ကိုဗစ်-၁၉ အကြောင်းမကြားဖူးသူ သိန်းချီရှိနေတဲ့နိုင်ငံ

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch) နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ အဖွဲ့ကတော့ ခုလို အင်တာနက်ပိတ်ဆို့ထားတာဟာ ပြည်သူလူထုအတွက် အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။ ပြည်သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို သတင်းပေး တိုင်ကြားခြင်း မပြုနိုင်ရုံသာမက အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်တဲ့ လူထုကျန်းမာရေး ပညာပေး ဆောင်ရွက်ချက်တွေနဲ့ပါ အဆက်အသွယ် ပြတ်တောက်နေတာ ဖြစ်ပါတယ်။

By စောသန္တာအေး 01 Jul 2020

(ဓာတ်ပုံ - The New York Times)

စောသန္တာအေး ဘာသာပြန်ဆိုသည်။

မြန်မာပြည်အနောက်ပိုင်း အလှမ်းဝေးလွန်းတဲ့နေရာက သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ အစိုးရရဲ့ကျေးဇူးတော်ကြောင့် ကိုဗစ်-၁၉ ရောဂါဆိုးအကြောင်းကို ရေရေရာရာ မသိဘဲ ရှိနေနိုင်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။ အဲဒီဒေသမှာ ပြင်းထန်လှတဲ့တိုက်ပွဲတွေ ရှိနေပြီး မြန်မာအစိုးရကလည်း အင်တာနက်ဖြတ်တောက်ထားတာ နှစ်ချီ ကြာမြင့်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာအစိုးရဟာ ၂၀၁၉ ဇွန်လမှာ ဒီဒေသထဲက မြို့နယ် ၉ ခုမှာ အင်တာနက်ဖြတ်တောက်ခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တွေအကြား ပဋိပက္ခတွေကို အင်တာနက်က မီးလောင်ရာလေပင့် ဖြစ်စေတယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ပါ။

မေလမှာတော့ မြို့နယ်တစ်ခုမှာ အင်တာနက်ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လူဦးရေစုစုပေါင်း ၈ သိန်းခန့်ရှိတဲ့ ကျန်တဲ့ ၈ မြို့နယ်မှာတော့ သတင်းအမှောင်ချထားဆဲပါ။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch) နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ အဖွဲ့ကတော့ ခုလို အင်တာနက်ပိတ်ဆို့ထားတာဟာ ပြည်သူလူထုအတွက် အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။ ပြည်သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို သတင်းပေး တိုင်ကြားခြင်း မပြုနိုင်ရုံသာမက အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်တဲ့ လူထုကျန်းမာရေး ပညာပေး ဆောင်ရွက်ချက်တွေနဲ့ပါ အဆက်အသွယ် ပြတ်တောက်နေတာ ဖြစ်ပါတယ်။

 “ရခိုင်ပြည်နယ်မှာ ကပ်ရောဂါကြားက မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ရဲ့ လက်နက်ကိုင်ပဋိပက္ခ တွေကြောင့် အရပ်သားတွေဟာ သူတို့ရဲ့ လုံခြုံရေးအတွက် သတင်းအချက်အလက်တွေ သိခွင့်ရဖို့ အရေးကြီးတယ်။” လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အာရှရေးရာ ဥပဒေအကြံပေး လင်ဒါ လက်ဒီယာ က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားထားပါတယ်။

ဇွန်လ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ၆၄၅၃၂ ကြိမ်ရှိပါတယ်။ ဒီအထဲမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိမှု ၂၉၂ ကြိမ်ရှိပြီး သေဆုံးသူစုစုပေါင်း ၆ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်က မွတ်ဆလင် တစ်သိန်းကျော် နေထိုင်နေကြတဲ့ ဒုက္ခသည်စခန်းတွေမှာလည်း ကူးစက်မှုတချို့ တွေ့ရှိထားပါတယ်။ ဒီက ဒုက္ခသည်အများစုဟာ မြန်မာစစ်တပ်ရဲ့ ၂၀၁၈ ခုနှစ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်ကြောင့် ရောက်နေကြတာ ဖြစ်ပါတယ်။ မွတ်ဆလင်တွေအပေါ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တရားစွဲခံထားရတဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာခုံရုံးမှာ ရင်ဆိုင်ဖို့ ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။ ဒီဒေသမှာ မကြာသေးမီကမှ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသူ ရခိုင်လူမျိုးတွေလည်း ရှိနေကြပါတယ်။

