မြန်မာ့နိုင်ငံရေး အတက်အကျနှင့် တရုတ်စီမံကိန်းများ၏ အလားအလာ
အနောက်နိုင်ငံများနှင့် ပုံမှန်ဆက်ဆံရေး တိုက်တက်လာသည်နှင့်အမျှ မြန်မာခေါင်းဆောင်များ၏ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ လျော့ကျလာခဲ့သလို မြန်မာအပေါ် ရှိနေသည့် တရုတ်၏ သြဇာသည်လည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။ တရုတ်ကရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများအား ဖျက်သိမ်းခြင်း၊ ယခင် စစ်အစိုးရကို ကျောထောက်နောက်ခံ ပေးခဲ့သည့် တရုတ်အား ငြိုငြင်စေခြင်းတို့အတွက် ပေးဆပ်ရမည့် နိုင်ငံရေးအလျော်အစားသည်လည်း ယခင်ကလောက် မကြီးမားတော့ပေ။
19 Aug 2020
စောသန္တာအေး ဘာသာပြန်ဆိုသည်
ဦးသိန်းစိန်အစိုးရက တစ်ဖက်သတ် ဆိုင်းငံ့ခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်ရေတွက်လျှင် မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်း ရပ်တန့်နေသည်မှာ ယခုအခါ ၉ နှစ်ခန့် ရှိပြီဖြစ်သည်။ အငြင်းပွားဖွယ်ရာ အဆိုပါ ဟိုက်ဒရောလစ်ဆည် စီမံကိန်းသည် တရုတ်၏ ဧရာမစီမံကိန်းကြီးတစ်ခုဖြစ်သည်။ ခန့်မှန်းခြေ စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံရှိပြီး ရေသိုလှောင်မည့် ဧရိယာသည် စင်္ကာပူနိုင်ငံ၏ အကျယ်အဝန်းထက် ပိုမိုကြီးမားသည်။
မြစ်ဆုံစီမံကိန်းအား မြန်မာလူထု၏ အကြီးအကျယ် ကန့်ကွက်မှုများ ပေါ်ထွက်လာပြီးနောက်တွင် ထိုစဉ်က အာဏာရ ဦးသိန်းစိန်အစိုးရက ယခုကဲ့သို့ ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။ ‘လူထု၏သဘောဆန္ဒ’ အရ ဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ လေ့လာသူများကမူ ဤကဲ့သို့ အံ့အားသင့်ဖွယ် ဆောင်ရွက်ချက်သည် ထိုအချိန်က မြန်မာ့ပြည်တွင်းနိုင်ငံရေး အကူးအပြောင်း ဖြစ်စဉ်နှင့်အတူ လူထုကြားတွင် ပေါ်ပြူလာဖြစ်နေသည့် တရုတ်ဆန့်ကျင်ရေး အမြင်များ၏ ရလဒ်အဖြစ် သုံးသပ်ကြသည်။ မြစ်ဆုံဆည်စီမံကိန်းအား အမှန်တကယ်သာ ‘လူထု၏သဘောဆန္ဒ’ အရ ရပ်ဆိုင်းလိုက်ခြင်း ဆိုပါက တရုတ်ပြည်ပြင်ပရှိ အခြားသော ပုံစံတူစီမံကိန်းများ၏ ကံကြမ္မာကိုလည်း ထည့်သွင်းတွက်ချက်ရန် လိုအပ်လာပြီဖြစ်သည်။
