- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
အာဆာခေါင်းဆောင်တစ်ဦးကို အူခီးယာဒုက္ခသည်စခန်းတွင် သေနတ် ၄ လက်နှင့်အတူ ဖမ်းမိ
ထောက်လှမ်းရေးသတင်းရင်းမြစ်များကို အခြေခံပြီး ရဲတပ်ရင်းက ဂျူဟာယာကို ဖမ်းဆီးခဲ့ခြင်းဟု ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်ရဲတပ်ရင်း အမှတ် ၈ ၏ လက်ထောက်ကြီးကြပ်ရေးမှူး မဒ်ဖာရောက်အာမက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
11 May 2023

အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (အာဆာ) လက်နက်ကိုင်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးအား ကော့ဘဇားရှိ အူခီးယာဒုက္ခသည်စခန်းတစ်ခုတွင် ဘင်္ဂလားဒေ့ရှ်လက်နက်ကိုင် ရဲတပ်ရင်းက ဖမ်းဆီးမိခဲ့ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အသက် ၃၂ နှစ်အရွယ် ဟာဖက်ဂျူဘာယာကို မေလ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၄ နာရီခန့်က ဒုက္ခသည်စခန်းအမှတ် ၁၉ တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းနှင့်အတူ သေနတ် ၄ လက်၊ ကျည် ၃၂ တောင့်၊ ကျည်အိမ်များ၊ ဆက်သွယ်ရေးစက် ၂ စုံတို့ကိုပါ သိမ်းဆည်းရရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ထောက်လှမ်းရေးသတင်းရင်းမြစ်များကို အခြေခံပြီး ရဲတပ်ရင်းက ဂျူဟာယာကို ဖမ်းဆီးခဲ့ခြင်းဟု ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်ရဲတပ်ရင်း အမှတ် ၈ ၏ လက်ထောက်ကြီးကြပ်ရေးမှူး မဒ်ဖာရောက်အာမက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဂျူဘာယာကို ဖမ်းဆီးစစ်ဆေးရာတွင် ကနဦး၌ သူသည် မြန်မာနိုင်ငံဘက်ခြမ်းမှ တောင်ထူထပ်သည့် တစ်နေရာ၌ အာဆာစစ်သင်တန်းကို ခြောက်လကြာ သင်ယူခဲ့သည်ဟု ဝန်ခံခဲ့သည်။ ဒုက္ခသည်စခန်းရှိ ၎င်း၏ မိသားစုဝင်များကို တွေ့ဆုံရန် လာရောက်စဉ် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းရှိ ဒုက္ခသည်စခန်းများတွင် မွတ်ဆလင် ဒုက္ခသည်စုစုပေါင်း တစ်သန်းခန့် နေထိုင်လျက်ရှိသည်။ အဆိုပါစခန်းများအတွင်း ရာဝဇတ်မှုများနှင့် မှုခင်းများ အလွန်ထူပြောလျက်ရှိပြီး ၂၀၂၂ ခုနှစ်တွင် တရားဝင်မှတ်တမ်းတင်ထားသည့် မှုခင်းစုစုပေါင်း ၁၂၀၀ ခန့်ရှိခဲ့သည်။
စခန်းများတွင် ရာဇဝတ်ဂိုဏ်များလည်း အများအပြားရှိနေကာ ၎င်းတို့သည် စခန်းတွင်း သြဇာလွှမ်းမိုးရန် ကြိုးပမ်းရာမှ အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ပြီးခဲ့သော မေလ ၇ ရက်နေ့ အစောပိုင်းကလည်း ကော့ဘဇားရှိ ပါလောင်ခါလီ ဒုက္ခသည်စခန်းတွင် အာဆာတပ်ဖွဲ့ဝင် အယောက် ၂၀ ခန့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်အကြောင်းရင်းကို အသေးစိတ် မသိရသော်လည်း ဖြစ်စဉ်အတွင်း စခန်းရှိ ဒုက္ခသည်သုံးဦး သေနတ်ထိမှန်ပြီး ဒဏ်ရာရခဲ့သလို ဒုက္ခသည်များက ဝိုင်းဝန်းရိုက်နှက်ကြသည့်အတွက် သေနတ်သမားတစ်ဦး သေဆုံးခဲ့သည်။
၎င်းရှေ့တစ်ရက်ကလည်း တာကနာတွင် ဘင်္ဂလားဒေ့ရှ် ခြေမြန်တပ်ရင်းက ဝင်ရောက်စီးနင်းမှုကြောင့် အာဆာခေါင်းဆောင် တစ်ဦးဖြစ်သော ဟာဖစ်ဇာရာမန် အပါအဝင် စုစုပေါင်း ၆ ဦးကို ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့နှင့်အတူ ပြည်ပလုပ် ပစ္စတိုတစ်လက်၊ လက်လုပ်သေနတ် ၁၁ လက်နှင့် အခြားလက်နက်များ ဖမ်းဆီရမိခဲ့ကြောင်း ဒါကာထရီဗျူးန်းသတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။ ရာမန်သည် ပြန်ပေးဆွဲမှု၊ ဓားပြမှု၊ လူသတ်မှု၊ လူကုန်ကူးမှုအပါအဝင် အမှုပေါင်းများစွာနှင့် ဆက်စပ်ပြီး ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က အလိုရှိနေသူတစ်ဦးဖြစ်သည်။