၂၀၂၀ အစောပိုင်းမှာ ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာကပ်ဘေးကြီး ပျံ့နှံ့လာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဟာ “မည်သူ့ကိုမှ ချန်လှပ်မထားရေး” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ လူအချင်းချင်း ခပ်ခွာခွာ နေထိုင်ရေး (Social Distancing) လိုမျိုး ရောဂါကာကွယ်ရေး လှုံ့ဆော်ချက်တွေ စတင်ခဲ့ပါတယ်။

ဒါပေမဲ့ ALD ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကတော့ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် စပ်ကြားတစ်ဝိုက်ဒေသတွေမှာ ကျန်းမာရေးသတိပေးချက်တွေ မသိကြဘူးလို့ တနင်္ဂနွေနေ့က ပြောပါတယ်။ အစိုးရရဲ့ ဖေ့စ်ဘုတ်၊ ဖုန်းဆော့ဖ်ဝဲနဲ့ ဝက်ဘ်ဆိုက်ပေါ်က အသိပေးချက်တွေကို ဒီဒေသတွေမှာ လက်လှမ်းမမီကြပါဘူး။

 “ကျွန်မရဲ့ မဲဆန္ဒနယ်ကပြည်သူတွေကို ကိုဗစ်-၁၉ အကြောင်း သိကြလားမေးကြည့်တာ ကမ္ဘာ့ကပ်ရောဂါကြီးအကြောင်းကို သူတို့ကို အစကနေ ပြန်ရှင်းပြနေရတယ်။ Social Distancing (အချင်းချင်း ခပ်ခွာခွာနေဖို့) ဆိုတာက ဘယ်ဟာ၊ လက်ကို ဘယ်လို သေချာဆေးရမယ် ဆိုတာတွေ ရှင်းပြရတယ်။” လို့ ဒေါ်ထုမေက ပြောပါတယ်။

 “ကိုဗစ်နဲ့ဆိုတော့ ကျွန်မလည်း သိပ်သွားလာလို့ မရဘူးလေ။ ကျွန်မလည်း တွေ့သမျှလူကို သတိပေးရုံပဲ တတ်နိုင်တယ်။ …သူတို့က ကိုဗစ်အကြောင်း မကြားဖူးတော့ မကြောက်ကြဘူး။ လောလောဆယ်မှာ သူတို့က တိုက်ပွဲကို အများကြီးပိုစိုးရိမ်ကြတယ်” လို့ လွှတ်တော်အမတ်ဒေါ်ထုမေက ပြောပါတယ်။

စီအန်အန်က ဒီအကြောင်းကို မေးမြန်းဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးဆီ ဆက်သွယ်ထားပါတယ်။

အဆုံးမသတ်နိုင်သေးတဲ့ တိုက်ပွဲတွေ

တပ်မတော်နဲ့ အေအေကြား ရင်ဆိုင်တိုက်ပွဲတွေဟာ ၂၀၁၈ နှောင်းပိုင်းမှာ စတင်ခဲ့ပါတယ်။ အေအေဟာ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးအများစုနေထိုင်တဲ့ ရခိုင်ပြည်နယ်မှာ ပိုမိုကျယ်ပြန့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

စစ်ပွဲအရှိန် မြင့်လာတာနဲ့အမျှ အင်တာနက်ဖြတ်တောက်မှု ရှိလာပြီး အရပ်သား သေကြမှုတွေလည်း ရှိလာပါတယ်။ လူထုဟာ သတင်းအချက်အလက်ကို အချိန်နဲ့တစ်ပြေးညီ မရကြတော့ဘူးလို့ ရခိုင်နိုင်ငံရေးပါတီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး တနင်္ဂနွေနေ့က လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။

