- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
ရက္ခိုင့်တပ်တော်နှင့် မြန်မာနိုင်ငံ တိုင်းရင်းသားများ ပဋိပက္ခ၊ အနာဂါတ် အလားအလာ
စစ်ဆင်ရေးဆောင်ရွက်ရာတွင် အေအေသည် ပုံမှန်လက်နက်များကိုသုံးသလို ပုံမှန်မဟုတ်သော လက်နက်ကိရိယာများကိုလည်း သုံးသည်။ ခေတ်မီလက်နက်များကို KIA နှင့် Wa တပ်မတော်တို့ထံမှ ရရှိပြီး တစ်ချို့လက်နက်များမှာ ၎င်းဒေသလုပ် လက်နက်များဖြစ်၍၊ တစ်ချို့မှာ တရုတ်နိုင်ငံလုပ် လက်နက်များဖြစ်ကြသည်။ တစ်ချို့လက်နက်များကို မှောင်ခိုဈေးကွက်မှ ဝယ်ယူ..
25 May 2020
အာရကန်အာမီကို၂၀၀၉ ခုနှစ်၊ ဧပြီလ(၁၀)နေ့တွင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအဖြစ် တည်ထောင်ခဲ့သည်။ ၎င်း၏ ဌာနချုပ်ကို ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင်ထားရှိပြီး ၂၀၁၅ ခုနှစ်အထိ KIA ၏ ကူအညီဖြင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် လှုပ်ရှားခဲ့သည်။ နိုင်ငံရေးအားဖြင့် အာရကန်အာမီ သည် ဖယ်ဒရယ်နိုင်ငံရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် အတိုင်ပင်ခံကော်မတီ အဖွဲ့ဝင်ဖြစ်ပြီး၊ ၎င်းအဖွဲ့သည် မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင်ရှိသော တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ စစ်ရေးအားဖြင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့မှာလည်း အဖွဲ့ဝင်ဖြစ်သည်၊။ ၎င်းအပြင် ညီနောင်သုံးဖွဲ့မှာလည်း အဖွဲ့ဝင်ဖြစ်သည်။ ယခုဆောင်းပါးသည် ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း အာရကန်အာမီ အင်အားကြီးထွားလာပုံကို မီးမောင်းထိုးပြသွားမည် ဖြစ်သည်။
အာရကန်အာမီသည် ၎င်း၏ (၁၁) နှစ်မြောက်ကို ၂၀၂၀၊ ဧပြီလ (၁၀) ရက်နေ့က ကျင်းပခဲ့သည်။ ၎င်းနှင့် ၎င်း၏ နိုင်ငံရေးပါတီ ULA အား မြန်မာအစိုးရက ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် မတရားအသင်းအဖြစ် ကြေငြာကတည်းက မြန်မာ့ပဋ္ဋိပက္ခဖြစ်စဉ်တွင် စာမျက်နှာအသစ်တစ်ခု ဖွင့်လှစ်လိုက်သည်။ အာရကန်အာမီ (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပြောကြားသော မိန့်ခွန်းတွင် အာရကန်အာမီ၏ စိတ်ဆန္ဒပြင်းပြမှုနှင့် ရည်မှန်းချက်များကို ထပ်လောင်းပြောခဲ့ပြီး ရခိုင်လူမျိုးများအား လွတ်လပ်သော လူမျိုးဖြစ်လာအောင် ဆက်လက်လုပ်ဆောင်ကြရန်နှင့် ရက္ခိတလမ်းစဉ်ကို ကျင့်သုံးကြရန် ထပ်လောင်းမှာကြားသွားခဲ့သည်။
ရက္ခိတလမ်းစဉ် ဆိုတာက အတိတ်တစ်ချိန်က ဘုန်းမင်းနေလ ထွန်းတောက်ခဲ့သော၊ ၁၇၈၄ ခုနှစ်မှာ ဗမာကုန်းဘောက်မင်းဆက်၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရသော ရခိုင့်နိုင်ငံကို ပြန်လည်အမှတ်ရလာစေရန် နှိုးဆွခြင်းဖြစ်ပြီး ရခိုင်လူထုနှင့် အာရကန်အာမီစစ်သားများကို စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွလာစေရန်လည်း ဖြစ်သည်။ သူ၏မိန့်ခွန်းတွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ငါတို့ မြေပြင်တိုက်ပွဲတစ်ခုတည်းသာ တိုက်ခိုက်နေရတာ မဟုတ်ဘဲ တခြားရှေ့တန်းစစ်ပွဲများဖြစ်ကြသော သတင်းလက်ဦးရယူမှု၊ စိတ်ဓာတ် စစ်ဆင်ရေးစစ်ပွဲ၊ တပ်ဖွဲ့များကို စုစည်းမှု၊ တရားဝင် အသိမှတ်ပြုခံရမှု၊ နိုင်ငံတကာဆိုင်ရာ ဥပဒေများနှင့် နိုင်ငံတကာက အာရကန် အာမီကို ထောက်ပံ့ပေးပြီး အသိအမှတ်ပြုလာအောင်လည်း သံခင်းတမန်ခင်း စစ်ပွဲတွေကိုပါ ဆင်နွှဲနေကြရတယ်။” ဟု ဆိုသည်။
