ထရမ့်ကို ပစ်ခတ်ခဲ့သူ တစ်ကိုယ်တော် ကြံစည်ခဲ့ဟန်ရှိ၊ ရည်ရွယ်ချက် ရှင်းရှင်းလင်းလင်း မရှိ

ပြီးခဲ့သော စနေနေ့က အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် သမ္မတဟောင်းဒေါ်နယ်ထရမ့် လာမည့်ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရန် မဲဆွယ်စည်းရုံးပွဲတစ်ခု ပြုလုပ်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

By Admin 15 Jul 2024

ဓာတ်ပုံ - AP
ဓာတ်ပုံ - AP

သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို လုပ်ကြံရန်ကြိုးစားခဲ့သည့် အသက် ၂၀ အရွယ် သေနတ်သမားသည် တစ်ကိုယ်တည်း ကြံစည်ခဲ့ပုံပေါ်သည်ဟု အက်ဖ်ဘီအိုင်အရာရှိများက ဇူလိုင်လ ၁၄ ရက်နေ့က ပြောကြားလိုက်သည်။ 

သို့သော်လည်း ၎င်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံရေး ယုံကြည်ချက်များနှင့် ပတ်သက်၍မူ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ၎င်းကိုင်ဆောင်ခဲ့သည့် လက်ကိုင်ဖုန်းမှ အချက်အလက်များကို စစ်ဆေးရဦးမည်ဟု နယူးယောက်တိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သေနတ်သမား၏ ကားပေါ်တွင်  “ပေါက်ကွဲစေနိုင်သည့် အခြေခံပစ္စည်းများ” တွေ့ရသလို ၎င်း၏ နေအိမ်တွင်လည်း ပေါက်ကွဲနိုင်သည့် ပစ္စည်းများဟု ယူဆရသည့်အရာများ တွေ့ရသည်ဟု အက်ဖ်ဘီအိုင်ဝန်ထမ်းများက ပြောကြားသည်ဟု အဆိုပါစုံစမ်းစစ်ဆေးရေးနှင့် နီးစပ်သူတစ်ဦးက နယူးယောက်တိုင်းမ်သို့ ပြောကြားသည်။

သေနတ်သမား အသုံးပြုခဲ့သည့် AR-15 အမျိုးအစား ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်သည် ၎င်း၏ဖခင် တရားဝင်ဝယ်ယူထားသည့် သေနတ်ဖြစ်ကြောင်း အက်ဖ်ဘီအိုင်က အတည်ပြုသည်။ သေနတ်ကို ဖခင်က ပေးခဲ့သလား၊ ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခဲ့ခြင်းလား ဆိုသည်ကိုမူ တိတိပပ မသိရပေ။ 

သေနတ်သမား၏ မိသားစုဝင်များသည် စစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပစ်စဘက် (Pittsburg) မြို့ အက်ဖ်ဘီအိုင်ရုံးတာဝန်ခံ ကယ်ဗင်ရိုဂျက်က ပြောကြားသည်။

“လတ်တလောမှာတော့ ကျွန်တော်တို့ ရထားတဲ့ အချက်အလက်တွေအရ သေနတ်သမားဟာ တစ်ကိုယ်တော် ကြံစည်ခဲ့တာဖြစ်ပြီး လက်ရှိအနေအထားအရ နောက်ဆက်တွဲ စိတ်ပူစရာအခြေအနေ မရှိပါဘူး” ဟု တနင်္ဂနွေနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရိုဂျက်က ပြောကြားသည်။

ပြီးခဲ့သော စနေနေ့က အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် သမ္မတဟောင်းဒေါ်နယ်ထရမ့် လာမည့်ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရန် မဲဆွယ်စည်းရုံးပွဲ တစ်ခု ပြုလုပ်နေစဉ် ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ပစ်ခတ်မှုအတွင်း သမ္မတလောင်းထရမ့်၏ နားရွက်တစ်ဘက်တွင် ဒဏ်ရာအနည်းငယ်ရခဲ့သလို သေနတ်သမား အပါအဝင် လူနှစ်ဦး သေဆုံးခဲ့သည်။

ဓာတ်ပုံ - Reuters

သေနတ်သမား၏ အမည်မှာ သောမက်စ် မက်သယူး ခရွတ်ဖြစ်ပြီး ကျန်းမာရေးချို့ယွင်းမှု သို့မဟုတ် ရာဇဝတ်မှု နောက်ခံ တစုံတရာ မရှိသူဖြစ်ကြောင်း အက်ဖ်ဘီအိုင်က ထုတ်ပြန်ထားသည်။ ယခုကဲ့သို့ ပစ်ခတ်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍လည်း အသိပေးရှင်းလင်းချက် တစုံတရာ ချန်ထားခဲ့ပုံ မပေါ်ပေ။ ခရွတ်သည် ရီပါပလစ်ကန် ပါတီဝင်အဖြစ် မှတ်ပုံတင်ထားသလို ဒီမိုကရက်ပါတီနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းတစ်ခုသို့လည်း ၁၅ ဒေါ်လာ လှူဒါန်းဖူးသူ ဖြစ်သည်။

ခရွတ်သည် ကောလိပ်မှ အင်ဂျင်နီယာဘွဲ့ ရထားသူဖြစ်ကာ စစ်တုရင်ကစားခြင်းနှင့် ဂိမ်းကစာခြင်းများကို ခုံမင်ပြီး ကွန်ပျူတာကုဒ်ရေးသားတတ်အောင် သင်ယူနေသူဟု သတင်းတွင် ဖော်ပြသည်။ ၎င်းသည် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သူဖြစ်ကြောင်းလည်း ၎င်း၏ အတန်းဖော်များက ပြောကြားသည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။

ဗီဒီယိုများ