- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အမျိုးသမီးသရုပ်ဆောင်များ၏ တီဗီအစီအစဉ်များ မထုတ်လွှင့်ရန် တာလီဘန်များ ကြေညာ
အာဖဂန်နစ္စတန်နိုင်ငံတွင် ပြည်တွင်းရုပ်သံလိုင်းများ၌ အမျိုးသမီးသရုပ်ဆောင်များ ပါဝင်သည့် ဇာတ်လမ်းတွဲများနှင့် ရုပ်သံအစီအစဉ်များအား ထုတ်လွှင့်ခြင်းမပြုရန် တာလီဘန်အာဏာပိုင်များက နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
23 Nov 2021

DMG ၊ နိုဝင်ဘာ ၂၃
အာဖဂန်နစ္စတန်နိုင်ငံတွင် ပြည်တွင်းရုပ်သံလိုင်းများ၌ အမျိုးသမီးသရုပ်ဆောင်များ ပါဝင်သည့် ဇာတ်လမ်းတွဲများနှင့် ရုပ်သံအစီအစဉ်များအား ထုတ်လွှင့်ခြင်းမပြုရန် တာလီဘန်အာဏာပိုင်များက နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အာဖဂန် ကိုယ်ကျင့်သီလမြှင့်တင်ရေးနှင့် ဒုစရိုက်တရား ကာကွယ်တားဆီးရေး ဝန်ကြီးဌာန၏ ဘာသာရေးလမ်းညွှန်ချက်အသစ် တစ်ရပ်အဖြစ် ယခုကဲ့သို့ ပထမဆုံး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အမျိုးသမီး တီဗီသတင်းထောက်များ အနေဖြင့်လည်း သတင်းများတင်ဆက်ချိန်၌ ဟီဂျက်ပုဝါခြုံထားရန် တာလီဘန်တို့က တောင်းဆိုလိုက်သည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရုပ်သံလိုင်းများသည် တမန်တော်မိုဟာမက် သို့မဟုတ် အခြားသော အလေးထားရသည့် ပုဂ္ဂိုလ်များ၏ ပုံရိပ်များပါဝင်သည့် ရုပ်သံအစီအစဉ်များ ထုတ်လွှင့်မှုကို ရပ်ဆိုင်းရမည်ဖြစ်သည်။
“ဒါတွေက စည်းကမ်းမဟုတ်ပါဘူး။ ဘာသာရေးလမ်းညွှန်ချက်တွေသာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာန ပြောခွင့်ရ ဟာကစ်မိုဟာဂျာက အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။
တာလီဘန်တို့သည် ယခုတစ်ကြိမ် အာဏာရချိန်၌ ပိုမိုပျော့ပျောင်းစွာ အုပ်ချုပ်ရန် ပြောကြားနေသော်လည်း လက်တွေ့တွင် တက္ကသိုလ်များ၌ အမျိုးသမီးများ ဝတ်စားရမည့် စည်းကမ်းများ ထုတ်ပြန်ထားပြီ ဖြစ်သလို သတင်းထောက်များကိုလည်း ရိုက်နှက်ခြင်း၊ အရှက်ခွဲခြင်းများ ရှိနေကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
၁၉၉၆ မှ ၂၀၀၁ အထိ တာလီဘန်တို့ အုပ်ချုပ်ခဲ့စဉ်က အာဖဂန်နစ္စတန်တွင် တီဗီ၊ ရုပ်ရှင်နှင့် ဖျော်ဖြေရေးများ ကြည့်ရှုခွင့်မရှိပေ။ ခိုးကြည့်သည်ကို ဖမ်းမိပါက တီဗီများဖျက်ဆီးခံရသည့်အပြင် ပိုင်ရှင်သည်လည်း ကြိမ်ဒဏ်ပေးခံရလေ့ရှိသည်။
အာဖဂန်ရှိ ဒါဇင်နှင့်ချီသည့် ရုပ်သံနှင့် ရေဒီယိုလိုင်းများသည် ၂၀၀၁ ခုနှစ်တွင် တာလီဘန်တို့ ဖြုတ်ချခံခဲ့ရပြီးနောက် အနောက်နိုင်ငံများမှ အကူအညီများ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများဖြင့် ထူထောင်ထားကြခြင်း ဖြစ်သည်။