အဆိုပါ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က လုပ်ငန်းစဉ် သုံးရပ်ကို ချမှတ်လိုက်သည်။ ထိုလုပ်ငန်းစဉ်သုံးရပ်မှာ (၁) အာရကန်အာမီကို အင်အားတောင့်တင်းလာအောင် လုပ်ပြီး “စုဖွဲ့ရင်းတိုက်၊ တိုက်ရင်းစုဖွဲ့။ တိုက်ရင်း လေ့ကျင့်၊ လေ့ကျင့်ရင်းတိုက်” ဆိုသည်နှင့်အညီ တော်လှန်ရေးနှင့်ဆိုင်သော လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်ရန် ဖြစ်သည်။ (၂) ဗမာ့လူမျိုကြီးဝါဒ နှင့် သူတို့၏ နယ်ချဲ့ကျူးကျော်ထားမှုကို စိန်ခေါ်တိုက်ထုတ်ရမည်။ နောက်လာမည့် ရခိုင်မျိုးဆက်သစ်များအတွက် ဖွံ့ဖြိုးတိုးတက်သော ရခိုင်ပြည်ဖြစ်လာရန် အမျိုးသားတော်လှန်ရေး စတင်ဆောင်ရွက်ရန် ဆော်ဩခဲ့သည်။ (၃) ပြည်သူ့ဆက်ဆံရေးသည် ရေရှည်တိုက်ပွဲအတွက် မရှိမဖြစ်လိုအပ်သော လုပ်ငန်းဖြစ်သောကြောင့် ပြည်သူ့ဆက်ဆံရေး တည်ဆောက်ရေးကို အလေးပေး ပြောကြားခဲ့သည်။ အာရကန်အာမီ တော်လှန်ရေးသမားများကိုလည်း ပြည်သူလူထုကို အလေးနက်ဆက်ဆံရန် နှင့် တပ်တော်မှ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကိုလည်း လိုက်နာကြရန် ညွန်ကြားထားသည်။
ပြည်သူများ၏ အာရကန်အာမီအပေါ် ထောက်ခံအားပေးမှုကို တန်ဖိုးထားလေးစားကြောင်းလည်း ပြောကြားခဲ့သည်။ “အာရကန်အာမီ မားမားမတ်မတ်ရပ်တည်နိုင်ခြင်း၊ ရန်သူ့ရဲ့ အစွမ်းကုန် ထိုးစစ်ဆင်တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ခြင်းတို့၏ အဓိကအကြောင်းအရင်း တစ်ခုကတော့ ရခိုင်လူထုတစ်ရပ်လုံးက ကျနော်တို့ကို ထောက်ခံအားပေးလို့ပဲ ဖြစ်တယ်။ ပြည်သူလူထုဟာ တော်လှန်ရေး၏အုတ်မြစ်ဖြစ်တယ်။” သူအခိုင်အမာ ပြောတာကတော့ မြန်မာအစိုးရက အာရကန်အာမီကို မတရားအသင်းအဖွဲ့အဖြစ် ကြေငြာထားရင်တောင်မှ ရခိုင်လူထုပေးသော တရားဝင်မှုကြောင့် အာရကန်အာမီကို နိုင်ငံရေးအရ အသိအမှတ်ပြုစေသည်။ ထိုကြောင့် လူထုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အာရကန်အာမီအတွက် အဓိကလုပ်ငန်းထဲက တစ်ခုဖြစ်သည်။
အာရကန်အာမီ၏ တရားဝင် ဝက်ဘ်ဆိုဒ်ထဲက သတင်းထုတ်ပြန်ချက်အရ “ အဖ ရခိုင်ပြည် နှင့် ရခိုင်ပြည်တွင် နေထိုင်ကြသော လူမျိုးအားလုံးကို ကာကွယ်ရန်၊ ရက္ခိုင့်တပ်တော် တည်ရှိမှုသည် ယောက်ျား၊ မိန်းမ၊ လူမျိုး၊ ဘာသာ နှင့် နိုင်ငံရေးအယူအဆတွေ မခွဲခြားဘဲ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ လုံခြံမှု၊ လွတ်လပ်မှု၊ တရားမျှတမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပေးစွမ်းနိုင်ရန်ဖြစ်သည်။ ၎င်းသည်ပင် ရက္ခိုင့်တပ်တော်၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်။ ရည်ရွယ်ချက် ချမှတ်ထားသည့်အလျောက် ရာစုပေါင်းများစွာ ခွဲခြားခြင်းနှင့် ဖယ်ကြဉ်ခြင်းခံထားရသော ရခိုင်လူထုအတွက် ကိုယ်ပိုယ်ပြဌာန်းခွင့်၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု ရရှိခံစားခွင့်ရရန် လုပ်ဆောင်နေခြင်းက သက်သေပြလျှက်ရှိသည်။ ၎င်းနှင့်ပတ်သက်၍ နောက်လာမည့်အခန်းတွင် ချဲ့ကားရေးပါအုံးမည်။
နောက်ခံသမိုင်းကြောင်း
ရာစုနှစ်ပေါင်းများစွာ ဖယ်ကြည်ခံထားရခြင်း
The “Greater Arakan’’ ကြီးကျယ်မြင့်မြတ်သော ရခိုင့်နိုင်ငံသည် ယခုလက်ရှိ ရခိုင်ပြည် ဧရိယာထက် ၅၀ ရာခိုင်နှုန်းပိုကျယ်၍ ရခိုင့်တောင်တန်းဒေသသည်လည်း လက်ရှိ ချင်းပြည်နယ်ထိ ပါဝင်နေပြီး ၎င်းထက်များစွာသော နယ်မြေများလည်း ပါဝင်နေသည်ဟု မှတ်တမ်းတင်ထားခဲ့သည်။ ရခိုင်ဘုရင့်နိုင်ငံသည် ၁၅ ရာစု မှ ၁၇ ရာစုအတွင်း မြို့တော်မြောက်ဦးအဖြစ်ရှိစဉ် ထိပ်ဆုံးရောက်ခဲ့သော အချိန်ဖြစ်သည်။ သို့သော်ငြားလည်း ရခိုင်လူမျိုးများသည် ၁၈ ရာစုတွင် ဗမာဘုရင် ကုန်းဘောင်မင်း ဘိုးတော်ဘုရားက ရခိုင်ဘုရင် သမ္မတမင်းကို နန်းချလိုက်သော အချိန်မှစ၍ အနှိမ်ခံဘဝကို ရောက်ခဲ့ကြရသည်။ ကုန်းဘောင်ဘုရင်သည် ၁၇၈၄ ခုနှစ်မှ ၁၈၂၄ ခုနှစ်အထိ ရခိုင်နိုင်ငံအား ကျူးကျော်ဝင်ရောက်ပြီး ရခိုင်လူမျိုးအများအပြားကို သတ်ပြီး ရခိုင်လူမျိုးများကို အနှိမ်ခံဘဝသို့ ရောက်စေခဲ့သည်။ ဂျပန်လူမျိုးများသည် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ အထိ၊ အင်္ဂလိပ်တို့သည် ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်ထိ ရခိုင်နိုင်ငံအား ကျူးကျော်သိမ်းပိုက်ခဲ့ကြသည်။ ရခိုင်လူမျိုးများသည် လွတ်လပ်ရေးအလွန် အစိုးရအဆက်အဆက်၏ အုပ်ချုပ်မှုအောက်၌ ၁၉၄၈ ခုနှစ်မှ ယနေ့အချိန်ထိ ရှိနေသည်။ ထိုအချိန်ကစပြီး ရခိုင်ပြည်တွင် လက်နက်ကိုင်အဖွဲ့အမျိုးမျိုး လှုပ်ရှားနေခဲ့ကြသည်။
