- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
မြန်မာကိုကမ္ဘာက အဘယ်ကြောင့် မေ့လျော့ခဲ့သနည်း
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အစိုးရလက်ထက် မြန်မာနိုင်ငံတွင် နိုင်ငံသားများအပေါ် အကြမ်းဖက်မှု များကြောင့် နိုင်ငံတကာတွင် သူမ၏ရေပန်းစားမှုများ ကျဆင်းခဲ့လင့်ကစား မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း ကြားမှာတော့ သူမက ရေပန်းစားနေဆဲဖြစ်သည်။ အကျိုးဆက်အနေဖြင့်လည်း သူမ နှင့် သူမပါတီ NLD က ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ အတိုက်အခံပါတီကို စစ်တပ်က ကျောထောက်နောက်ခံ ပေးထားသဖြင့် ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဟုဆိုက မဲပြန်ထည့်ဖို့ တောင်းဆိုခဲ့သည်။
21 Jul 2022
DMG ၊ ဇူလိုင် ၂၁
(ဘာသာပြန်ဆောင်းပါး)
မြန်မာပြည်သူများ နှစ်ခြိုက်သဘောကျသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာစစ်တပ်က ဖြုတ်ချပြီးအာဏာသိမ်းယူလိုက်သောအခါ တစ်ကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သော အတိုက်အခံများကို မြန်မာစစ်တပ်က ပြင်းထန်သောတုံ့ပြန်မှုများဖြင့် လက်တုန့်ပြန်ခဲ့ပြီး နိုင်ငံကလည်းပြည်တွင်းစစ်အတွင်းသို့ ကျရောက်သွားခဲ့သည်။ ထိုအခြေအနေများကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စိုးရိမ်ပူပန်စွာဖြင့် စောင့်ကြည့်နေခဲ့ကြသည်။
စစ်အာဏာရှင်များ၏ လုပ်ရပ်တွေကို နိုင်ငံအများစုက ရှုတ်ချခဲ့ပြီး စစ်ဘက်ထိပ်တန်းအရာရှိများအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ကာ မိမိတို့လိုချင်သော ပုံစံအတိုင်း ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း အခြေအနေများက ပို၍ဆိုးရွားလာခဲ့ပြီး နှစ်နှစ်နီးပါအကြာမှာတော့ အဆုံးသတ်မည့်လက္ခဏာ မရှိသော ပြည်တွင်းစစ်ကြီး ဆက်လက်ဖြစ်ပွားနေပါ သည်။
မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ဒီမိုကရေစီပြိုကွဲမှုများ ဆက်ပြီးဖြစ်ပွားနေသော်လည်း မြန်မာနိုင်ငံပဋိပက္ခသည် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အနောက်နိုင်ငံများ၏ အာရုံစူးစိုက်မှုများမှ ကင်းဝေးနေခဲ့သည်။ ဤဖြစ်ရပ်က ဖွံ့ဖြိုးမှုနည်းပါးသောနိုင်ငံများတွင် တရားမျှတမှုပြန်ပြီးရရှိရန် အတွက် အင်အားကြီးနိုင်ငံများက ဝင်ရောက်စွက်ဖက်ရန် ငြင်းဆန်နေသောကြောင့် ဖြစ်လာရသော နောက်ထပ် ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ဖော်ပြနေသည်။ သို့သော်လည်း တကယ့်အဖြစ်မှန်က များစွာရှုပ်ထွေးလျက် ရှိသည်။
မြန်မာနိုင်ငံတွင် မိမိတို့၏စီးပွားရေးအလားအလာများ မရှိခြင်းနှင့် ဒီမိုကရက်ခေါင်းဆောင်များအပေါ် အမေရိကန်ပြည်ထောင်စုတွင် ယုံကြည်ချက် ပျောက်ဆုံးနေခြင်းတို့ကြောင့် အမေရိကန်နှင့် အခြားအနောက်နိုင်ငံများ၏ သိသာကြီးမားသော ဝင်ရောက်စွက်ဖက်မှုများ ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် မြန်မာနိုင်ငံတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော အမျိုးသားစစ်တပ်ယဉ်ကျေးမှုနှင့် တရုတ်၊ ရုရှားတို့၏ ကိုယ်ကျိုးစီးပွား ပါဝင်ပတ်သက် နေမှုများကြောင့် အနောက်အင်အားကြီးနိုင်ငံများ၏ ပါဝင်ပတ်သက် စွက်ဖက်မှုများက ကျိုးကြောင်းဆီလျော်မှုမရှိသော လုပ်ရပ် ဖြစ်လာနိုင်သည်။
စီးပွားရေးအထီးကျန်ဝါဒ၏ သမိုင်း
၁၉၆၂ ခုနှစ်ကစပြီး မြန်မာစစ်တပ်က နိုင်ငံတော်အာဏာကို ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် တိုတောင်းသောသမ္မတအစိုးရ ကာလတစ်ခု မြန်မာနိုင်ငံတွင် ရှိခဲ့သည်။ သို့သော်လည်း စစ်တပ်က အာဏာသိမ်းခဲ့သောကြောင့် ထိုကာလလေး ရုတ်ချည်းပင် အဆုံးသတ်ရပ်တန့်သွားခဲ့ရသည်။ နောက်ဆက်တွဲ ဆယ်စုနှစ်များအတွင်း အထီးကျန်ဆန်သော နိုင်ငံခြားရေးမူဝါဒနှင့် စီးပွားရေးထိန်းချုပ်မှုများဖြင့် မြန်မာနိုင်ငံကိုစစ်တပ်က တင်းကျပ်စွာ ချုပ်ကိုင်ထားခဲ့သည်။ အဆိုပါ အထီးကျန်ဆန်သော နိုင်ငံခြားရေးမူဝါဒကြောင့် နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှပ်နှံမှုပြုလုပ်ရန် မက်လုံးပေးနိုင်ခဲ့ခြင်းမျိုး မရှိခဲ့ပေ။ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဝါဒ” ကို စစ်အုပ်စုက ထူထောင်ခဲ့ပြီး မကြုံစဖူးသော စီးပွားရေးပျက်သုဉ်းမှုများ ဖြစ်ပေါ်လာခဲ့သည်။၊
ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်း အားလုံးနီးပါးနှင့် အဆက်ပြတ်ကာ အထီးကျန်ခဲ့ရသည်။
နိုင်ငံခြားအကူအညီများအပေါ် ကန့်သတ်မှုတိုးမြှင့်ခြင်း၊ အဓိကကျသော စက်မှုစီးပွားလုပ်ငန်းများကို ပြည်သူပိုင်သိမ်းခြင်း နှင့် နိုင်ငံရပ်ခြားကုန်သွယ်မှုများကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်မှုများကြောင့် မြန်မာနိုင်ငံသည် စီးပွားရေးအရ အထီးကျန်ခဲ့ရသည်။ အင်္ဂလိပ်ပညာရေးကို စစ်အုပ်စုက မူလတန်းကျောင်းများမှ ဖယ်ရှားပြီး အနောက်နိုင်ငံ များသို့ သွားရောက်ခွင့်နှင့် အနောက်နိုင်ငံများမှ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခြင်းများကို ပိတ်ပင်သည့်အပြင် စာနယ်ဇင်းများအပေါ် ပြင်းထန်သော ဆင်ဆာတည်းဖြတ်မှုများ ချမှတ်ခြင်းဖြင့် သဘောတရားရေးအရ မြန်မာနိုင်ငံကို ပိတ်ဆို့ထားခဲ့ကြသည်။
လောင်စာဆီဈေးနှုန်း မြှင့်မားခြင်းကြောင့် အာဏာရှင်များကို မြန်မာလူထုက ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ရွှေဝါ ရောင်တော်လှန်ရေး အပြီးမှာတော့ မြန်မာနိုင်ငံ၏ စီးပွားရေးပုံစံကို ပြောင်းလဲခဲ့သည်။ ဆန္ဒပြပွဲများနှင့် နိုင်ငံတကာ ဖိအားများကြောင့် မြန်မာစစ်တပ်က ၎င်းတို့ချုပ်ကိုင်ထားသောအာဏာကို စတင်ဖြေလျှော့ပေးခဲ့သည်။
၂၀၁၁ ခုနှစ်မှာတော့ စစ်အုပ်စုက ၎င်းတို့ချုပ်ကိုင်ထားသောအာဏာကို တရားဝင်ဖျက်သိမ်းခဲ့သည်။ ၎င်းအစား စစ်တပ်ကြီးစိုးသော လွှတ်တော်ကို ဖွဲ့စည်းခဲ့သည်။ လွှတ်တော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် စီးပွားရေးဆိုင်ရာစည်းမျဉ်းများ လျှော့ချပေးခြင်း၊ သတင်းနှင့် စာပေရေးသားမှုများအပေါ် ဆင်ဆာထိန်းချုပ်မှုများ လျှော့ချပေးခြင်းကဲ့သို့သော ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လာခဲ့သည်။ ပိုပြီးခေတ်မီသော ဖွံ့ဖြိုးတိုးတက်မှုများ အဆင့်သစ်တစ်ခုသို့ ရောက်လာချိန်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နိုင်ငံတွင်းသို့ စတင်ဝင်ရောက်လာခဲ့သည်။
၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုက ၂၀၀၈ ခုနှစ်ကထက် နှစ်ဆနီးပါး တိုးတက်လာခဲ့သည်။ နိုင်ငံ၏ဆင်းရဲမွဲတေမှုနှုန်းက ၂၀၀၅ ခုနှစ်တွင် ၄၈ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံရှိ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများက ၂၀၁၁ ခုနှစ်မှသာ စတင်မြင့်တက် လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံအများစု၏ ရင်းနှီးမြှုပ်နှံမှုများက ကြီးမားများပြားခဲ့သည်မဟုတ်ဘဲ နိုင်ငံအနည်းငယ်သာ မြန်မာနိုင်ငံနှင့် နက်ရှိုင်းသော စီးပွားရေးဆက်ဆံမှုများ ရှိခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ နည်းပါးခြင်းကြောင့် မတည်မငြိမ်ဖြစ်နေမှုများပေါ် ပြင်းထန်သောစိုးရိမ်မှုများ ဖြစ်ပေါ်မလာစေခြင်း ဖြစ်သည်။ နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ၎င်းတို့အမြတ်အစွန်းများအပေါ် အမှန်တကယ်စိုး ရိမ်ရမည့် အနေအထားတွင် ရှိမနေခြင်းက ပြင်းထန်သောစိုးရိမ်မှုများ ဖြစ်မလာစေသည့် အကြောင်းရင်းတစ်ခုဖြစ်နေ ပြန်သည်။
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး
ထိုသို့သော ဖြေလျှော့မှုများရှိနေသော ကာလအတွင်း ဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှုများ မြန်မာနိုင်ငံတွင် အားကောင်းလာခဲ့သည်။ ထိုလှုပ်ရှားမှုများကို မြန်မာနိုင်ငံတွင် ဒီမိုကရေစီလှုပ်ရှားမှုများကြောင့် ၁၉၈၀ ပြည့်လွန်နှစ်များ အတွင်း ကျော်ကြားလာခဲ့သော တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံသားများက ကျယ်ကျယ် ပြန့်ပြန့်မဲပေးခဲ့ခြင်းဖြင့် ဒီမိုကရေစီလှုပ်ရှားမှုများကို အမြင့်ဆုံး အဆုံးအဖြတ်ပေးသည့် အမှတ်သို့ ရောက်ရှိခဲ့သည်။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြပြီး တိုးတက်လာသော ဒီမိုကရေစီအတွက် မျှော်လင့်ချက်များ မြင့်မားလာခဲ့သည်။
ထို့နောက်မှာတော့ မူဆလင်များအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုများ ဆောင်ရွက်ခဲ့ပြီး ထို သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ဘက်မှ ကာကွယ်ပြောဆိုပေးခဲ့သည်။ ထိုအချိန်မှာတော့ သူမ၏ခေါင်းဆောင်မှုအပေါ် ထားရှိခဲ့သော ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအများ၏ မျှော်လင့်ချက်များ လျင်မြန်စွာပင် လွင့်ပါးပျောက်ကွယ်သွားလေတော့သည်။ ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သော အလယ်အလတ်ပမာဏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည်လည်း လျင်မြန်စွာပင် နောက်ကြောင်းပြန်လှည့်သွား ခဲ့လေတော့သည်။