မြစ်ဆုံစီမံကိန်းသည် ထိုအချိန်က မြန်မာပြည်တွင် အကောင်အထည်ဖော်နေသည့် တရုတ်၏ တစ်ခုတည်းသော မဟာစီမံကိန်း မဟုတ်ပေ။ ဘီလျံနှင့်ချီ တန်ဖိုးရှိသည့် နောက်ထပ် စီမံကိန်းကြီးနှစ်ခုလည်း ရှိနေသည်။ ၎င်းတို့မှာ လက်ပံတောင်းတောင် ကြေးနီသတ္ထုတွင်းစီမံကိန်းနှင့် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတို့ဖြစ်သည်။ ဤစီမံကိန်း နှစ်ခုလုံးသည်လည်း ပြည်သူများ၏ အပြင်းအထန် ကန့်ကွက်ဖိအားပေးမှုကို ရင်ဆိုင်နေရသည်။
ဖော်ပြပါ စီမံကိန်းသုံးခုလုံးတွင် လုပ်ငန်းပုံစံ၊ အကောင်အထည်ဖော်မှုနှင့် ပြည်သူလူထု၏ ကန့်ကွက်မှုများ ရင်ဆိုင်ရပုံချင်း တူကြသော်လည်း လုပ်ငန်းနှောင့်နှေးမှု ပုံစံချင်း မတူကြပေ။ မြစ်ဆုံစီမံကိန်းအား ယခင်သမ္မတဟောင်းဦးသိန်းစိန်က တစ်ဘက်သတ် ဆိုင်းငံ့ခဲ့သည့်အတွက် ထပ်မံညှိနှိုင်းမှုများ ရှိမလာတော့ဘဲ ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးလည်း ချောင်ထိုးခံလိုက်ရသည်။ လက်ပံတောင်း ကြေးနီသတ္တုတွင်းစီမံကိန်း သည်လည်း ၂ နှစ်ကြာ ဆိုင်းငံ့ခံထားရပြီး လုပ်ငန်းများပြန်လည် မစတင်မီ စုံစမ်းမှုများ၊ ညှိနှိုင်းမှုများ ဆောင်ရွက်ရမည် ဖြစ်သည်။ အခြားတစ်ဘက်တွင်မူ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးချိန် ၂၀၁၅ ခုနှစ်တည်းက ယခုအထိ ပုံမှန်လည်ပတ်လျက်ရှိပြီး မည်သည့်အချိန်ကမှ ဆိုင်းငံ့ခံရခြင်း မရှိခဲ့ဖူးပေ။
အဆိုပါစီမံကိန်းကြီးသုံးခု ရင်ဆိုင်ခဲ့ရသည့် မတူညီသော အောင်မြင်မှုဒီဂရီကို နားလည်ရန်အတွက် ဆိုလျှင် ထိုစီမံကိန်းသုံးခု လည်ပတ်ချိန်တွင် အုပ်ချုပ်ရေးနယ်ပယ်၌ ရှိနေခဲ့ကြသည့် အစိုးရသုံးရပ်၏ နောက်ခံအခင်းအကျင်း အသီးသီးကို ထည့်သွင်းတွက်ချက်ရန် လိုအပ်မည်ဖြစ်သည်။ ၎င်းတို့မှာ နိုင်ငံရေး အကူးအပြောင်း မစတင်မီ ၂၀၁၁ မတ်လအထိ ရှိနေခဲ့သည့် စစ်အစိုးရ၊ ၂၀၁၁ မတ်လမှ ၂၀၁၆ မတ်လအထိ အုပ်ချုပ်ခဲ့သည့် အရပ်သားတစ်ပိုင်း ဦးသိန်းစိန်အစိုးရနှင့် ၎င်းနောက်ပိုင်း အာဏာရလာသည့် NLD အစိုးရတို့ဖြစ်သည်။
သို့ဆိုပါက မြစ်ဆုံစီမံကိန်းအား ဦးသိန်းစိန်အစိုးရ တစ်ဘက်သတ် ဆိုင်းငံ့ခဲ့သည့်လုပ်ရပ်တွင် ‘လူထု၏သဘောဆန္ဒ’ ဆိုသည်က အဓိကအကြောင်းရင်း မဟုတ်ကြောင်း ပေါ်လွင်လာမည်ဖြစ်သည်။
တကယ်တမ်းအားဖြင့် လုပ်ငန်းပုံစံတူသော်လည်း နောက်ခံအခင်းအကျင်း မတူသည့် စီမံကိန်းများအတွက် မတူသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မြန်မာခေါင်းဆောင်များ အဓိက စိုးရိမ်ပူပန်ခဲ့သော အကြောင်းရင်းမှာ အမျိုးသားလုံခြုံရေးဖြစ်ကြောင်း တွေ့ရမည်။
