ရုရှားအတွက် စပိုင်လုပ်မှုဖြင့် ယူကေသံရုံး ဝန်ထမ်းတစ်ဦး ဂျာမနီတွင် ဖမ်းဆီးခံရ

ဂျာမနီနိုင်ငံဆိုင်ရာ ယူကေသံရုံးဝန်ထမ်း တစ်ဦးအား  ဂျာမနီအစိုးရက ရုရှားအတွက် စပိုင်လုပ်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

13 Aug 2021

ဓာတ်ပုံ - AFP

DMG ၊ ဩဂုတ် ၁၃

ဂျာမနီနိုင်ငံဆိုင်ရာ ယူကေသံရုံးဝန်ထမ်း တစ်ဦးအား  ဂျာမနီအစိုးရက ရုရှားအတွက် စပိုင်လုပ်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယူကေသံရုံးတွင် ဒေသခံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် အဆိုပါ ဗြိတိသျှလူမျိုးအား ဂျာမနီနိုင်ငံအရှေ့ပိုင်း ပို့စ်ဒမ်းမြို့တွင် အင်္ဂါနေ့က ဖမ်းဆီးလိုက်ကြောင်း ဗဟိုအစိုးရရှေ့နေများရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဝန်ထမ်းသည် သူတာဝန်ယူထားရသည့် လုပ်ငန်းများနှင့် ဆက်စပ်သည့် စာရွက်စာတမ်းများအား ရုရှားထောက်လှမ်းရေး ကိုယ်စားလှယ်တစ်ဦးထံသို့ အနည်းဆုံး တစ်ကြိမ် ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါလုပ်ရပ်အတွက် ပမာဏ အတည်မပြုနိုင်သည့် ငွေသားများ လက်ခံရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါဝန်ထမ်းကို ဖမ်းဆီးရေးအတွက် ဂျာမနီနှင့် ဗြိတိသျှအာဏာပိုင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ဗြိတိသျှနိုင်ငံခြားရေး ရုံးကမူ အစိုးရဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရကြောင်း အတည်ပြုသော်လည်း ထင်မြင်ချက်တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိပေ။