မြန်မာ့အရေး အာဆီယံကိုအားကိုးလို့ ရပါ့မလား

ဒီအချိန်က အာဆီယံအတွက်ရော မြန်မာအတွက်ပါ အရေးကြီးတဲ့အချိန်ပါပဲ။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်တွေ လက်အောက်ကျရောက်ခဲ့တာ ၁၅ လကျော်သွားခဲ့ပြီဖြစ်သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးသင့်နေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူ ၁၄ သန်းနီးပါးရှိနေပါတယ်။ ဒီပမာဏက ယူကရိန်းစစ်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ ယူကရိန်းစစ်ဘေးဒုက္ခသည် အရေအတွက်ထက် ၃ ဆနီးပါး ရှိနေတာ ဖြစ်ပါတယ်။

By ကြည်ဖြူစံ 12 Jun 2022

၂၀၂၁ ခုနှစ် ဧပြီ ၂၅ ရက်က အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော မြန်မာ့အရေး အာဆီယံအစည်းအဝေး။

DMG ၊ ဇွန် ၁၂

(ဘာသာပြန်ဆောင်းပါး)

ဝါရှင်တန်မှာကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး ပြီးဆုံးသွားချိန်မှာတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံက ရှေ့ဆက်ဆောင်ရွက်ရမယ့် ခရီးလမ်းကြောင်းက ပြတ်ပြတ်သားသား ပေါ်ထွက်လာခဲ့ပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အလွတ်သဘောတွေ့ဆုံခဲ့ချိန်မှာပဲ အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်တဲ့ ဒေသတွင်းအဖွဲ့အစည်း အာဆီယံအနေနဲ့ အာဏာသိမ်းမြန်မာစစ်တပ်က ဖန်တီးခဲ့တဲ့ အကြပ်အတည်းတွေကို ပြေလည်စေမယ့်ခြေလှမ်းတွေ စတင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေက ကြီးမားတဲ့လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေး ပေါ်အခြေအနေ ဖြစ်နေတဲ့အတွက် အာဆီယံကဆောင်ရွက်ပေးမယ့် အကူအညီတွေနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေက နောက်ထပ်စောင့်နိုင်မယ့်ပုံ မပေါ်တော့ပါဘူး။ အကယ်၍များ အာဆီယံအနေနဲ့ မြန်မာ့အရေးကိုဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ချက်ရှိနေတယ်ဆိုရင် လက်ရှိမြန်မာ့အကြပ်အတည်းက ကြီးမားပြီး တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာဖြစ်တယ်လို့ ကမ္ဘာကြီးကို အာဆီယံကတောင်းဆိုဖို့ လိုပါတယ်။

ဒီအချိန်က အာဆီယံအတွက်ရော မြန်မာအတွက်ပါ အရေးကြီးတဲ့အချိန်ပါပဲ။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်တွေ လက်အောက်ကျရောက်ခဲ့တာ ၁၅ လကျော်သွားခဲ့ပြီဖြစ်သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးသင့်နေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူ ၁၄ သန်းနီးပါးရှိနေပါတယ်။ ဒီပမာဏက ယူကရိန်းစစ်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ ယူကရိန်းစစ်ဘေးဒုက္ခသည် အရေအတွက်ထက် ၃ ဆနီးပါး ရှိနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့အကြမ်းဖက်မှုတွေက အီရတ်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတို့ထက် ပြင်းထန်ခဲ့ပြီး လူပေါင်းသန်းဝက်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။ အများစုဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့မဟာမိတ်ဖွဲ့ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေစိုးမိုးထားတဲ့ နယ်စပ်တစ်လျှောက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ကြရသူတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအကြပ်အတည်းက ဒေသတစ်ခုလုံးရဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေပါတယ်။ ဒါပေမယ့်လည်း ဝါရှင်တန်ထိပ်သီးအစည်းအဝေး ကျင်းပဖို့တစ်ပတ်အလိုမှာ အာဆီယံရဲ့လက်ရှိဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်တဲ့အစီအစဉ်ကို ထုတ်ပြန်ကြေညာနိုင်ဖို့ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ချိန်မှာတော့ အာဆီယံရဲ့မြန်မာ့အရေး တုံ့ပြန်မှုက ဆိုးရွားခဲ့ပြီး အနိမ့်ဆုံးအဆင့်အထိ ကျဆင်းသွားခဲ့ပါတယ်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်နိုင်ဖို့ အာဏာသိမ်း စစ်ကောင်စီတစ်ခုတည်းနဲ့ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ ဒါက နိုင်ငံတကာက ပေးအပ်လာမယ့် အကူအညီတွေအားလုံး စစ်ကောင်စီတစ်ခုတည်းကိုသာ ထိန်းချုပ်ခွင့် ပေးလိုက်တာပါပဲ။ ဒေါသထွက်ဖို့ကောင်းတဲ့ ဒီသဘောတူညီချက်က စစ်ဘက်ဆိုင်ရာ ရည်မှန်းချက်တွေကို မြှင့်တင်ဖို့ကြိုးစားနေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သေးငယ်တဲ့ကြိုးပမ်းချက်တစ်ခုသာ ရှိပါသေးတယ်။

