- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှုများ လက်တွေ့ထိရောက်နိုင်သလား
အရပ်သားထောင်ချီ သတ်ဖြတ်ခံခဲ့ရပြီးနောက်တွင် ရီဂင်အစိုးရသည် အထောက်အပံ့များနှင့် လက်နက်ရောင်းချမှုများ အားလုံးကို ဆိုင်းငံ့ခဲ့သည်။ အာဏာသိမ်းပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ဖွဲ့စည်းခြင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၁၉၈၉ ခုနှစ်တွင် နေအိမ်အကျယ်ချုပ် ချမှတ်ခြင်း၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲပေးရန် ငြင်းဆန်ခြင်း အစရှိသော နောက်ဆက်တွဲ ဖြစ်ရပ်များနှင့်အတူ ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သည်။
30 Jun 2021
DMG ၊ ဇွန် ၃၀
အတွေးအမြင် ဘာသာပြန်ဆောင်းပါး
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုက နိုင်ငံတကာအသိုင်းအဝိုင်းအား မြန်မာစစ်အုပ်စုအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်စေလိုသည်။ သို့သော် သမိုင်းကြောင်းအရ ဆိုလျှင်တော့ ထိုကဲ့သို့ ဖြစ်လာမည်မဟုတ်ပေ။
အနောက်နိုင်ငံများသည် မြန်မာသို့ လက်နက်ရောင်းချမှု ဆိုင်းငံ့ခြင်း၊ မြန်မာစစ်တပ်၏ ရာထူးကြီးခေါင်းဆောင်များ အထိနာစေမည့် ပစ်မှတ်ထား အရေးယူခြင်းများဖြင့် တုံ့ပြန်ကြသည်။ သို့သော် မြန်မာ့အိမ်နီးချင်း နိုင်ငံများကမူ လုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်ဆဲသာ ဖြစ်နေသည်။
သြစတြေးလျနိုင်ငံ၏ အနေအထားသည် နမူနာဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် သြစတြေးလျသည် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂကဲ့သို့သော ၎င်း၏မိတ်ဆွေများ၏ ဦးဆောင်မှုနောက်က လိုက်ပါမည်ဟု မျှော်လင့်နိုင်သည်။ ထိုနိုင်ငံများသည် မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တားမြစ်ထားသလို စစ်အုပ်စု၏ အရေးပါသည့် အရာရှိများနှင့် သူတို့၏ မိသားစုဝင်များကို ပစ်မှတ်ထားကာ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့် ကန့်သတ်ခြင်းတို့ လုပ်ဆောင်ထားသည်။
သို့သော် သြစတြေးလျသည် “အမျိုးသားအကျိုးစီးပွား” ကို လက်ကိုင်ပြုကာ ဒေသတွင်း အခြားနိုင်ငံများလည်း ထိုကဲ့သို့ အရေးယူမှုမရှိသည်ကို အခြေခံပြီး အနောက်၏ပုံစံအတိုင်း လိုက်နာရန် ငြင်းဆန်ခဲ့သည်။
ဤအချက်သည် မှန်ကန်သည်။ အာဆီယံခေါင်းဆောင်များသည် ဧပြီလအတွင်း ဂျာကာတာတွင် တွေ့ဆုံစဉ် “အပြုသဘောဖြင့် ချိတ်ဆက်ဆောင်ရွက်မှု” နှင့် “အပြုသဘောဖြင့် ဆွေးနွေးမှု” တို့ကို ထောက်ခံခဲ့ကြသည်။ ဤထောက်ခံမှုသည် မြန်မာစစ်တပ် ဆယ်စုနှစ်နှစ်ခုစာ အုပ်ချုပ်ခဲ့စဉ်က ရှိခဲ့သည့် အာဆီယံ၏ ရပ်တည်ချက်ကိုလည်း ထင်ဟပ်သည်။
လောလောဆယ်၌ တရုတ်က “မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးရေးလမ်းကြောင်းအား ရွေးချယ်ခြင်းကို” အားပေးထောက်ခံသည်ဟု ပြောထားသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မြန်မာအပေါ် ဒဏ်ခတ်အရေးယူရန်မှာမူ တရုတ်၏ ဗီတိုအာဏာကြောင့် အခွင့်မသာ ဖြစ်နေရသည်။
အတိတ်က ဒဏ်ခတ်ပိတ်ဆို့မှုများ