အာရကန် အာမီသည် ဗမာလူမျိုးလက်အောက်၌ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ ကြဉ်ဖယ်ခြင်းခံနေရသော ရခိုင်စစ်သားများနှင့် ရခိုင်လူမျိုးများ၏ အတိတ်ကာလ ဘုန်းမီးနေလ ထွန်းကားခဲ့သောအချိန်ကို ပြန်လည်အသက်သွင်းရန် ရည်ရွယ်သည်။ ရခိုင်ပြည်နယ်သည် ဘဏ္ဍာရေးအရ အားနည်းသည်။ ၎င်းအပြင် ၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်ကြား ဖွံ့ဖြိုးမှုနှုန်းသည် ၅ ရာခိုင်နှုန်းမျှသာ ရှိသည်။ အလားတူအချိန်ကာလတွင် မြန်မာပြည်မ၌ ဖွံ့ဖြိုးမှုနှုုန်းမှာ ၈ ရာခိုင်နှုန်း ဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့သည် အဆင်းရဲဆုံးဒေသများဖြစ်ကြပြီး၊ တစ်ဦးချင်းဝင်ငွေများမှာ ၁၇၁ ဒေါ်လာ နှင့် ၃၁ ဒေါ်လာစီ အသီးသီး ရှိကြသည်။ “၂၀၁၇ ခုနှစ် ဆင်းရဲမွဲတေမှုအစီရင်ခံစာ - မြန်မာနိုင်ငံ လူနေမှုအဆင့်အတန်းအခြေအနေပြ စစ်တမ်း” မှ ဖော်ပြချက်အရ ၎င်းပြည်နယ်နှစ်ခုမှာ အဆင်းရဲဆုံးပြည်နယ်များ ဖြစ်ကြသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ချင်းပြည်နယ်တွင် လူ (၁၀) ယောက်တွင် (၆) ယောက်မှာ ဆင်းရဲသားများဖြစ်၍ ရခိုင်ပြည်နယ်တွင် လူ (၁၀) ယောက်တွင် (၄) ယောက်မှာ ဆင်းရဲသားများ ဖြစ်ကြသည်။ ရခိုင်ပြည်နယ်သည် ချင်းပြည်နယ် နည်းတူ တခြားပြည်နယ်၊ တိုင်းများနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှုနှုန်း နောက်ကျကျန်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။
လက်ရှိ ရခိုင်ပြည်နယ်၏ ပြဿနာသည် ၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အစိုးရ အာဏာရလာချိန်မှစ၍ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနှင့် လက်ရှိရခိုင်ပြည်နယ်တွင်း နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ ပြန်လည်သင့်မြတ်လာစေရန်နှင့် ရခိုင်လူမျိုးများ၏ လူမှုနိုင်ငံရေးလက္ခဏာများ အသိအမှတ်ပြုလာမှုများကို ထောက်ပံ့လုပ်ဆောင်ပေးလိမ့်မည်ဟု ရခိုင်လူမျိုးများကြား မျှော်လင့်ချက်ထားခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့၏ မျှော်လင့်ချက်များသည် သဲထဲရေသွန်သလို ဘာမှအရာမထင်ခဲ့သည့်အပြင် လူမှု၊ နိုင်ငံရေး ချိတ်ဆက်ဆောင်ရွက်မှုလည်း ပုံပေါ်မလာခဲ့ပေ။ ၎င်းအပြင် ဗမာအများစုလွှမ်းမိုးထားသော NLD အစိုးရအား စိတ်အချဉ်ပေါက်နေရသည့်ကြားထဲ မဲ(၃၅)ထဲမှ (၂၂)မဲနိုင် (ရခိုင်ပြည်နယ်လွတ်တော်ထဲ ၄၇ ယောက်ရှိပြီး ၁၂ ခုံဟာ စစ်တပ်အတွက် သီးသန့်ဖယ်ထားရခြင်းဖြစ်သည်)သော ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မခန့်အပ်ဘဲ (၉) မဲသာရသော NLD ပါတီမှ ဝန်ကြီးချုပ်ခန့်အပ်လိုက်ခြင်းသည် မီးလောင်ရာ လေပင့်ဆိုသလို ရှိနေပြီးသားပြဿနာကို ပိုမို ဆိုးဝါးစေခဲ့သည်။ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်ဟောင်း ဒေါက်တာအေးမောင်အား ဖမ်းဆီးပြီး နိုင်ငံတော်ပုန်ကန်မှုနှင့် ထောင်အနှစ် (၂၀) ချမှတ်လိုက်ခြင်းသည်လည်း တင်းမာမှုကို ကြီးထွားစေခဲ့သည်။ ဒီလိုအခြေအနေမျိုးတွေကြောင့် ရခိုင်လူထု၏အသံကို ထုတ်ဖော်ပြောဆိုဖို့ နိုင်ငံရေးအေဂျင်စီတွေ မရှိတာကြောင့် အေအေ ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က အေအေ ၏ နိုင်ငံရေး ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်ကို “ဝ” လို ကွန်ဖယ်ဒရိတ်ပြည်နယ်အဖြစ် ရယူချင်သည်ဟု ပြောကြားခဲ့သည်။
အာရကန်အာမီ၏ စိန်ခေါ်မှုများ
ပထမဆုံးအကြိမ် အာရကန်အာမီ မြန်မာတပ်မတော်ကို တိုက်ခိုက်တာကတော့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ၂၀၁၅ ခုနှစ် မတ်လ (၂၅) ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲတွင်ဖြစ်သည်။ တစ်ဆက်တည်းဆိုသလို ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ခိုက်မှုအပြီးမှာ မြန်မာ့တပ်မတော်ဖက်မှ ဗိုလ်ကြီးတစ်ယောက်နှင့် တခြားအဆင့်စစ်သည်နှစ်ယောက် ကျဆုံးခဲ့ပြီး စစ်သား (၄) ဦး စစ်သုံးပန်းအဖြစ် အဖမ်းခံခဲ့ရသည်။ မြန်မာအစိုးရဖက်မှ အေအေ အား ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး အပစ်ရပ်စဲသဘောတူညီချက်စာချုပ် လက်မှတ်ထိုးရန် တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့် အသိအမှတ်မပြုခဲ့ပါ။ အဲဒီကတည်းက နှစ်ဖက်ထိပ်တိုက် တိုက်ခိုက်မှုများ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး နှစ်ဘက် အပြင်းစားဒဏ်ရာရသူများလည်း ရှိခဲ့သည်။
အေအေ၏ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ ရခိုင်ပြည်နယ်၊ ဘူသီးတောင်မြို့နယ်ရှိ ရဲစခန်း(၄)ခုအား တစ်ပြိုင်နက် ဝင်တိုက်ခိုက်ခြင်းသည် ပဋိပက္ခမြင့်တက်လာသော ပြယုဂ်ဖြစ်သည်။ ၎င်းတိုက်ခိုက်မှုအပြီး မြန်မာအစိုးရမှ မြန်မာစစ်တပ်အား သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေး လုပ်ဆောင်ရန် ၂၀၁၉၊ ဇန်နဝါရီလ (၇)ရက်နေ့တွင် ညွှန်ကြားခဲ့သည်။ ယင်းနောက်တွင် တိုက်ပွဲများပြင်းထန်လာခဲ့သည်။ မြန်မာ့တပ်မတော်မှ တပ်မကြီးများဖြန့်ချပြီး ရက္ခိုင့်တပ်တော်အား လေကြောင်းနှင့် အမြှောက်ကြီးများသုံးပြီး တိုက်ခိုက်တော့သည်။ ယင်းပုံစံမျိုးက အေအေ ၏ စွမ်းဆောင်ရည်ကို ဖျက်ဆီးဖို့ ရှေးပဝေသဏီက သုံးခဲ့သော ဖြတ်လေးဖြတ်အယူဝါဒအား ပြန်လည်သုံးမှုကို ဖော်ပြနေသည်။ ၁၉၆၂ ခုနှစ်က စစ်အာဏာသိမ်းခေါင်းဆောင် ဗို်လ်ချုပ် နေဝင်း ဂျပန်များ သုံးခဲ့သော “three all” ပုံစံ “kill all, burn all, destroy all) “အားလုံးကို သတ်၊ အားလုံးကို မီးရှို့၊ အားလုံးကို ဖျက်ဆီးပစ်” နည်းဗျူဟာကို အားကျပြီး ဖြတ်လေးဖြတ် ပုံစံကို အကြံအဖန်လုပ် တီထွင်ခဲ့သည်။ ထိုဝါဒသုံးသည့်ပုံစံက သောင်းကျန်းသူများ၏ အဓိက ရင်းမြစ်များဖြစ်သော ငွေကြေး၊ အစားအသောက်၊ ထောက်လှမ်းရေးလမ်းကြောင်းနှင့် လူသစ်စုဆောင်းသော လမ်းကြောင်းများကို ပိတ်ဆို့ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ပထမဆုံးအကြိမ်အဖြစ် မြန်မာတပ်မတော်က ဒီမဟာဗျုဟာကို ၁၉၇၀ ခုနှစ်များက ကရင်သူပုန်တွေနှင့် တိုက်တုန်းက သုံးခဲ့ဖူးသည်။ ပြီးလျှင် မကြာသေးခင်ကာလနှစ်များက KIA နှင့် တိုက်တုန်းကလည်း သုံးခဲ့သေးသည်။
ယင်းသို့ တိုက်ခိုက်ခြင်း၏ ပြဿနာက ပြည်သူလူထုနှင့် တကယ့် ပစ်မှတ်ထားသောအုပ်စုကြား ခွဲခြားထားမှုမရှိဘဲ မဲမဲမြင်ရာ လှမ်းပစ်သည့် ပုံစံမျိုးဖြစ်နေခြင်း ဖြစ်သည်။ ယခုလို အလွန်ပြင်းထန်သော စစ်နည်းဗျူဟာကို ရခိုင်ပြည်နယ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေခြင်းကို လူ့အခွင့်အရေးကောင်စီမစ်ရှင်အဖွဲ့က မှတ်တမ်းတင်ပြုစုထားမှု ရှိသည်။ လူ့အခွင့်အရေးကောင်စီမစ်ရှင်အဖွဲ့၏ အစီရင်ခံစာအရ မြန်မာတပ်မတော်သည် အင်အားအလွန်အကျွံသုံးသောကြောင့် ပြည်သူများ အသက်ဆုံးရှုံးရခြင်းနှင့် ပြည်သူများ၏ စည်းစိမ်၊ ဥစ္စာများဖြစ်ကြသော စာသင်ကျောင်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်များစွာ ဆုံးရှုံးကြရသည်။ မြန်မာတပ်မတော်က ယင်းသို့ အင်အားအလွန်အကျွံအသုံးပြု တိုက်ခိုက်ခြင်းသည် အေအေကို ပြည်သူတွေ ပို၍ထောက်ခံရန် သွယ်ဝိုက်ပြီး ကူညီပေးနေသလို ဖြစ်နေသည်။ အကြောင်းမှာ မြန်မာ့တပ်မတော်ကြောင့် ပြည်သူများ၏ အသက်၊ စည်းစိမ်၊ အိုးအိမ်တွေ များစွာဆုံးရှုံးသွား၍ ဖြစ်သည်။
မြန်မာအစိုးရ၏ ရန်လိုသောတုန့်ပြန်မှုက လူ့အခွင့်အရေးချိုးဖောက်မှု ပြဿနာ ဖြစ်လာသည်။ ၎င်းလူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်ကြသော လူ့အခွင့်အရေးကောင်စီမစ်ရှင်အဖွဲ့၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အပြင် လက်ရှိခေတ်စားနေသော မီဒီယာနှင့် တခြားလူမှုမီဒီယာများမှ တစ်ဆင့် ရေးသားထုတ်ဖော်နေကြသည်။ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွေမှာ အင်တာနက်လိုင်းဖြတ်တောက်ခံရသည်။
(ဘာသာပြန်သူ စကားချပ် - ဆောင်းပါးရှင် ရေးသားသည့် အင်တာနက်ဖြတ်တောက်ခံရသည့် နေ့စွဲမှာ ဒုတိယအကြိမ်ဖြတ်တောက်သည့် နေ့စွဲဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်းမှ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်။ ထို့နောက် စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ယင်းမြို့နယ်များကို ထပ်မံဖြတ်တောက်လိုက်သည်။ လက်ရှိမှာ မောင်တောမြို့နယ်ကို ပြန်လည်ဖွင့်ပေးထားသည်။)