မူဆလင်များအပေါ် အကြမ်းဖက်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စိုးရိမ်ထိတ်လန့်ခဲ့ကြပြီး အများအပြားကတော့ ပမာဏာ များပြားခြင်း မရှိသေးခင်မှာဘဲ ၎င်းတို့ရင်းနှီးမြှုပ်နှံမှုများကို ပြန်ပြီး ရုတ်သိမ်းသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားခြင်းနှင့်အတူ နိုင်ငံတွင်းမှ ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်းက မြန်မာနိုင်ငံနှင့် နိုင်ငံများစွာအား သံတမန်ရေးအရ ဆက်ဆံမှုများကို ဝေးကွာသွားစေခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အစိုးရလက်ထက် မြန်မာနိုင်ငံတွင် နိုင်ငံသားများအပေါ် အကြမ်းဖက်မှု များကြောင့် နိုင်ငံတကာတွင် သူမ၏ရေပန်းစားမှုများ ကျဆင်းခဲ့လင့်ကစား မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း ကြားမှာတော့ သူမက ရေပန်းစားနေဆဲဖြစ်သည်။ အကျိုးဆက်အနေဖြင့်လည်း သူမ နှင့် သူမပါတီ NLD က ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ အတိုက်အခံပါတီကို စစ်တပ်က ကျောထောက်နောက်ခံ ပေးထားသဖြင့် ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဟုဆိုက မဲပြန်ထည့်ဖို့ တောင်းဆိုခဲ့သည်။
အဆိုပါ လီဆယ်တိုင်တန်းမှုများကို ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ခဲ့သောအခါမှာတော့ စစ်တပ်ကအာဏာ သိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်နှစ် ၁၀၀ အထိချမှတ်နိုင်သော အကျင့်ပျက်ခြစားမှု စွဲဆိုချက်များဖြင့် တရားစွဲဆိုခဲ့လေသည်။ မြန်မာနိုင်ငံသားများ အနေဖြင့်ကတော့ ၎င်းတို့ရရှိထားခဲ့သော ဒီမိုကရေစီတိုးတက်မှုများကို အလွယ်တကူစွန့်လွှတ်လိုက်ပြီး စစ်တပ်လုပ်သမျှကို သည်းညည်းခံကာ ရောင့်ရဲ တင်းတိမ်နေမည်တော့ မဟုတ်ပေ။
အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် အင်အားစုများက အိုးခွက်များ ဆူညံစွာတီးခေါက်ပြီး မကောင်းဆိုးဝါးနှင် ထုတ်ခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် စစ်တပ်ထောက်ခံသော ကုမ္ပဏီများကို သပိတ်မှောက်ခြင်းကဲ့သို့သော အာဏာဖီဆန်ရေး လှုပ်ရှားမှုများဖြင့် တုန့်ပြန်ခဲ့ကြသည်။ နောက်ဆုံးမှာတော့ လူထုဆန္ဒပြပွဲများအဖြစ်သို့ ပြောင်းလဲပစ်ခဲ့လေသည်။
အာဏာသိမ်းစစ်တပ်က မီးသတ်ပိုက်များဖြင့် ရေစူးထိုးခြင်း၊ ရောဘာကျည်ဆန်များဖြင့် ပစ်ခတ်ခြင်း စသည့်နည်းလမ်းများဖြင့် ပြင်းထန်စွာ တုန့်ပြန်ခဲ့သော်လည်း အတိုက်အခံများက အလျှော့ပေးခြင်းမရှိဘဲ ပြည်တွင်းစစ်ကြီးဖြစ် သည်အထိ ဆက်ပြီးတောက်လောင်လျက်ရှိနေသည်။
အာဏာသိမ်းစစ်တပ်ကအသုံးပြုနေသော ရက်စက်ကြမ်းတမ်းသောနည်းလမ်းများတွင် ဆန္ဒပြသူများနှင့် လူနေအိမ်များကို ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာများအား ရွာလုံးကျွတ်မြေလှန်မီးရှို့ခြင်းနှင့် သောင်းနှင့်ချီသည့် သံသယရှိဖွယ် ဆန့်ကျင်ခုခံသူအင်အားစုများကို ဖမ်းဆီးခြင်း စသည်တို့ပါဝင်သည်။ အနည်းဆုံး လူပေါင်း ၂၀၀၀ ကျော်ကို အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံခြားဆက်ဆံရေးကောင်စီ (CRF) က အစီရင်ခံထုတ်ပြန်ထားသော်လည်း ၎င်းအရေအတွက်က ဆိုးဆိုးရွားရွား လျှော့တွက်ထားခြင်းမျိုး ဖြစ်နိုင်ဖွယ်ရှိသည်။
