- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဖိလစ်ပိုင်တွင် ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အပစ်ရပ်ကြောင်း အစိုးရကြေညာ၊ သူပုန်များဘက်က ငြင်းပယ်
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ငန်းများအား အလေးထားဆောင်ရွက်နိုင်ရန်အတွက် ကွန်မြူနစ်ပြောက်ကျားများနှင့် မိမိတို့ဘက်က အပစ်အခတ်ရပ်စဲကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာဒေးက ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။
20 Mar 2020
အပစ်အခတ်ရပ်စဲရေးသည် မတ်လ ၁၉ ရက် နေ့မှ ဧပြီလ ၁၅ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်သည်။ (ဓာတ်ပုံ - AP)
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ငန်းများအား အလေးထားဆောင်ရွက်နိုင်ရန်အတွက် ကွန်မြူနစ်ပြောက်ကျားများနှင့် မိမိတို့ဘက်က အပစ်အခတ်ရပ်စဲကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာဒေးက ဗုဒ္ဓဟူးနေ့(မတ်လ ၁၈ ရက်)တွင် ကြေညာလိုက်သည်။
အပစ်အခတ်ရပ်စဲထားသော ကာလအတွင်း ပြည်သူ့တပ်မတော်သစ် ပြောက်ကျားများအား ရန်စသောအပြုအမူမျိုး မပြုလုပ်ကြရန်လည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့အား သမ္မတဒူတာဒေးက အမိန့်ပေးထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေး ကြေညာချက်သည် မတ်လ ၁၉ ရက် ကြာသပတေးနေ့တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ဧပြီလ ၁၅ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်သည်။
သို့သော်လည်း ပြောက်ကျားများဘက်ကမူ အစိုးရ၏ တစ်ဘက်သတ်အပစ်အခတ်ရပ်စဲရေး ကြေညာချက်အား လက်မခံဘဲ ပယ်ချလိုက်ကြောင်း ကင်ဘာရာတိုင်းမ်သတင်းဌာန၏ သတင်းတစ်ပုဒ်အရ သိရသည်။
လူဇွန်ကျွန်းဆွယ်တစ်ခုလုံးကို ပိတ်ဆို့ခြင်းသည် ကိုရိုနာကူးစက်မှုကို တိုက်ဖျက်လို၍မဟုတ်ဘဲ ထိုနေရာရှိပြည်သူများအား လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ရန်အတွက်သာ ဖြစ်ကြောင်း ပြည်သူ့တပ်မတော်သစ် တည်ထောင်သူ ဟိုဆေးမာရီယာဆီဆွန်က ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ထည့်သွင်းဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံတွင် မတ်လ ၁၉ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂၀၂ ဦးရှိပြီး သေဆုံးသူ ၁၇ ဦးရှိကြောင်း အစိုးရက အတည်ပြုထားသည်။
သို့သော်လည်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သောပစ္စည်း ကိရိယာများ မပြည့်စုံမှုကြောင့် စစ်ဆေးအတည်မပြုနိုင်သေးသည့် ကူးစက်ခံလူနာ ရာပေါင်းများစွာ ရှိနေနိုင်ကြောင်း စိုးရိမ်မှုများလည်း ပြည်သူများအကြား မြင့်တက်လျှက်ရှိသည်။
ကမ္ဘာတစ်ဝန်းတွင် ကြာသပတေးနေ့ ညပိုင်းအထိ ဗိုင်းရပ်စ်ပျံ့နှံ့မှု တွေ့ရှိထားသော နိုင်ငံစုစုပေါင်း ၁၆၆ နိုင်ငံရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ ကူးစက်ခံရမှု စုစုပေါင်း နှစ်သိန်းကျော်၊ သေဆုံးသူ ၈၆၄၈ ဦး ရှိသွားပြီဖြစ်သည်။