းတို့ အပါအဝင် ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်လျက်ရှိခြင်းဖြစ်သည်။

ထိုကဲ့သို့ထွက်ပေါ်နေသည့် ဝေဖန်မှုများနှင့်ပတ်သက်ပြီး သမ္မတဒူတာတေးကို သတင်းထောက်များကမေးမြန်းသော အခါတွင် " ကျွန်တော့်အနေနဲ့ ပုဂ္ဂိုလ်ရေးအရပြောရမယ်ဆိုရင် ဒီပွဲအတွက် ဒီလောက်ငွေတွေသုံးထားတယ်ဆိုရင် အားလုံး ချောချောမွေ့မွေ့ဖြစ်သင့်တာပေါ့။ အခုမဖြစ်ဘူးဆိုတော့ တစ်ခုခုမှားနေတာတော့ သိသာတယ် " ဟုပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် သမ္မတဒူတာတေးက ထိုကဲ့သို့မပြောကြားမီအစောပိုင်းကမူ SEA Game ပြိုင်ပွဲကျင်းပရေးအတွက် ဖိလစ်ပိုင်နိုင်ငံ၏ တာဝန်ရှိသူတစ်ဦးက ဖိလစ်ပိုင်သည် အိမ်ရှင်ဧည့်ဝတ်ကျေပွန်အောင် အကောင်းဆုံးပြင်ဆင်ထားပြီး အကောင်းဆုံးပွဲတော်တစ်ခု ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့ပြီး ပြဿနာများရှိနေကြောင်း ဝန်မခံခဲ့ပေ။

ဖိလစ်ပိုင် SEA Game အတွက် နောက်ထပ်ပြဿနာတစ်ခုအနေဖြင့် တိုင်ဖွန်းမုန်တိုင်းတစ်ခုမှာ ဖိလစ်ပိုင်နိုင်ငံသို့ ဦးတည်တိုက်ခတ်လျက်ရှိသည်။

တိုင်ဖွန်းကမ်မူရီသည် လေတိုက်နှုန်း တစ်နာရီ ၁၇၀ ကီလိုမီတာမှ အမြင့်ဆုံး ၂၂၅ ကီလိုမီတာအထိရောက်ရှိနိုင်ပြီး လက်ရှိအချိန်တွင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဦးတည်တိုက်ခတ်လျက်ရှိကာ လာမည့်အင်္ဂါနေ့တွင် နိုင်ငံအတွင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းရသည်။

SEA Game ပြိုင်ပွဲ၏အားကစားနည်း ၅၆ မျိုးအတွက် ပြိုင်ပွဲများကို ဖိလစ်ပိုင်နိုင်ငံတဝမ်းလုံးတွင် ဒီဇင်ဘာ ၁၁ ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ရာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ဖူးသည့် ဒေသများလည်းပါဝင်လျက်ရှိသဖြင့် စိုးရိမ်ပူပန် မှုများလည်းရှိနေသည်။

ထို့ကြောင့် ဖိလစ်ပိုင်အာဏာပိုင်များက SEA Game ပြိုင်ပွဲကာလတွင်လုံခြုံရေးကိုတင်းတင်းကျပ်ကျပ် ဆောင်ရွက်လျက်ရှိကာ ရဲတပ်ဖွဲ့ဝင်အင်အားလည်း တိုးချဲ့ချထားသည်ကိုတွေ့ရသည်။