ကုလသမဂ္ဂ လူ့အခွင့်ရေးကျွမ်းကျင်သူများက မြန်မာအစိုးရ လုပ်ရပ်အပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း၊ ယခုလုပ်ရပ်မျိုးဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ သတင်းယူခွင့်၊ လွတ်လပ်စွာ ပါဝင်ဆွေးနွေးခွင့်နှင့် လွတ်လပ်စွာ ဝယ်ယူစားသောက်ခွင့်၊ လွတ်လပ်စွာနေထိုင်ခွင့်နှင့် လွတ်လပ်စွာ ပညာသင်ကြားခွင့်တို့ကို ထိခိုက်စေသည်။ နိုင်ငံတကာ အဖွဲ့အစည်းများသည် မြန်မာ့တပ်မတော်၏ လက်နက်ကြီးများအသုံးပြု၍ ရခိုင်ရွာများနှင့် မွတ်ဆလင်ရွာများအနီးတွင် တိုက်ပွဲဖော်ဆောင်နေကြောင်း အစီရင်ခံစာ တင်ပြပြီး ဖြစ်သည်။ ယုံကြည်စိတ်ချရသော အစီရင်ခံစာဖြင့်လည်း အစီရင်ခံပြီး ဖြစ်သည်။
အေအေ၏ မြန်မာ့တပ်မတော်အပေါ်၊ ချင်းပြည်နယ်၌၊ တခြားပြည်သူလူထုအပေါ် မတရားဆောက်ရွက်မှုများကိုလည်း အစီရင်ခံပြီး ဖြစ်သည်။ အတင်းအဓမ္မ ခိုင်းစေမှုပြုမူမှုများ၊ ပြည်သူများ၏ ပစ္စည်းများကို ခိုးယူမှု နှင့် တစ် ချို့ ဆိုးရွားသော စစ်ရာဇဝတ်မှုများကို အစီရင်ခံပြီးဖြစ်သည်။ ၂၀၂၀ ခုနှစ် ဧပြီလ (၁၀) ရက်နေ့ မိန့်ခွန်းမှာ အေအေ စစ်ဦးစီးချုပ် က လူတစ်ချို့က ကိုယ်ကျိုးအတွက် မိမိ၏ အာဏာကို တစ်လွဲသုံးကြောင်း နှင့် စမ်းကမ်း ဖောက်ဖျက်သော အစီရင်ခံစာများနှင့်ပတ်သက်ပြီးသူ စိုးရိမ်မိကြောင်းပြောကြားခဲ့သည်။ စစ်ဦးစီးချုပ်က သူ၏ ကေဒါများအား အနာဂါတ်တွင် ဒီလို အလေ့အကျင့်များကို မပြုလုပ်ကြရန် သတိပေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံ သမ္မတက အေအေ နှင့် ယူအက်(လ်)အေ(ULA) ကို မတရားအသင်းကြေငြာပြီး အေအေ လက်နက်ကိုင်အဖွဲ့၏ ရည်ရွယ်ချက်များသည် အန္တရာယ်ဖြစ်စေပြီး နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးအပြင် နိုင်ငံသာများ၏ ငြိမ်းချမ်းရေးကိုပါ အနှောက်အယှက်ဖြစ်စေသည်ဟု အလေးအနက်ထား ပြောကြားခဲ့သည်။ အလားတူပင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီကလည်း အေအေကို ကျေးရွာဥက္ကဋ္ဌများ၊ ပြည်သူ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားများအား နှိပ်စက်ညဉ်းပမ်းပြီး သတ်ပစ်သည်ဟု စွပ်စွဲပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာလိုက်သည်။
နိုင်ငံ၏ Covid-19 ကပ်ရောဂါကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး စိုးရိမ်စိတ်တွေရှိနေချိန်၊ မြန်မာတပ်မတော်ကလည်း ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးလမ်းကြောင်များဖြစ်သော မီဒီယာ၊ အင်တာနက်လိုင်း၊ ဆေးဝါးနှင့် စားကုန် ပို့လမ်းများကို ပိတ်လိုက်ပြီး စစ်ရှိန်မြှင့် တိုက်ခိုက်လာနေတာကို တွေ့ရသည်။ အဓိက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသော်လည်း မြန်မာ့တပ်မတော်မှ အခုလို တောင်းဆိုမှုမျိုးမှာ လက်တွေ့မဆန်ဘူး ဆိုပြီး ငြင်းဆိုထားသည်။ ယခုလို ကပ်ရောဂါဖြစ်ပွားနေချိန်တွင် မြန်မာ့တပ်မတော်၏ တိုက်ခိုက်မှုများသည် အာဏာနှင့် အင်အားတွေကို အလွဲသုံးစားလုပ်နေခြင်းသာ ဖြစ်သည်ဟု ဒေသတွင်းမှာရော၊ နိုင်ငံတကာကပါ ပြစ်တင်ဝေဖန်ထားကြသည်။
နေရာအများအပြား ဖြန့်ကျက်ခြင်းနှင့် စစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်ခြင်း
စစ်ဆင်ရေးဆောင်ရွက်ရာတွင် အေအေသည် ပုံမှန်လက်နက်များကိုသုံးသလို ပုံမှန်မဟုတ်သော လက်နက်ကိရိယာများကိုလည်း သုံးသည်။ အေအေသည် ခေတ်မီ လက်နက်များကို KIA နှင့် Wa တပ်မတော်တို့ထံမှ ရရှိသည်။ ရရှိသော တစ်ချို့လက်နက်များမှာ ၎င်းဒေသလုပ် လက်နက်များဖြစ်၍၊ တစ်ချို့မှာ တရုတ်နိုင်ငံလုပ် လက်နက်များဖြစ်ကြသည်။ အစီရင်ခံစာတွေအရ အေအေ သည် တစ်ချို့လက်နက်များကို မှောင်ခိုဈေးကွက်မှ ဝယ်ယူရရှိသည်။ ဥပမာအားဖြင့် အေအေ ၏ ၂၀၁၈ ခုနှစ် ဧပြီလ (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ပြသထားသော ဗီဒီယိုဖိုင်ပါ လက်နက်များဖြစ်သော အမေရိကန်လုပ် M60 စက်အမျိုးအစား နှင့် Barrett MRAD စနိုက်ဖာရိုင်ဖယ်များ ဖြစ်ကြသည်။