ဒါက တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ပါဘူး။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ သူသတ် မှတ်ပေးထားတဲ့ နယ်မြေတွေဟာ တပ်မတော်ရဲ့ ထိန်းချုပ်မှုအပြင်မှာရှိနေတဲ့ နယ်မြေတွေဖြစ်ကြပါတယ်။ အဲဒီ နယ်မြေတွေဟာ စစ်တပ်အာဏာသိမ်းတာကို လက်မခံဘဲ ပြန်လည်ခုခံခဲ့ကြရာမှာ အောင်မြင်မှုမရရှိခဲ့ဘဲ လပေါင်းများစွာကြာတဲ့အထိ ရိက္ခာနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ ဖြတ်တောက်ခံခဲ့ရတဲ့အပြင် ဗုံးကြဲ၊ မီး ရှို့ခံခဲ့ရတဲ့ နယ်မြေတွေပါပဲ။

အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်ခံရလို့ ထွက်ပြေးလာသူတွေအပေါ် အကူအညီစီးဆင်းမှုတွေ ကန့်သတ်ဖို့ အိမ်နီးချင်းနိုင်ငံတွေက သူတို့ရဲ့နယ်စပ်တွေကို ပိတ်ထားဖို့ တောင်းဆိုခဲ့ကြပါတယ်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လက်နက်အဖြစ် မင်းအောင်လှိုင်က အသုံးချချင်နေပါတယ်။ တကယ်လို့များ အာဆီယံအနေနဲ့ သူ့ရဲ့လက်ရှိစီမံချက်တွေအပေါ် အခြေခံပြီး ဆောင်ရွက်မယ်ဆိုရင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေ၊ ဘက်မလိုက် သမာသမတ်ကျတဲ့မူတွေ နဲ့ လွတ်လပ်ခွင့်တွေကို မျက်ကွယ်ပြုရာ ရောက်ပါလိမ့်မယ်။

ဖော်ပြခဲ့တဲ့ အစီအစဉ်တွေကြောင့် လက်ရှိအာဆီယံဥက္ကဌအပေ ါ်မြင့်တက်လာနေတဲ့ စိတ်ပျက်မှုတွေကလည်း ထင်ဟပ်နေပါတယ်။ သူရဲ့အာဆီယံဥက္ကဌသက်တမ်းအတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အကြိမ်ကြိမ် ထိတွေ့ဆက်ဆံခဲ့ပါတယ်။ အာဆီယံဥက္ကဌအနေနဲ့ စစ်ကောင်စီကို မျက်နှာသာပေးတာကတော့  မမျှတတဲ့ကြိုးပမ်းမှုတွေပါပဲ။ ဒါက ဝါရှင်တန်ထိပ်သီးအစည်းအဝေး မတိုင်ခင် ကမ္ဘောဒီးယားနိုင်ငံရဲ့ နောက်ဆုံးကြိုးပမ်း မှုတွေလည်း ဖြစ်ပါတယ်။

အဲဒီနောက်မှာလည်း နောက်ထပ်အရှက်ရစရာ ကိစ္စတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ကမ္ဘောဒီးယားနိုင်ငံက ဦးဆောင်ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ တက်ရောက်မယ်ဆိုပြီး ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ဝါရှင်တန်ထိပ်သီး အစည်းအဝေးမတိုင်ခင်က ကြေညာထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဏာသိမ်းစစ် ခေါင်းဆောင်တွေရဲ့ တောင်းဆိုမှုကြောင့် နိုလင်းဟေဇာကို ဖိတ်ကြားတာမျိုးမရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ ခေါင်းဆောင်မပီသမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။

မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အာဆီယံအတွက် လမ်းကြောင်းသစ်တစ်ခု လိုအပ်နေပြီဆိုတာ ဒီအချိန်မှာတော့ ရှင်းလင်း သိသာလာပါပြီ။ အာဆီယံအတွက် ပထမဆုံးခြေလှမ်းသစ်ကတော့ NUG နဲ့ သူတို့မဟာမိတ် ထိန်းချုပ်မှုအောက်မှာရှိတဲ့ နယ်စပ်ဒေသနေ ပြည်သူတွေကို လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေကို ဘယ်လိုပေးကြမလဲ ဆိုတာပါပဲ။

မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်ကို အာဆီယံက ကြေညာပြီး တကယ့်မြေပြင်မှာ အကူအညီလိုအပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် လူသားချင်းစာနာမှု ဆိုင်ရာ တစ်ရပ်ကိုပြဌာန်းနိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုရပါမယ်။ မြန်မာနိုင်ငံရဲ့လူဦးရေထူထပ်တဲ့ ဒေသတွေနဲ့ ဝေးလံခေါင်သီတဲ့ နိုင်ငံအနောက်မြောက်ပိုင်းနဲ့ စစ်ကောင်စီအကျဉ်းထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အကျဉ်းသားတွေနဲ့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ လိုအပ်နေတဲ့ သန်းနဲ့ချီတဲ့ အရပ်သားတွေကို ကူညီထောက်ပံ့နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ။

အကြပ်အတည်း စတင်ချိန်ကစပြီး အရပ်ဘက်အဖွဲ့အစည်းတွေ၊ ယုံကြည်မှုအပေါ် အခြေခံတည်ဆောက်ထားတဲ့ အုပ်စုတွေနဲ့ အခြား ကာလရှည်ကြာ တည်ထောင်ထားတဲ့ လူသားချင်းစာနာထောက်ထားမှု ကွန်ရက်တွေမှာရှိနေတဲ့ တက်ကြွလှုပ်ရှားသူတွေက အကူအညီလိုအပ်နေသူတွေကို နယ်စပ်ဖြတ်ကျော်ပြီး အသက်ကယ်ဆယ်ပေးလျက် ရှိနေပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံမှာရှိတဲ့ ဒေသအာဏာပိုင်တွေရဲ့ လှုပ်ရှားမှုတွေမှာ အရင်းအမြစ် နည်းပါးနေတဲ့အပြင် ပြင်းပြင်းထန်ထန် ကန့်သတ်ခံထားရပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ စစ်ကောင်စီညွှန်ကြားချက်တွေကြောင့် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်တွေကို ပိတ်ဆို့ထားပြီး အကူအညီဆက်မပေးနိုင်ဖို့ တားမြစ်ထားပါတယ်။ ဒါက လူ့သားချင်းစာနာထောက်ထားစိတ် မရှိတာပါပဲ။ အာဆီယံနဲ့ ကုလသမဂ္ဂအေဂျင်စီတွေ အပါအဝင် နိုင်ငံတကာအလှူရှင်တွေဟာ အရေးကြီးတဲ့ နယ်စပ်ဖြတ်ကျော်ထောက်ပံ့ရေး လိုင်းတွေကိုဖွင့်လှစ်ဖို့ နဲ့ NUG နဲ့ညှိနှိုင်းပြီး လက်ရှိရပ်ရွာ ကွန်ရက်တွေကတစ်ဆင့် တိုက်ရိုက်အကူအညီတွေ ဖြန့်ဝေပေးသွားဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း ပျံ့နှံ့နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို တုံ့ပြန်နိုင်ဖို့အတွက် အာဆီယံ နောက်ထပ်ဆောင်ရွက်မှုတွေက ရေရှည်အကျိုးဆက်ကောင်းတွေ ရရှိမှာဖြစ်ပါတယ်။ အကယ်၍များ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ဖို့ လက်ရှိအစီအစဉ်အတိုင်း ဆက်လုပ်နေမယ်ဆိုရင် အာဆီယံက မြန်မာပြည်သူတွေကို ကျောခိုင်းပြီး စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ လက်တွဲသွားတယ်လို့ ဆိုရပါလိမ့်မယ်။

ဒါပေမယ့် အာဆီယံအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ အမှန်တကယ် ပပျောက်ရေး၊ လက်ရှိအကြပ်အတည်း ပြေလည်စေရေးနဲ့ အဖွဲ့အစည်းအပေါ် ယုံကြည်ကိုးစားမှု ပြန်ပြီးရရှိရေးတို့အတွက် NUG နဲ့ထိတွေ့ဆက်ဆံပြီး မြန်မာ့အရေးအပေါ် ကမ္ဘာလုံးဆိုင်ရာ အကူအညီပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ကြည်ဖြူစံ

Bangkok Post တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Marzuki Darusman” ရေးသားသည့် “Will Myanmar’s fate rely on Asean?” ကို ဆီလျော်အောင်ရေးသားသည်။