ထိုင်းမှာ မွေးနှုန်းနည်းပြီး လူဦးရေကျဆင်းလာမှုပြဿနာကို ဖြေရှင်းရန် အစိုးရကြိုးပမ်း

ထိုင်းနိုင်ငံတွင်း ကလေးမွေးဖွားနှုန်း အလွန်အမင်းကျဆင်းလာသဖြင့် မိသားစုများအနေဖြင့် ကလေးပိုယူကြအောင် တာဝန်ရှိသူများက အသည်းအသန်ကြိုးပမ်းလျက်ရှိပြီး ကလေးပြုစုစောင့်ရှောက်ရေးနှင့် မျိုးဆက်ပြန့်ပွားရေး စင်တာများပါ ဆောက်လုပ်ပေးနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

10 Mar 2022

ဓာတ်ပုံ - Reuters

DMG ၊ မတ်လ ၁၀ ရက်

ထိုင်းနိုင်ငံတွင်း ကလေးမွေးဖွားနှုန်း အလွန်အမင်းကျဆင်းလာသဖြင့် မိသားစုများအနေဖြင့် ကလေးပိုယူကြအောင် တာဝန်ရှိသူများက အသည်းအသန်ကြိုးပမ်းလျက်ရှိပြီး ကလေးပြုစုစောင့်ရှောက်ရေးနှင့် မျိုးဆက်ပြန့်ပွားရေး စင်တာများပါ ဆောက်လုပ်ပေးနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်း၌ ဆိုရှယ်မီဒီယာပေါ်၌ သြဇာလွှမ်းမိုးမှုရှိသည့် ထင်ရှားသူများက မိသားစုဘဝ၏ သာယာချမ်းမြေ့ရမှုကို အသားပေးဖော်ပြရန်ပါ အစိုးရက လှုံ့ဆော်လျက်ရှိသည်ဟု သတင်းက ဖော်ပြသည်။

ထိုင်းတွင် ၂၀၁၃ ခုနှစ်နောက်ပိုင်းမှစတင်၍ ကလေးမွေးနှုန်းသည် တစ်စစ ကျဆင်းလာပြီး ယခုအခါ သုံးဆနီးပါးအထိ ကျဆင်းသွားပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကလေးမွေးဖွားမှုသည် ၅၄၄၀၀၀ သာရှိခဲ့သည်။ ဤပမာဏသည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ခန့်အတွင်း အနိမ့်ဆုံး မွေးဖွားသည့်ပမာဏလည်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ လူမှုဘဝပုံစံသည် အခြားသော အာရှစီးပွားရေးနိုင်ငံများဖြစ်သည့် ဂျပန်၊ စင်္ကာပူတို့နှင့် ဆင်ပြီး လုပ်ခသက်သာသည့် ဈေးကွက် ကြီးထွားလာမှုနှင့်အတူ လူလတ်တန်းစားပမာဏလည်း ကြီးထွားလာနေသည်။

“ကလေးယူတာနဲ့ ပတ်သက်တဲ့ သဘောထားအမြင်တွေ ပြောင်းသွားပြီး လူဦးရေဆိုင်ရာ အကျပ်အတည်းတစ်ရပ် ရှိနေပြီဆိုတာကို အချက်အလက်တွေက ထင်ဟပ်နေပါတယ်” သန်းမားဆက်တက္ကသိုလ်မှ လူမှုဘဝဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ တီရာဆင်ဒါချာရက်က ပြောသည်။

“ကလေးယူဖို့ အသင့်ရှိနေတဲ့ မိသားစုတွေ မြန်မြန် ကလေးယူကြအောင် လမ်းကြောင်းချပေးပြီး မွေးဖွားနှုန်း ကျဆင်းလာမှုကို ထိန်းချုပ်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု သူကပြောသည်။

“ကလေးတစ်ယောက် ပြုစုပျိုးထောင်ဖို့ဆိုတာ ကုန်ကျစရိတ် အရမ်းများတယ်၊ မူကြိုအတွက်ကို တစ်သုတ်မှာ ဘတ် ၅ သောင်းကနေ ၆ သောင်းလောက်အထိ ကုန်တော့ ဒါနဲ့ပဲ စရိတ်က သန်းနဲ့ချီသွားပြီလေ” ဟု အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ သူမသည်လည်း သားသမီး မယူရန် ဆုံးဖြတ်ထားသူ တစ်ဦးဖြစ်သည်။

ကလေးယူမည့် ဆုံးဖြတ်ချက်များသည် ကြွေးမြီများမြင့်တက်မှုနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်မှုအပေါ် စိုးရိမ်ရမှုများစသည့် လူမှုဘဝ အခြေအနေများကြောင့် ပြောင်းလဲကုန်သဖြင့် အဆိုပါအမြင်များကို ပြောင်းပြန်လှန်ရန်မှာ အလွန်ပင် ခက်ခဲကြောင်း ပညာရှင်များက ထောက်ပြထားသည်။