မကြားသေးခင်ကထုတ်သော အစီရင်ခံစာတွင် ဖော်ပြထားတာက အေအေ တပ်တော်သည် လက်နက်၊ ခဲယမ်းမီးကျောက်ပို့ကုန်များဖြစ်သော တိုက်ခိုက်ရေး ရိုက်ဖယ် အလက် (၅၀၀)၊ ယူနီဗာဆယ်(လ်) စက်သေနက် အလက်(၃၀)၊ ခဲယမ်းမီးကျောက် (၇၀၀၀၀) နှင့် ဗုံးသီး မြောက်များစွာကို ဘင်္ဂလားဒေ့(ချ်) နိုင်ငံ စစ်တကောင်း တောင်တန်းဒေသမှတစ်ဆင့် ပလက်ဝသို့ ပို့ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။ ၎င်းပို့ကုန်ပစ္စည်းများသည် ဝိုင်ကျန်း( Whaikyang) အနီး မိုနခါလီ (Monakhali) ပင်လယ်ကမ်ခြေသို့ ၂၀၂၀၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့၌ ဆိုက်ရောက်ပြီး ဘင်္ဂလာဒေ့(ချ်)နိုင်ငံ၊ သန်ချိ(Thanchi) အနီး အေအေ စခန်းရှိသော ဆန်ဒက်(Sandak)(Mro-မြို) သို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၂) နေ့တွင် ရောက်ရှိခဲ့သည်။ ထိုနောက် ပလက်ဝသို့ အိန္ဒိယနိုင်ငံ ပါဝ(Parva) မြို့မှတစ်ဆင့် ရောက်ရှိခဲ့ပုံပေါ်သည်။
ယင်းလောက် များပြားသော လက်နက်ပစ္စည်းပို့ကုန်ကို ထောက်လျှင် အေအေက သူတို့၏စစ်ဆင်ရေးကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နေပြီ ဖြစ်သည်ဟု ဆိုနိုင်သည်။
၎င်းအပြင် အေအေသည် ကုလားတန်မြစ်နှင့် မေယုမြစ်ကြောင်းတစ်လျှောက် အသာစီးယူပြီး ကုန်တင်သင်္ဘောများနှင့် လူတင်သင်္ဘောများကို တိုက်ခိုက်ခြင်း၊ အပိုင်စီးခြင်းများ လုပ်သည်။ ထိုနည်းဗျူဟာမျိုးကို လုပ်ဆောင်နိုင်ခြင်းသည် မြစ်ကြောင်းစစ်ပွဲများတွင် ကျွမ်းကျင်ကြောင်း ပေါ်လွင်နေသည်။ ယင်းနည်းဗျူဟာမျိုးသည် ဒေသတွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အဖျက်အမှောက်လုပ်နေသော ရေယာဉ်များအား တားဆီးဟန့်တားရန်ဖြစ်သည်။ သူတို့ (အေအေ) ကတော့ အခုလို အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုဆိုင်ရာပစ္စည်းများ သယ်ဆောင်လာသော ရေယာဉ်များကို နှောက်ယှက်ခြင်းနှင့် ၎င်းလှေပေါ်ပါ ခရီးသည်များကို ဓားစာခံအဖြစ်ခေါ်ယူသွားခြင်း စတာတွေကို မဟာဗျူဟာတစ်ခုအနေနှင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။ သူတို့(အေအေ) လုပ်ရပ်များဖြစ်သည့် မေယုမြစ်၌ ကင်းလှည့်နေသော မြန်မာရေတပ်သင်္ဘောများကို တိုက်ခိုက်ခြင်း (သို့) ၂၀၁၉ ခုနှစ် နိုင်ဝင်ဘာလ (၃) ရက်နေ့က ချင်းအမျိုးသားလွတ်တော်အမတ် ဦးဝှေ့တင် လိုက်ပါလာသော အမြန်ယာဉ်အား ပြန်ပေးဆွဲခြင်းတို့သည် သူတို့၏ အဲဒီဧရိယာထဲကနေ မြန်မာရေတပ်ကို တိုက်ထုတ်ပြီး မြစ်ကြောင်းအသာစီးရယူလိုမှု မဟာဗျူဟာကို မီးမောင်းထိုးပြလျှက်ရှိသည်။
မြန်မာ့တပ်မတော်အနေနှင့် သာလွန်တိုက်အားနှင့် လွန်ကဲစွမ်းဆောင်ရည် ရှိသော်ငြားလည်း ချုံခိုတိုက်ခိုက်ခံရခြင်း၊ မြေမြုပ်မှိုင်းခွဲခံရခြင်း၊ အရာရှိစစ်သည်တွေ ကျဆုံးမှုများခြင်း၊ စစ်သုံးပန်းအဖြစ်ဖမ်းဆီးခံရခြင်း၊ လက်နက်များနှင့် တခြားစစ်အသုံးအဆောင်များ ဖမ်းဆီးသိမ်းဆည်းခံရခြင်း စသည်တို့ကို၂၀၁၈ ခုနှစ်ကတည်းက တွေ့ကြုံခံစားလာခဲ့ရသည်။ ၂၀၂၀ ခုနှစ်၊ မတ်လကဖြစ်ပွားခဲ့သော စစ်ပွဲတွင် မြန်မာ့တပ်မတော်ဖက်က တပ်ရင်းတစ်ခုလုံး စီးနင်းတိုက်ခိုက်ခံလိုက်ရပြီး တပ်ရင်းမှူးနှင့်တကွ တခြားအကြပ်စစ်သည် (၃၀)ကျော်တို့ အေအေ၏ ဖမ်းဆီးမှုကို ခံလိုက်ရသည်။ ၎င်းလုပ်ရပ်သည် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်အတွက် အဓိက စိတ်ကသိကအောက်ဖြစ်စရာ ဖြစ်နေသည်။
အေအေသည် သူတို့၏တရားဝင် ဝက်ဘ်ဆိုဒ်၊ လူမှုမီဒီယာများဖြစ်ကြသော တွတ်တာစာမျက်နှင့် တစ်ခြားနည်းတူ မီဒီယာများတွင် မြန်မာ့တပ်မတော် ဂုဏ်သိက္ခာကျစေသောပို့စ်များ တင်လေ့ရှိသည်။ အေအေ၏ ရက္ခိတလမ်းစဉ်ကို အကောင်ထည်ဖော်ရန် အဓိကစည်းရုံးလှုံ့ဆော်ရေး လက်နက်တစ်မျိုးကတော့ ရခိုင်လူမျိုး၏ သမိုင်းအစဉ်လာနှင့်ပတ်သက်သော အစီအစဉ်ဖြစ်သည်။ ရက္ခိတလမ်းစဉ် တစ်နည်းအားဖြင့် ၂၀၂၀ မတိုင်မီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရလျှင် သူတို့၏လူ့အဖွဲ့ရှိ ကဏ္ဍပေါင်းစုံမှ ထောက်ခံမှုရရှိမည် ဖြစ်သည်။