တိုက်ရိုက်အကြမ်းဖက်မှုများကြောင့် ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခခံစားရမှုများအပြင် မြန်မာနိုင်ငံသားများသည် စီးပွားရေးကျုံ့ဝင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲမှုနှင့် ဆင်းရဲမွဲတေမှုနှုန်း တဟုန်တိုးတက်လာမှုများ ကြောင့် မြန်မာနိုင်ငံမှ လူသန်းပေါင်းများစွာမှာ ဆိုးရွားပြင်းထန်သော ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။ ၂၀၂၂ ခုနှစ်အတွင်း ဆင်းရဲမွဲတေမှုနှုန်း နှစ်ဆတက်လာလိမ့်မည် ဟု တွက်ဆထားကြသည်။ CRF မှ အစီရင်ခံစာရေးသားသူ ဂျိုရှူဝါ ကာလန့်တ်ဇစ် (Joshua Kurlantzick) က “စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံဖြစ်လာခဲ့ရသည်” ဟု ရှင်းပြခဲ့သည်။
ထိခိုက်ဆုံးရှုံးရမှု တစ်စိတ်တစ်ပိုင်းက ကိုဗစ်ကြောင့်ဖြစ်သော်လည်း ပြည်တွင်းစစ်က နိုင်ငံသားများ၏ ယိုယွင်းလာသောအခြေအနေများကို ပိုပြီးဆိုးရွားလာစေ ခဲ့သည်။
ကျေနပ်ဖွယ်ရာမရှိသော နိုင်ငံတကာတုန့်ပြန်မှု
မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ တုန့်ပြန်မှုများကို ခြုံပြီးသုံးသပ်ရလျှင် ထိရောက်မှု ကင်းမဲ့နေသည်ကို တွေ့ရမည်။ ဘိုင်ဒန်အစိုးရက စစ်ဘက်ဆိုင်ရာအရာရှိများနှင့် ကုမ္ပဏီများအပေါ် ဒဏ်ခတ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြစ်တင်ရှုတ်ချခဲ့ပြီး စစ်အာဏာရှင်များကိုဖိအားပေးရန် အာဆီယံကိုသာ ဖိအားပြန်ပေးခဲ့သည်။ သို့သော် အမေရိကန်အစိုးရက မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝင်ငွေများအပေါ် ပိတ်ဆို့အရေးယူပြီး စစ်အုပ်စုကို ထောက်ပံ့နေခြင်းများကိုရပ်တန့်ရန် အခြားနိုင်ငံများကိုလည်း စည်းရုံးနိုင်သည်။ ခုခံတော်လှန်ရေးလှုပ်ရှားမှုများ ပို၍အားကောင်းလာစေရန် အတွက်လည်း အကူအညီများ တိုးမြှင့်ပေးနိုင်သည်။
အလားတူပင် ကုလသမဂ္ဂကလည်း စစ်တပ်အာဏာသိမ်းမှု နှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်များ ထုတ်ပြန်နေသော်လည်း တိုက်ရိုက် ပါဝင်စွက်ဖက်ရန်ကိုတော့ တုန့်ဆိုင်းလျက် ရှိနေသေးသည်။
မြန်မာနိုင်ငံနှင့် ခိုင်မာမြဲမြံစွာ ပါဝင်ပတ်သက်နေသောနိုင်ငံအနည်းငယ်မှာ မြန်မာစစ်တပ်နှင့် နီးကပ်သောဆက်ဆံရေး ရှိသည့် တရုတ်နှင့် ရုရှားတို့ဖြစ်ကြသည်။ တရုတ်နိုင်ငံသည် ပထဝီအနေအထားအရ မြန်မာနိုင်ငံနှင့် နီးကပ်စွာ တည်ရှိနေသောကြောင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့် သံတမန်ရေးအရ သိသာထင်ရှားသော ဩဇာလွှမ်းမိုးမှုကို အသုံးချနိုင်သည်။ တကယ်တမ်းကတော့ တရုတ်နိုင်ငံသည် ၎င်းတို့၏ Belt and Road Initiative (BRI) ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော အခြေခံအဆောက်အအုံနှင့် စွမ်းအင်စီမံကိန်းများကြောင့် မြန်မာနိုင်ငံကို ထောက်ခံမှုအရှိဆုံး မဟာမိတ်နှင့် အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံ ဖြစ်နေသည်။
