လိင်ပိုင်းဆိုင်ရာစော်ကားခံရမှု တိုင်ကြားသော ကျောင်းသူကို မီးရှို့သတ်မှုတွင်ပါဝင်သူ ၁၆ ဦးအား သေဒဏ်ချမှတ်

နူဆရတ်သည် လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုကို ရဲထံမတိုင်ကြားဘဲနှုတ်ပိတ်နေရန် သူမ၏အတန်းဖော်များနှင့် ဒေသတွင်းသြဇာရှိသူများ၏ ခြိမ်းခြောက်မှုကို ငြင်းဆန်ခဲ့သဖြင့် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး နောက်တွင် တာဝန်ရှိသူများက သူမအသတ်ခံရမှုကို စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

By Foreign Desk 25 Oct 2019

ဘင်္ဂလားဒေ့ရှ်တွင် အမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာစော်ကားမှုများမှ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလျက်ရှိသည်။ Photo Credit - BBC

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျောင်းအုပ်ဆရာ၏လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ရဲထံတိုင်ကြားခဲ့သည့်ကျောင်းသူအား မီးရှို့သတ်ဖြတ်မှု တွင်ပါဝင်သူ ၁၆ ဦးအားသေဒဏ်ချမှတ်လိုက်ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နူဆရတ်ဂျာဟန်ရာဖီ ဟုအမည်ရသော အသက် ၁၉ နှစ်အရွယ်ကျောင်းသူသည် ဒါကာမြို့မှ မိုင် ၁၀၀ ခန့်ကွာဝေးသော မြို့ငယ်လေးတစ်မြို့တွင် ပြီးခဲ့သောဧပြီလကအသတ်ခံခဲ့ရခြင်းဖြစ်သည်။

ယခုသေဒဏ်ချမှတ်ခံရသူများထဲတွင် နူဆရတ်က သူမအားလိင်ပိုင်းဆိုင်ရာထိပါးစော်ကားခဲ့သည်ဟု တိုင်ကြားခဲ့သော ကျောင်းအုပ်ဆရာနှင့် သူမ၏အတန်းဖော်ကျောင်းသူ ၂ ဦးလည်းပါဝင်သည်။

နူဆရတ် အရှင်လတ်လတ်မီးရှို့အသတ်ခံရပြီး ၆ လအကြာမှာပင် ယင်းအမှု၌ပါဝင်ပတ်သူများကို သေဒဏ်ချမှတ် လိုက်ခြင်းဖြစ်ရာ ယခုကဲ့သို့ပြစ်ဒဏ်ချစီရင်မှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အမြန်ဆုံးစစ်ဆေးပြစ်ဒဏ်စီရင်မှုတစ်ခုဖြစ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်တွင် များသောအားဖြင့်ထိုကဲ့သို့သောအမှုများကို စစ်ဆေးစီရင်မှုများသည် နှစ်နှင့်ချီ၍ကြာမြင့်လေ့ရှိသည်။

နူဆရတ်သည် လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုကို ရဲထံမတိုင်ကြားဘဲနှုတ်ပိတ်နေရန် သူမ၏အတန်းဖော်များနှင့် ဒေသတွင်းသြဇာရှိသူများ၏ ခြိမ်းခြောက်မှုကို ငြင်းဆန်ခဲ့သဖြင့် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး နောက်တွင် တာဝန်ရှိသူများက သူမအသတ်ခံရမှုကို စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

နူဆရတ်သည် ကျောင်းအုပ်ဆရာက သူမအားလိင်ပိုင်းဆိုင်ရာထိပါးကြောင်း ရဲထံတိုင်ကြားပြီးနောက် ၁၁ ရက်အကြာတွင် ကျောင်းခေါင်မိုးထပ်သို့ခေါ်ဆောင်သွားခံခဲ့ရပြီး ခေါင်းမြီးခြုံ(ဘူရ်ခါ) ထားသူ ၄၊ ၅ ဦးခန့်က သူမ၏တိုင်ကြားမှုကို ရုတ်သိမ်းရန် ဝိုင်းဝန်းဖိအားပေးခဲ့ကြသည်။