လက်ရှိအကျပ်အတည်းကာလ အိန္ဒိယနိုင်ငံ၏ အခန်းကဏ္ဍ
မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း အလျား (၁၆၄၃) ကီလိုမိတာ ထိစပ်နေသော အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးနှင့် လုံခြံရေးအပေါ် စိတ်ဝင်စားမှု များစွာရှိနေသည်။ အိန္ဒိယနိုင်ငံသည် ရခိုင်ပြည်နယ်နှင့် ကုန်းလမ်းနယ်စပ်ထိစပ်မှု မရှိသော်လည်း လက်ရှိပဋိပက္ခဖြစ်နေသော ချင်းပြည်နယ်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၏ အနောက်ဖက်ခြမ်းနှင့် မဏိပူပြည်နယ်၏ မြောက်ဖက်ခြမ်းတို့နှင့် ကုန်းမြေနယ်စပ်ချင်း ထိစပ်နေသည်။
အိန္ဒိယအစိုးရသည် မြန်မာ့တပ်မတော်နှင့် ပြေပြစ်သော ဆက်ဆံရေးရှိသည်။ မြန်မာ့တပ်မတော်သည် အေအေ၏ လမ်းကြောင်းများနှင့် အိန္ဒိယနိုင်ငံတွင်း အေအေ ကွန်းခိုရာများအား ပိတ်ဆို့ရန် အိန္ဒိယစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။ အိန္ဒိယစစ်တပ်နှင့် မြန်မာစစ်တပ်တို့ ပူးပေါင်းစစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့ကြသည်။ အိန္ဒိယစစ်တပ်က မီဇိုရမ်နယ်စပ်နားရှိ အေအေ တပ်စခန်းများအား အပြန်အလှန်အနေဖြင့် စစ်ဆင်ရေး ဆောင်ရွက်ခဲ့သည်။ ဘာကြောင့်လဲဆိုတော့ မြန်မာစစ်တပ်က အိန္ဒိယအစိုးရအား တိုက်ခိုက်နေသော စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ နာဂသူပုန် စခန်းများကို သိမ်းပိုက်ပေးမှုကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံ၏အနောက်ဖက်ခြမ်းသည် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေး အကျိုးစီးပွားအတွက် မဟာဗျူဟာအရ အလွန်အရေးပါသောဒေသ ဖြစ်သည်။ ပလက်ဝတွင်ဖြစ်နေသော တိုက်ပွဲကြောင့် မြန်မာနိုင်ငံ၊ ပလက်ဝဒေသနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုရိန်ပူရိ ဒေသကြား ဖောက်လုပ်နေသော (၁၀၉)ကီလိုမီတာ ရှည်လျားသော အဝေးပြေးလမ်းမအား ရပ်ဆိုင်းထားရသည်။ ၎င်းအဝေးပြေးလမ်းဖောက်လုပ်မှုကို ၂၀၁၈ ခုနှစ် တွင် စတင်အုတ်မြစ်ချခဲ့ပြီး၊ ၎င်းသည် အိန္ဒိယနိုင်ငံမှ ဆောက်လုပ်နေသော အလွန်ကြီးကျယ်သော ကုလားတန်ဘက်စုံသုံး ကုန်းလမ်းပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည်။ ယင်းအခြေအနေကို အခွင့်ကောင်းယူလျှက် အေအေခွဲထွက်ရေးအဖွဲ့ခေါင်းဆောင်က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အဆိုပါအဝေးပြေးလမ်းမအပြင် အေအေတို့ စိုးမိုးထားသော ပလက်ဝမှ ကုလားတန်မြစ်ကြောင်းတစ်လျှောက် စီးပွားဖြစ် ကူးသန်းသွားလာနေသော သင်္ဘောရေယာဉ်များမှလည်း အခွန်ကောက်မည်ဟု ညွန်ကြားချက်ထုတ်ခဲ့သည်။
ကုလားတန်ဘက်စုံသုံး ကုန်းလမ်းပို့ဆောင်ရေးစီမံကိန်း အောင်အောင်မြင်မြင် အကောင်အထည်ဖော်ရန် ရခိုင်ဒေသတွင်း တည်ငြိမ်အေးချမ်းမှုမှာ အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားဖြစ်သည်။ ရခိုင်ဒေသတွင်း အိန္ဒိယနိုင်ငံ၏ ဩဇာလွမ်းမိုးမှု အတော်အသင့်ရှိသည်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့ စပိဘုတ်နှစ်စီးဖြင့် ချင်းပြည်နယ် ပလက်ဝမြို့မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့သွားသော ခရီးသွားများကို အေအေက ပြန်ပေးဆွဲသည့်နောက်ပိုင်း သိလိုက်ရသည်။ ၎င်းခရီးသွားများထဲတွင် အိန္ဒိယနိုင်ငံသား (၅) ယောက်နှင့် မြန်မာနိုင်ငံသား NLD လွှတ်တော်အမတ်တစ်ယောက် အပါအဝင် (၅)ယောက်ပါဝင်သည်။ အိန္ဒိယအစိုးရ၏ ချက်ချင်းကြားဝင်ပေးမှုကြောင့် (၂၄)နာရီအတွင်း ၎င်းနိုင်ငံသား (၅) ယောက် လွတ်မြောက်လာခဲ့ကြသည်။ (အိန္ဒိယနိုင်ငံသားတစ်ယောက်ကတော့ အေအေက ထိန်းသိမ်းထားစဉ် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်)။ ဒါပေမဲ့ ပါလီမန်အမတ်နှင့် တခြားလူတွေတော့ လွတ်မလာခဲ့ပေ။ NLD