၈ လေးလုံး ဆန္ဒပြမှုများအား မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းမှုများကြောင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောမသမဂ္ဂတို့က မြန်မာကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလတည်းက မိမိတို့သည် ဤဖြစ်ရပ်များကို ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။
အရပ်သားထောင်ချီ သတ်ဖြတ်ခံခဲ့ရပြီးနောက်တွင် ရီဂင်အစိုးရသည် အထောက်အပံ့များနှင့် လက်နက်ရောင်းချမှုများ အားလုံးကို ဆိုင်းငံ့ခဲ့သည်။ အာဏာသိမ်းပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ဖွဲ့စည်းခြင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၁၉၈၉ ခုနှစ်တွင် နေအိမ်အကျယ်ချုပ် ချမှတ်ခြင်း၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲပေးရန် ငြင်းဆန်ခြင်း အစရှိသော နောက်ဆက်တွဲ ဖြစ်ရပ်များနှင့်အတူ ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သည်။
၁၉၉၆ ခုနှစ်တွင် သမ္မတကလင်တန်အစိုးရသည် “မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကြန့်ကြာအောင် ဟန့်တားနှောင့်ယှက်မှုများကို စီမံခန့်ခွဲသူ၊ အကောင်အထည်ဖော်သူ သို့မဟုတ် ထိုမူဝါဒများမှ အကျိုးအမြတ် ရရှိနေသူများ” အား အမေရိကန်သို့ လာရောက်ခွင့်ဗီဇာ ဆိုင်းငံ့သည်။ ၁၉၉၇ ခုနှစ်တွင်လည်း အမေရိကန်စီးပွားရေး လုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်ကို တားမြစ်ပိတ်ပင်ခဲ့သည်။
၂၀၀၃ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်က မြန်မာ့ပို့ကုန်များကို ပိတ်ဆို့ပြီး အမေရိကန်နိုင်ငံသားများ မြန်မာနိုင်ငံသို့ ငွေကြေးဝန်ဆောင်မှုများ ပေးခြင်းကိုလည်း တားမြစ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ မည်သည့် ကျောက်မျက်နှင့် ပတ္တမြား တင်သွင်းမှုအားလုံးကို တားမြစ်သည်။
အခြားသော အနောက်နိုင်ငံများသည်လည်း သူ့အတိုင်းအတာနှင့်သူ ဤနည်းလမ်းကို ကျင့်သုံးခဲ့ကြသည်။ ဥရောပသမဂ္ဂဆိုလျှင် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု တားမြစ်ခြင်း၊ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအား ဗီဇာကန့်သတ်ခြင်းများ ၁၉၉၆ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။ ၂၀၀၇ တွင် မြန်မာနိုင်ငံမှ သစ်၊ သတ္တုနှင့် တန်ဖိုးကြီးကျောက်များ တင်ပို့ခြင်းကို တားမြစ်ခဲ့သည်။
သြစတြေးလျနိုင်ငံသည်လည်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို မည်သည့်အခါမျှ မပိတ်ပင်ခဲ့သော်လည်း ထိပ်ပိုင်းအရာရှိများအား ငွေကြေးလွှဲပြောင်း ဝန်ဆောင်မှုများကို ကန့်သတ်ခြင်း၊ ဗီဇာနှင့် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများကဲ့သို့သော ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခဲ့သည်။
ပုံမှန်လည်ပတ်မြဲ
သို့သော် မြန်မာ့အိမ်နီးချင်းနိုင်ငံများအတွက်မူ ပုံမှန်ဆက်ဆံရေးသာ ထားရှိခဲ့သည်။ တရုတ်သည် မြန်မာအပေါ် အနီးကပ်ဆက်ဆံရေး ထားရှိပြီး တခါတစ်ရံ ခပ်တင်းတင်း ဆက်ဆံသည်။ အာဆီယံအဖွဲ့က “အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံရေး” အကြောင်းကို ပြောသည်။
၁၉၉၇ ခုနှစ်တွင် မြန်မာကို အာဆီယံအဖွဲ့ကြီး ကြိုဆိုခဲ့စဉ်က မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က “သူတို့ကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့အတွက် သူတို့အိမ်ကို သေချာ ထိန်းသိမ်းနိုင်တဲ့အထိ စောင့်နေဖို့ မဖြစ်နိုင်ဘူး” ရှင်းပြဖူးသည်။ ကက်သရင်းရှာနာဟန်ရန်းရှောကဲ့သို့ လူ့အခွင့်အရေး ပညာရှင်များ၏ လေ့လာမှုတွင် “မြန်မာ့ဒီမိုကရေစီအကူးအပြောင်းကို ကူညီရာတွင် အာဆီယံအဖွဲ့၏ လွှမ်းမိုးမှုကို မျက်ကွယ်ပြုထား၍ ရနိုင်သည်” ဟု ဖော်ပြခဲ့သည်။
ဤနည်းအားဖြင့် မြန်မာနိုင်ငံရှိ အာဆီယံ ရင်းနှီးမြှုပ်နှံမှုများသည် မြင့်တက်ခဲ့ပြီး အမေရိကန်နှင့် အခြားနိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုများကြောင့် ထုတ်မသုံးရသေးသည့် အခွင့်အရေးများအား အာဆီယံက အမိအရ သိမ်းပိုက်နိုင်ခဲ့သည်။
ဤအချက်ကို ထောက်ရှုကာ ဝေဖန်သူများက ဒဏ်ခတ်အရေးယူမှုများသည် ရည်ရွယ်ချက်မဲ့သည်ဟု ယူဆကြသည်။ ဥပမာအားဖြင့် US Cato Institute မှ နိုင်ငံရေးပညာရှင် လီယွန်ဟေဒါ (Leon Hadar) က “ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအား တစ်ဘက်သတ် ဒဏ်ခတ် အရေးယူမှုများ” သည် မျက်နှာစာတိုင်းတွင် အရှုံးနှင့်သာ ရင်ဆိုင်နေရသည်ဟု စောဒကတက်ခဲ့သည်။
နိုင်ငံတကာ ကုန်သွယ်ရေး အသင်းအဖွဲ့များနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက ထိုအချက်ကို သဘောမတူကြပေ။ ဒဏ်ခတ်အရေးယူမှုများသည် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးကို မြှင့်တင်ရေးအတွက် အရေးပါသော ဖိအားများဖြစ်သည်ဟု သူတို့က ယူဆကြသည်။
သို့သော် မြန်မာ့ထုတ်ကုန်များကို တားမြစ်မှုများနှင့် ကန့်သတ်ခြင်းများကဲ့သို့ ပိုမိုကျယ်ပြန့်သော ဒဏ်ခတ်အရေးယူမှုများ၏ နောက်ဆက်တွဲ ဆုံးရှုံးမှုများကြောင့် တကယ်တမ်း အကူအညီ လိုအပ်နေသူများကိုယ်တိုင် အကြီးအကျယ် ထိခိုက်နစ်နာမှုများ ရှိကြောင်းလည်း လေ့လာသူအများစုက အသိအမှတ်ပြုကြသည်။ ၂၀၀၃ ခုနှစ်က ချမှတ်ခဲ့သည့် မြန်မာ့ထုတ်ကုန်အားတားမြစ်မိန့်ကြောင့် အထည်အချုပ် စက်ရုံများတွင် အလုပ်လက်မဲ့ ဖြစ်သွားသူ ၅ သောင်းမှ ၆ သောင်းအထိ ရှိနိုင်ကြောင်း အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ်က လေ့လာချက်တစ်ရပ်တွင် ဖော်ပြထားသည်။
၂၀၂၁ တွင် ဒဏ်ခတ်အရေးယူမှုများ
ယခုတစ်ကြိမ်၌ အမေရိကန်၊ ဥရောပနှင့် အခြားနိုင်ငံအချို့အနေဖြင့် မြန်မာလူထုကို မထိခိုက်စေဘဲ စစ်အုပ်စုကို ပစ်မှတ်ထားပြီး ပိုမိုထိရောက်အောင် ဆောင်ရွက်ရန် ဖြစ်နိုင်မည်လား။
ဖြစ်နိုင်မည်ဟု ယုံကြည်ပါသည်။ ပထမဆုံးအားဖြင့် အမေရိကန်၊ ဗြိတိသျှနှင့် ဥရောပတို့သည် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစနစ်အပေါ် သြဇာလွှမ်းမိုးမှု ကြီးမားသည်။ Human Rights Watch အဖွဲ့က အောက်ပါအတိုင်း ဖော်ပြထားသည်။