အင်တာနက် ဖြတ်တောက်လိုက်ပေမယ့် တိုက်ပွဲတွေက ပိုမိုများပြားလာသလို ၂၀၂၀ ဇန်နဝါရီကနေ မေလအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၁၅၁ ဦး၊ ဒဏ်ရာရသူ ၃၄၄ ဦးရှိတယ်လို့ ဒီစာအရ သိရပါတယ်။

 “ဒါက အရှုံးအနိုင် အဖြေပေါ်မယ့်ပဋိပက္ခ မဟုတ်ဘူး” မြန်မာ့အရေး လေ့လာသုံးသပ်သူ ရစ်ချက်ဟိုဆေးက နိုင်ငံတကာ ပဋိပက္ခတွေစောင့်ကြည့်ရေး အဖွဲ့ (International Crisis Group) ထံပေးပို့တဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ ရေးသားထားပါတယ်။ ဒီကိစ္စဟာ ရခိုင်လူထုက ပိုမိုကျယ်ပြန့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ သူတို့နဲ့အနာဂတ်အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်လိုချင်လို့ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာပဲ။ ဒါကို နိုင်ငံရေးအရ တုန့်ပြန်အဖြေရှာရမှာကို လုပ်ဆောင်နေတာတော့ မရှိဘူး” လို့ သူက ဆိုပါတယ်။

ဒါကိုမဖြေရှင်းနိုင်ရင် အဆုံးမသတ်တဲ့ စစ်ပွဲပဲရှိလာမယ်လို့ ဟိုဆေးက ပြောပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း အေအေနဲ့ မြန်မာစစ်တပ် နှစ်ဖွဲ့လုံးအပေါ် ရှိနေပါတယ်။

ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်မှုတွေဟာ အင်တာနက်ဖြတ်တောက်ထားမှုကြောင့် သတင်းပေးပို့နိုင်ခြင်း မရှိသလို မှတ်တမ်းတင်ထားနိုင်ခြင်းလည်း မရှိဘူးလို့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးခိုင်ကျော်မိုးက ပြောပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေက တပ်မတော်နဲ့ အေအေ နှစ်ဘက်လုံးမှာ ရှိနိုင်တယ်။ အင်တာနက်မရှိတော့ လူထုက ဒီလိုကိစ္စမျိုးကို တင်ပြနိုင်တဲ့ သတင်းထောက်တွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ပြတ်နေတယ်။” လို့ ဦးခိုင်ကျော်မိုးက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူပြီး တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာ ရခိုင်အဖွဲ့အစည်း ၇၉ ဖွဲ့ ပူးပေါင်းလက်မှတ်ရေးထိုးထားပါတယ်။ အစိုးရအနေနဲ့ နိုင်ငံရေးအရ အဖြေရှာရန်အတွက် အင်တာနက်ဖြတ်တောက်ထားမှုကို အရင်ပြန်ဖွင့်ပေးဖို့ လိုအပ်တယ်လို့ ဒီစာမှာ ဖော်ပြထားပါတယ်။

လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့ သတင်းအချက်အလက်များ ရယူပိုင်ခွင့်ဟာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ယနေ့ခေတ်မှာ အင်တာနက်အသုံးပြုခွင့်ဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတစ်ရပ်ဖြစ်ကြောင်း၊ စီးပွားရေး ပညာရေး ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ သတင်းအချက်အလက်တွေ တန်းတူညီမျှရယူခွင့် တောင်းဆိုကြောင်း ဒီစာမှာ ရေးသားထားပါတယ်။

ရွေးကောက်ပွဲနှစ်

တခြားနိုင်ငံအများစုမှာလိုပဲ မြန်မာနိုင်ငံမှာလည်း ကိုရိုနာပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် သွားလာခွင့်ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒီအထဲမှာ လူစုလူဝေးမလုပ်ဖို့၊ နိုင်ငံရပ်ခြားက ပြန်ရောက်လာသူတွေ ကွာရန်တင်းဝင်ဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