ထို့ပြင် တရုတ်နိုင်ငံသည် ၎င်းတို့၏ နီးကပ်လွန်းသော ပထဝီနယ်နိမိတ်အနေအထားနှင့် မြန်မာနိုင်ငံတွင်းရှိ ၎င်းတို့၏ စီးပွားရေး အကျိုးစီးပွားများကြောင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများဖြစ်ပွားခြင်းနှင့် မတည်မငြိမ်ဖြစ်နေခြင်းများမှ ကာကွယ်ရန် စစ်အုပ်စုကို အာဏာရှိနေစေခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ စစ်ခေါင်းဆောင်အချို့အနေဖြင့် တရုတ်တို့၏လွှမ်းမိုးမှုကြောင့် မိမိတို့ဩဇာအာဏာ လက်လွှတ်ရမည့်အပေါ် စိုးရိမ်မှုများရှိနေသော်လည်း အနောက်နိုင်ငံများက သူတို့အပေါ် ဦးဆောင်မှုပြုမည်ကိုလည်း လက်ခံဖို့ငြင်းဆန်နေလေသည်။ ထို့ကြောင့်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်များ အဖို့ကတော့ တရုတ်နှင့်ပိုပြီး နီးကပ်ရန်အတွက်ကိုသာ ဖိအားပေးခံနေရသည်။
ရုရှားနိုင်ငံသည်လည်းပဲ မြန်မာစစ်အာဏာရှင်များနှင့် ပိုပြီးခိုင်မာလာသော မဟာမိတ်နိုင်ငံ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချခွင့် ပိတ်ပင်ခြင်းကို ရုရှားက မထောက်ခံသကဲ့သို့ အာဏာသိမ်းမှုကိုလည်း ပြစ်တင် ရှုတ်ချခြင်း မရှိခဲ့ပေ။ ထိုသို့လုပ်ဆောင်ရမည့်အစား အာဏာသိမ်းကာလ အတွင်းမှာပင် ရုရှားကမြန်မာစစ်တပ်သို့ လက်နက်များဆက်ပြီး ရောင်းချပေးခဲ့သေးသည်။ အပြန်အလှန်ဖြင့် ရုရှား၏ ယူကရိန်းကျူးကျော်မှုကို မြန်မာစစ်တပ်က အပြည့်အဝ ထောက်ခံခဲ့သည်။ ရုရှား၏ ယူကရိန်းကျူးကျော်မှုနှင့် ပတ်သက်ပြီး လူအများကပြင်းထန်သော ဆန့်ကျင်တုန့်ပြန်မှုများကြောင့် ခိုင်မာသော မဟာမိတ် လိုအပ်လျက်ရှိသည်။ ထို့ကြောင့်လည်း မြန်မာစစ်တပ်ကို အာဏာဆက်ပြီး ရှိနေစေလိုသောဆန္ဒ ရှိနေသည်။
တရုတ်နှင့်ရုရှားနိုင်ငံတို့၏ မြန်မာနိုင်ငံနှင့် ကိုယ်ကျိုးစီးပွားပတ်သက်နေမှုများကြောင့် အတိုက်အခံတို့ဘက်မှ ဝင် ရောက်စွက်ဖက်ခြင်း ပြုရန်ဆိုသည်မှာ လွန်စွာမှပင် ခက်ခဲလွန်းသော ကြောက်လန့်စရာကိစ္စတစ်ခုသာ ဖြစ်ပေ သည်။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွင် အကောင်းမြင် သဘောထားများ ရှိနေသော်လည်း စစ်တပ်အာဏာဆုပ်ကိုင်ထားမှုက မည့်သည့်အချိန်တုန်းကမှ အမှန်တကယ် လျှော့ပါးဆုံးရှုံးသွားခဲ့ခြင်း မရှိပါ။ နာမည်ခံ ပါလီမန်ဒီမိုကရေစီစနစ်မှ ထိန်းချုပ်ထားခဲ့သော အတိတ်လိုကာလမျိုးမှာပင် နိုင်ငံခြားဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေးနှင့် အခြားသောမူဝါဒများစွာကို စစ်တပ်က ထိန်းချုပ်ထားခဲ့လေသည်။ အဓိကကျသော နိုင်ငံပိုင်ကုမ္ပဏီကြီးများ အပေါ်တွင် စစ်တပ်၏ သိသာထင်ရှားသော လွှမ်းမိုးမှုများရှိနေခဲ့သည်။ ထိုထိန်းချုပ်မှုထားမှုက စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်နှစ်ခုစလုံးတွင် ကျယ်ပြန့်စွာဖြင့် ရှိနေခဲ့လေသည်။