၎င်းတို့၏ဖိအားပေးခြိမ်းခြောက်မှုကို ငြင်းဆန်သောအခါတွင် ၎င်းတို့ကသူမအား မီးရှို့ခဲ့ကြခြင်းဖြစ်သည်။

ကျူးလွန်သူများသည် နူဆရတ်က သူမကိုယ်သူမ သေကြောင်းကြံသည့်ပုံစံဖြစ်စေရန်ကြံစည်ခဲ့ကြသော်လည်း သူမက ထွက်ပြေးနိုင်ခဲ့ပြီး အကူအညီအော်ဟစ်တောင်းခံခဲ့ကြောင်းရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။

သို့ရာတွင် သူမသည်ဒဏ်ရာများ ပြင်းပြင်းထန်ထန်ရရှိထားပြီး " ဆရာက ကျွန်မကိုကိုင်တယ်။ ဒီရာဇဝတ်မှုကို ကျွန်မနောက်ဆုံးထွက်သက်ထိ တိုက်ပွဲဝင်သွားမယ် " ဟုဆိုကာ သူမကို တိုက်ခိုက်ခဲ့သူအချို့၏ အမည်ကို ထုတ်ဖော်ပြောကြားခဲ့ရာ ထိုကဲ့သို့ပြောကြားမှုများကို သူမ၏အစ်ကိုက သူ၏ လက်ကိုင်ဖုန်းဖြင့်ရိုက်ကူးမှတ်တမ်း တင်ထားနိုင်ခဲ့သည်။

နူဆရတ်၏ ခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်းမှာ မီးလောင်ကျွမ်းခံခဲ့ရပြီး တိုက်ခိုက်ခံရပြီးနောက် ၄ ရက်အကြာ ဧပြီ၊ ၁၀ ရက်နေ့တွင် သေဆုံးခဲ့ရသည်။

နူဆရတ်အားသတ်ဖြတ်ရန် ကျောင်းအုပ်ဆရာ ဆီရာဂျုဒိုလာ က ညွှန်ကြားခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ၎င်းသည် နူဆရတ်၏တိုင်ကြားမှုကြောင့်လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရစဉ် အချုပ်ထဲမှနေပြီး သတ်ဖြတ်ရန်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

သေဒဏ်ချမှတ်ခံရသူ ၁၆ ဦးတွင် ကျောင်းအုပ်ဆရာ၊ နူဆရတ်၏မိန်းကလေးအတန်းဖော် ၂ ဦးအပြင် ကျောင်းဆရာ ၃ ဦး၊ ဘင်္ဂလားဒေ့ရှ်လက်ရှိအာဏာရပါတီ၏ ဒေသတွင်းခေါင်းဆောင်အချို့လည်း ပါဝင်လျက်ရှိသည်။

ထို့ပြင် ရဲအရာရှိအချို့မှာလည်း နူဆရတ်အသတ်ခံရမှုတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်ကိုစစ်ဆေးတွေ့ရှိရပြီး ၎င်းတို့သည် လူသတ်မှုတွင်ကိုယ်တိုင်ပါဝင်ခဲ့ခြင်းမရှိသော်လည်း နူဆရတ်သေဆုံးမှုမှာ မိမိကိုယ်ကိုသေကြောင်းကြံခြင်းသာဖြစ်သည် ဟု သတင်းမှားလွှင့်ရာတွင်ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်တွင် အမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာစော်ကားမှုများမှ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလျက်ရှိပြီး နူဆရတ်ကဲ့သို့ ထုတ်ဖော်တိုင်တန်းဝံ့သူအမျိုးသမီးများမှာနည်းပါးပြီး တိုင်တန်းပါက နောက်ပိုင်းတွင် ဆက်လက်၍ အကြမ်းဖက်၊စော်ကားခံရမည်ကို ကြောက်လန့်သဖြင့်ခေါင်းငုံ့ငြိမ်ခံနေရသော အမျိုးသမီး အရေအတွက်မှာပို၍ပင် များပြားလျက်ရှိသည်။