ဒီစည်းကမ်းတွေကို မလိုက်နာသူတွေအတွက်လည်း အစိုးရဟာ ပြစ်ဒဏ်တွေ သတ်မှတ်ထားပါတယ်။ ကွာရန်တင်းစည်းကမ်းတွေကို မလိုက်နာသူတွေအတွက် ဆိုရင် တစ်နှစ်အထိ အပြစ်ပေးနိုင်တဲ့ ထောင်ဒဏ်လည်း ပါဝင်ပါတယ်။ စည်းကမ်းဖောက်ဖျက်လို့ အကျဉ်းကျခံရသူ ၅၀၀ ထက်မနည်းရှိပြီး ဒီအထဲမှာ ကလေးတွေလည်း ပါဝင်ပါတယ်။

ဒီစည်းကမ်းတွေဟာ ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပုံပေါ်ပေမယ့် အခြားတစ်ဘက်မှာတော့ ဝေဖန်မှုတွေ ရှိနေပြန်ပါတယ်။

 “ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အကျဉ်းထောင်ထဲမှာ လူရာပေါင်းများစွာကို အုပ်စုလိုက် အချုပ်ခန်းထဲ ထည့်လိုက်တာက ကိုဗစ်ထိန်းချုပ်ရေး ရည်ရွယ်ချက်နဲ့ ပြောင်းပြန်ဖြစ်နေတယ်”  လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က မေလမှာထုတ်ပြန်ခဲ့တဲ့ စာထဲမှာ ဖီလ်ရောဘက်ဆင်က ပြောကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုဗစ်ကို ကိုင်တွယ်ပုံဟာ ဒီနှစ်နှောင်းပိုင်းမှာကျင်းပယ့် ရွေးကောက်ပွဲအတွက်လည်း အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

ဒေါ်ထုမေကတော့ ရခိုင်ဒေသက တိုက်ပွဲတွေနဲ့ နောက်ဆက်တွဲ အင်တာနက်ဖြတ်တောက်မှုတွေကြောင့် ဒီဒေသမှာ ဒေါ်စုနဲ့ သူ့ရဲ့ NLD ပါတီကို မဲပေးမယ့်သူအရေအတွက် လျော့နည်းသွားနိုင်တယ်လို့ ပြောပါတယ်။

 “၂၀၁၅ တုန်းက ကျွန်မ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ခဲ့တယ်။ သူနဲ့တွဲလုပ်ရမှာကို ဝမ်းသာခဲ့တယ်။” လို့ ဒေါ်ထုမေက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်ဘက်က ပြည်သူလူထုအတွက် အင်တာနက်အသုံးပြုခွင့်ရအောင် ကူညီပေးလိမ့်မယ်လို့ပဲ ယူဆခဲ့တာ၊ ဖြတ်တောက်ပစ်မယ် မထင်ခဲ့ဘူး” လို့ သူက ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူ့အခွင့်အရေးဆိုတာကို ပါးစပ်ကပြောနေရုံနဲ့မရဘူး။ လက်တွေ့လုပ်ဆောင်ဖို့ လိုတယ်။” လို့ ဒေါ်ထုမေက ထပ်လောင်းပြောကြားပါတယ်။

အခြားတစ်ဘက်မှာတော့ ဗိုင်းရပ်စ်အရေးနဲ့ ပတ်သက်လို့ ဒေါ်စုရဲ့ကိုင်တွယ်ပုံတွေဟာ ရွေးကောက်ပွဲအပေါ် ဘာမှ အကျိုးသက်ရောက်မှု မရှိတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ အင်တာနက် ဖြတ်တောက်ခံထားရတဲ့အတွက် နိုင်ငံအနောက်ပိုင်း အစွန်အဖျားဒေသက ပြည်သူအများအပြားဟာ ဒီကပ်ဘေးအကြောင်းကို နကန်းတစ်လုံးမှ မကြားဖူးလိုက်တာမျိုးလည်း ဖြစ်နိုင်တဲ့အတွက်ပါ။

စောသန္တာအေး
(စီအန်အန်သတင်းဌာန ဆောင်းပါးရှင် Angus Watson ရဲ့ The country where hundreds of thousands of people haven't heard of Covid-19 ကို မြန်မာဘာသာ ပြန်ဆိုပါတယ်။)