လွတ်တော်အမတ်ကတော့ (၇၉)ရက်အကြာမှာ ရခိုင်လူမျိုးများနှင့် သူ့ပြည်နယ် မီဇူရမ်အတွက် လက်နက်ကိုင်တော်လှန်ကတည်းက ဆက်ဆံရေးရှိခဲ့သော၊ ရခိုင်လူမျိုးများ ခင်မင်ရင်းနှီးမှုရှိသော လက်ရှိမီဇူရမ်ပြည်နယ်၏ ဝန်ကြီးချုပ် ဇိုရမ်သန်ဂ (Zoramthanga) အကူအညီဖြင့် လွတ်မြောက်လာခဲ့သည်။ ဒီလိုကြားဝင်စေ့စပ်ပေးနိုင်မှုသည် မြန်မာနိုင်ငံ၏ လက်ရှိအကြပ်အတည်းကို ဖြေရှင်းနိုင်ခြေရှိသော အိန္ဒိယနိုင်ငံ၏ အခွင့်အလမ်းဖြစ်လာနိုင်သည်။ အိန္ဒိယနိုင်ငံအနေနှင့်လည်း ရခိုင်ပြည်တွင်း ပဋိပက္ခတိုးပွားလာနေခြင်းကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းသို့ အလုံးအရင်းဖြင့်ဝင်လာမည့် ဒုက္ခသည်များအား တားဆီးကာကွယ်ရန်လည်း လိုအပ်သည်။
သို့အတွက် အန္ဒိယအစိုးရအနေနှင့် အိမ်နီးနားချင်း ဒေသတွင်း တည်ငြိမ်အေးချမ်းအောင်လုပ်ရမည်။ သို့သော်လည်း ရခိုင်လူမျိုးများ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပြီး လုပ်မှသာလျှင် တည်ငြိမ်အေးချမ်းမှုကို ဆောင်ကြဉ်းနိုင်မည် ဖြစ်သည်။
ဆယ်စုနှစ် တစ်ခုကျော်အတွင်း အေအေ ရက္ခိုင့်တပ်တော်သည် ရခိုင်လူမျိုးများ၏ အခွင့်အရေး၊ လွတ်လပ်ရေး၊ ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းနှင့် ရခိုင်တို့၏ ဘဝနေထိုင်ပုံများ မပျောက်ပျက်သွားအောင် ထိန်းသိမ်းမှုများအတွက် တိုက်ပွဲဝင်နေခြင်းဟု ရှုမြင်ခံယူပြီး၊ ခရီးလည်း အတော်ရောက်နေပြီဟု ပြော၍ရသည်။
မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်ကို စားပွဲပေါ်ရောက်လာအောင် လုပ်ဆောင်ပြီး ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ပြီး ရခိုင်လူမျိုးများ၏ လူမူရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများကို ဆွေးနွေးရမည်။ ရခိုင်လူမျိုးများ၏ ပူပန်စိုးရိမ်စိတ် ပြေပျောက်သွားအောင်လုပ်နိုင်သော အဓိကအချက်တစ်ခုကတော့ မြန်မာ့တပ်မတော်၏ လုပ်ငန်းများနှင့် အုပ်ချုပ်ရေးပုံစံများကို ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရမည်ဖြစ်သည်။
နိဂုံး
ရက္ခိုင့်တပ်တော်သည် သေသေချာချာ တည်ဆောက်ထားသော အမိန့်ပေးစနစ်အောက်မှာ စနစ်ကျသော တပ်ဖွဲ့ကိုတည်ဆောက်ပြီး စစ်ရေးလှုပ်ရှားကြသည်။ ဒေသခံလူထုနှင့် နိုင်ငံတကာရောက် ရခိုင်လူမျိုးများ၏ ထောက်ခံပံ့ပိုးပေးမှု ရရှိသောကြောင့် ၂၀၀၉ ခုနှစ်က လူငယ်အယောက် (၂၀) လောက်နှင့် စတည်ထောင်ခဲ့ရာမှ ယခုဆိုလျှင် တပ်သားပေါင်း (၇၀၀၀)ကနေ (၁၀၀၀၀) အထိရှိနေပြီ ဖြစ်သည်။ အေအေ တို့သည် သူ့တို့၏ ပြောက်ကျားစစ်ပွဲများတွင် ခေတ်မီလက်နက်များတပ်ဆင်ပြီး မြစ်ကြောင်းစစ်ပွဲ နည်းပရိရာယ်များကို အဆင့်မြှင့်လျက်၊ မြစ်ကြောင်းအခြေအနေကို အခွင့်ကောင်းယူကာ မြန်မာ့တပ်မတော်အား ပြင်းပြင်းထန်ထန် တိုက်ခိုက်လျှက်ရှိနေသည်။ မြေပြင်အခြေအနေနှင့် ဒေသခံလူထု၏ ပူးပေါင်းဆောင်ရွက်မှုရှိခြင်းတို့ကြောင့် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့ကလည်း ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန် တိုက်ခိုက်လျှက်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ထာဝရတည်တံ့သော ငြိမ်းချမ်းရေးအတွက်ဆိုရင်တော့ မြန်မာအစိုးရအနေဖြင့် အေအေနှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန်သဘောတူညီသော အဖြေတစ်ခုရှာပြီး ရခိုင်လူမျိုးများ၏ စိုးရိမ်ပူပင်မှုများကို ဆွေးနွေးမှုသည် အလွန်အရေးကြီးသည်။ အိမ်နီးနားချင်းပတ်ဝန်းကျင်မှာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရှိဖို့အတွက် ယခုလက်ရှိ ရခိုင်ဒေသတွင် မြှင့်တက်နေသော အကြပ်အတည်းများကို အိန္ဒိယနိုင်ငံအနေဖြင့် ဖျန်ဖြေစေ့စပ်သူအနေနှင့် ဖြေရှင်းပေးဖို့ လိုသည်။
Khine Moe Lurn
(မူရင်းဆောင်းပါးရှင် Cchavi Vasisht ၏ The Eastern Link တွင်ရေးသားဖော်ပြသော Arakan Army And Myanmar's Ethnic Strife : Pointers For Future ကို ဆီလျော်အောင် မြန်မာမှုပြုထားပါသည်။)
ဆက်စပ်ဖတ်ရှုရန် -