- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
ဝေဟင်ပိုင်နက် ကျူးကျော်လာသည့် အမေရိကန်ထောက်လှမ်းရေးယာဉ်များ ပစ်ချခံရနိုင်သည်ဟု မြောက်ကိုရီးယားပြော
အမေရိကန်သည် မိမိတို့၏ ဝေဟင်ပိုင်နက်တွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ထောက်လှမ်းပျံသန်းခြင်းများ ရှိနေကြောင်း မြောက်ကိုရီးယားက ဇူလိုင်လ ၁၀ ရက်နေ့တွင် စွပ်စွဲပြောကြားလိုက်သည်။
10 Jul 2023
အမေရိကန်သည် မိမိတို့၏ ဝေဟင်ပိုင်နက်တွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ထောက်လှမ်းပျံသန်းခြင်းများ ရှိနေကြောင်း မြောက်ကိုရီးယားက ဇူလိုင်လ ၁၀ ရက်နေ့တွင် စွပ်စွဲပြောကြားလိုက်သည်။ ပြုံယမ်းအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေပြီး ထိုကဲ့သို့ ပျံသန်းထောက်လှမ်းခြင်းများသည် ပစ်ချခံရနိုင်ဖွယ် ရှိသည်ဟုလည်း မြောက်ကိုရီးယားက ပြောကြားသည်။
အမေရိကန်၏ ရန်စသည့် စစ်ရေးလုပ်ရပ်များသည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားပဋိပက္ခတစ်ရပ် ဖြစ်ပွားရန် လှုံ့ဆော်နေသည်ဟု မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ တစ်ဦးက ပြောကြားကြောင်း KCNA သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်သည် ကင်းထောက်ယာဉ်များနှင့် ဒရုန်းများ အသုံးပြုနေကြောင်း သတင်းတွင် ဖော်ပြသလို ဝါရှင်တန်သည် ကိုရီးယားကျွန်းဆွယ်အနီးသို့ နျူကလီးယားရေငုပ်သင်္ဘောတစ်စင်း စေလွှတ်ပြီး တင်းမာမှုများ ပိုမြင့်တက်အောင် ဆောင်ရွက်နေသည်ဟုလည်း ပြောကြားသည်။
ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်းရေပြင်၌ “အမေရိကန်လေတပ်ရဲ့ ဗျူဟာမြောက် ထောက်လှမ်းရေးလေယာဉ် ပစ်ချခံရတယ် ဆိုတဲ့ ထိတ်လန့်စရာ အဖြစ်အပျက်မျိုး ဖြစ်မလာဘူးလို့ အာမမခံနိုင်ပါဘူး” ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်ဟု သတင်းတွင် ဖော်ပြသည်။
အတိတ်ကာလက တောင်နှင့်မြောက်ကိုရီးယား နယ်စပ်နှင့် ကမ်းလွန်ဧရိယာတို့၌ အမေရိကန်၏ ပျံသန်းရေးယာဉ်များ ပစ်ချခံရခြင်း သို့မဟုတ် ကြားဖြတ်တားဆီးခံရခြင်းများ ရှိခဲ့သည့် ဖြစ်ရပ်များကိုလည်း သတင်းတွင် ထည့်သွင်းပြောကြားထားသည်။
ယခုပြောကြားချက်နှင့် ပတ်သက်၍ ရိုက်တာသတင်းဌာနက တောင်ကိုရီးယား အခြေစိုက် အမေရိကန် စစ်ဌာနချုပ်သို့ ဆက်သွယ်ပြီး မှတ်ချက်တောင်းခံခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်တွင် အမေရိကန် ထောက်လှမ်းရေးယာဉ်များ ပျံသန်းမှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားသည် မကြာခဏဆိုသလို ကန့်ကွက်ပြောကြားလေ့ရှိသည်။
အမေရိကန်နှင့် တောင်ကိုရီးယား တပ်ဖွဲ့ဝင်များသည် ယခုနှစ်အတွင်း ဝေဟင်နှင့် ရေပြင်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါလေ့ကျင့်မှုများ၌ အမေရိကန် လေယာဉ်တင်သင်္ဘော တစ်စင်းနှင့် အကြီးစားဗုံးကြဲလေယာဉ်များလည်း ပါဝင်သည်။
ပြီးခဲ့သည့် ဧပြီလတွင်လည်း တောင်ကိုရီးယားနှင့် အမေရိကန်ခေါင်းဆောင်တို့အကြား သဘောတူညီမှု တစ်ရပ်ရှိခဲ့ပြီး ဤသဘောတူညီချက်အရ ၁၉၈၀ ကျော်ကာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်သည့် အမေရိကန် ရေငုပ်သင်္ဘောတစ်စင်း တောင်ကိုရီးယားသို့ လာရောက်လည်ပတ်မည် ဖြစ်သည်။ ရောက်ရှိမည့်အချိန်နှင့် ပတ်သက်၍မူ တိတိပပမသိရပေ။
ပုံစာ - တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် အမေရိကန်လေယာဉ်တင်သင်္ဘော ရောနယ်ရီဂင်အား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Yonhap