ကုလသမဂ္ဂနှင့် အာဆီယံတို့က အာဏာသိမ်းစစ်အုပ်စုကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြရန် ငြင်းဆိုထားသလို နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်း ကင်းမဲ့နေခြင်းနှင့် ခုခံတော်လှန်ရေးလှုပ်ရှားမှုများကို ချေမှုန်းနိုင်ရန် ပြင်းထန်စွာ ကြိုးစားရုန်းကန်နေရမှု တို့ကြောင့် လက်ရှိစစ်အာဏာရှင်တို့၏ စွမ်းပကားရှိမှုအပေါ် မေးခွန်းထုတ်ခံနေရသည်။ မည်သို့ပင်ဆိုစေကာမူ စစ်တပ်သည် မြန်မာနိုင်ငံ စနစ်များအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိနေပြီး ၎င်းတို့အာဏာကို ဆက်ပြီးဆုပ်ကိုင်ထားရန် အခိုင်အမာ ဆုံးဖြတ်ထားသောကြောင့် ၎င်းတို့အား ဒီမိုကရေစီ အစိုးရတစ်ရပ်အဖြစ် အစားထိုးရန် မည်သည့်နိုင်ငံကမှ တာဝန်ယူလုပ်ဆောင်ပေးလိုခြင်း မရှိပေ။
ထို့ကြောင့်လည်း ဖြစ်နိုင်သည်မှာ အကန့်အသတ်ရှိသော နိုင်ငံတကာဝင်ရောက်စွက်ဖက်မှုက လက်ရှိအနေအထား အတိုင်းပင် ဆက်ပြီးရှိနေလိမ့်ဦးမည်သာ ဖြစ်သည်။ အနောက်နိုင်ငံများအနေဖြင့် မျှော်လင့်ချက်များ၊ ဆုတောင်း ဆန္ဒပြုမှုများနှင့် ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများကို ဆက်ပြီးဆောင်ရွက်နေဦးမည်သာ ဖြစ်သော်လည်း ထို့ထက် ပို၍တော့ များများစားစားလုပ်နိုင်လိမ့်မည်ကား မဟုတ်ပေ။ တရုတ်နှင့် ရုရှားတို့က မြန်မာစစ်တပ်ကို ဆက်လက် ထောက်ခံနေလိမ့်မည် ဖြစ်သော်လည်း ၎င်းတို့တပ်ဖွဲ့များကို စစ်ပွဲတွင်းသို့ ဝင်ရောက်တိုက်ခိုက်စေခြင်းမျိုး အထိတော့ ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပေ။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအခြေအနေက အကောင်းကြီးမဟုတ်သော်လည်း အောင်မြင်ရန် အခွင့်အလမ်းများကတော့ ရှိနေပေသေးသည်။ နောက်ဆုံးတွင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲများကို စစ်တပ်က ပြန်ပြီး ကျင်းပပေးမည်ဟု ကတိပြုထားသည်။ ယခုအချိန်တွင် ယင်းကတိနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်နေသော်လည်း အနာဂတ်တွင် ဆောင်ရွက်ပေးနိုင်မည့် ကတိတစ်ခုဖြစ်သည်။ ခုခံတော်လှန်ရေး လှုပ်ရှားမှုများကလည်း မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်လျက်ရှိနေပြီး အထင်ကြီးလောက်စရာ တိုက်ပွဲများကို ဆင်နွှဲနိုင်ခဲ့သည်။
တိုက်ပွဲများအတွင်း ခုခံတော်လှန်ရေးအင်အားစုများက စစ်တပ်ကို ပုံမှန်လိုလို အနိုင်ယူလာနိုင်ခဲ့သည်။
လက်ရှိအချိန်မှာတော့ စစ်ရေးအောင်မြင်မှုများက သေချာပေါက်ခန့်မှန်းတွက်ချက်၍ မရနိုင်သေးသော ရလဒ်တစ်ခု ဖြစ်နေသေးသည်။ သို့သော်လည်း မြန်မာနိုင်ငံအနာဂတ်က မြန်မာပြည်သူလူထု လက်ကလွဲပြီး အခြားမည်သူ တစ်ဦးတစ်ယောက်၏ လက်တွင်မှ ရှိနေပုံမပေါ်ပေ။
ကြည်ဖြူစံ
Harvard International Review တွင်ဖော်ပြထားသော ဆောင်းပါးရှင် Emily Peck ၏ “Why Has the World Forgotten About Myanmar?” ကို ဆီလျော်အောင်ရေးသားသည်။