US ၊ UK ၊ EU နှင့် အခြားသော တရားရေးအဖွဲ့အစည်းများက ချမှတ်သည့် ဒဏ်ခတ်အရေးယူမှုများသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အလွန်ကြီးမားကျယ်ပြန့်သည့် နောက်ဆက်တွဲရလဒ်များ ထွက်ပေါ်စေနိုင်သည်။ ကမ္ဘာ့ ငွေကြေးအဖွဲ့အစည်းနှင့် ဘဏ်လုပ်ငန်း အများစုသည် ဤနိုင်ငံများ၏ တရားစီရင်ရေးတွင် အခြေခံထားပြီး လုံခြုံရေးအရ အပြန်အလှန် အာမခံပေးသည့် ကုန်သွယ်မှု သို့မဟုတ်ပါက ဆီလျော်သည့် ဒဏ်ခတ်အရေးယူမှုများ သို့မဟုတ် စည်းကမ်းများကို လိုက်နာအောင် တွန်းအားပေးခံရနိုင်သည့် အဖွဲ့အစည်းများနှင့် ဆက်စပ်နေခြင်းများ ရှိနေသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဖြစ်ပြီး ယခင်က အမေရိကန် အထက်လွှတ်တော်အမတ်လည်း ဖြစ်သူ သောမက်အင်ဒရူးက မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံမှုများအား အမေရိကန်က တားမြစ်ခြင်းသည် မြန်မာစစ်တပ်အတွက် အကျိုးအမြတ်ဖြစ်စေမည့် “အမေရိကန်ဒေါ်လာကို အသုံးပြုသည့် ငွေအလွှဲအပြောင်းများ” ကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်သည့် မည့်သည့်အမေရိကန်မဟုတ်သည့် ဘဏ်မဆို သို့မဟုတ် ဝန်ဆောင်မှုမဆို ရာဇဝတ်မှုမြောက်ကာ ပြစ်ဒဏ်ကျခံရမည့် သဘောဖြစ်ကြောင်း ပြောသည်။
တရုတ်၏ အားပေးထောက်ခံမှု မပါလျှင်တောင်မှ မြန်မာစစ်အုပ်စုအပေါ် ဘဏ္ဍာရေးအရ အထီးကျန်အောင် လုပ်နိုင်သည့် နည်းလမ်းမှာ အများအပြားရှိနေသည်။
ဒုတိယ အကြောင်းရင်းမှာ လူ့အခွင့်အရေး လှုပ်ရှားသူများကဲ့သို့ အရပ်ဘက် အုပ်စုများသည် နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများကို ဖိအားပေးနိုင်သည့် အခြေအနေ ရှိနေခြင်း ဖြစ်သည်။ မြန်မာစစ်တပ်ပိုင် ကုမ္ပဏီများနှင့် ဖက်စပ်ဆောင်ရွက်နေကြသည့် တောင်ကိုရီးယား စတီးကုမ္ပဏီ ပေါ်စကိုနှင့် အိန္ဒိယ သယံဇာတကုမ္ပဏီ အာဒါနီအုပ်စု တို့ဆိုလျှင် ဤဖိအားကို ခံစားမိနေကြပြီ ဖြစ်သည်။
ဖြုတ်ချခံ လွှတ်တော်အမတ်များနှင့် ဖွဲ့စည်းထားသည့် NUG စင်ပြိုင်အစိုးရသည် နိုင်ငံခြား ကုမ္ပဏီများအားလုံးကို စစ်အုပ်စုကို ပေးစရာရှိသော ငွေကြေးများအားလုံးအား ဆိုင်းငံ့ခြင်း အပါအဝင် မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားလုံးကို ရပ်တန့်စေလိုသည်။
အရေးပါသည့် ဥပမာတစ်ခုမှာ အစိုးရအတွက် နှစ်စဉ် ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁ ဘီလျံခွဲ့ခန့် ရှာပေးနေသည့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဖြစ်သည်။ MOGE ၏ ပြည်ပ ဖက်စပ်ကုမ္ပဏီများတွင် အမေရိကန်ပိုင် ချက်ဗရွန်နှင့် ပြင်သစ်ပိုင် တိုတယ်တို့ ပါဝင်သည်။
မြန်မာစစ်အုပ်စု၏ ဘဏ္ဍာရေးလမ်းကြောင်းကို ဖြတ်တောက်ခြင်းသည် စစ်တပ်၏ အာဏာချုပ်ကိုင်မှုကို အားနည်းစေမည်ဖြစ်သည်။ နောက်ဆက်တွဲ နစ်နာမှုများ ရှိမည်ဆိုလျှင်ပင် ဤနည်းလမ်းသည် အပျံသင်စဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် ရုန်းကန်နေကြသော မြန်မာပြည်သူလူထုက အင်တိုက်အားတိုက် တောင်းဆိုနေကြသည့် “အပြုသဘောဆောင်သည့် လက်တွဲဖြုတ်ခြင်း” သာ ဖြစ်ပေသည်။
(The Conversation ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော Htwe Htwe Thein နှင့် Michael Gillan တို့ရေးသားသည့် ‘Why sanctions can work in Myanmar’ ကို ဆီလျော်အောင် မြန်မာမှုပြုပါသည်။)