စီမံကိန်းသုံးခုလုံးအတွက် လုပ်ငန်းပလန်ကို စစ်အစိုးရအုပ်ချုပ်ဆဲ ကာလဖြစ်သည့် ၂၀၀၉ နှင့် ၂၀၁၀ တွင် အချောသပ်ခဲ့သည်။ မြန်မာသည် စစ်အုပ်ချုပ်ရေးကာလအတွင်း အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူခြင်းကို ခံခဲ့ရသည့် အတွေ့အကြုံရှိသည်။
တရုတ်သည် မြန်မာအတွက် အကြီးဆုံးကုန်သွယ်ဖက်နှင့် ပြည်ပရင်းနှီးမြှုပ်နှံသူ ဖြစ်ရုံသာမက နိုင်ငံတကာအသိုင်းအဝိုင်းအလယ်တွင် မြန်မာအစိုးရကို ထောက်ခံမှုပေးထားသည့် နိုင်ငံကြီးလည်းဖြစ်နေသည်။ တရုတ်သည် ထိုအချိန်က မြန်မာအာဏာရှင်များ နိုင်ငံကိုဆက်လက်အုပ်ချုပ်နိုင်ရေးနှင့် အမျိုးသားလုံခြုံရေးတို့အတွက် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည့်အတွက် တရုတ်နှင့် ကောင်းမွန်သောဆက်ဆံရေး ထားရှိရေးသည် မြန်မာခေါင်းဆောင်များ၏ ဦးစားပေးအစီအစဉ်များထဲမှ တစ်ခုဖြစ်ခဲ့သည်။ တရုတ်ကို ငြင်းဆန်ရန် အလျော်အစားကြီးမားလှသည့်အတွက် မြန်မာသည် ထိုကာလများအတွင်း တရုတ်၏ တောင်းဆိုချက်များကို လိုက်လျောကျေနပ်ခဲ့သည်။
၂၀၁၁ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံ၌ တည်ငြိမ်သည့် အာဏာလွှဲပြောင်းမှု လုပ်ငန်းစဉ် စတင်ခဲ့သည်။ စစ်တပ်၏အုပ်ချုပ်မှုကို တရားဝင် ရုတ်သိမ်းပြီး စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့် အရပ်သားတစ်ပိုင်း အစိုးရ အုပ်ချုပ်မှုကို စတင်ခဲ့သည်။ မြန်မာစစ်တပ်၏ အငြိမ်းစားအရာရှိတစ်ဦးဖြစ်သူ ဦးသိန်းစိန်သည် သမ္မတဖြစ်လာခဲ့သည်။ မြန်မာ့နိုင်ငံရေး နယ်ပယ်တွင် အံ့အားသင့်ဖွယ် အပြောင်းအလဲများ ပေါ်ပေါက်လာခဲ့သလို ဆယ်စုနှစ်များစွာ ရှိနေခဲ့သည့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများသည်လည်း အဆုံးသတ်ခဲ့သည်။
အနောက်နိုင်ငံများနှင့် ပုံမှန်ဆက်ဆံရေး တိုက်တက်လာသည်နှင့်အမျှ မြန်မာခေါင်းဆောင်များ၏ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ လျော့ကျလာခဲ့သလို မြန်မာအပေါ် ရှိနေသည့် တရုတ်၏ သြဇာသည်လည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။ တရုတ်ကရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများအား ဖျက်သိမ်းခြင်း၊ ယခင် စစ်အစိုးရကို ကျောထောက်နောက်ခံ ပေးခဲ့သည့် တရုတ်အား ငြိုငြင်စေခြင်းတို့အတွက် ပေးဆပ်ရမည့် နိုင်ငံရေးအလျော်အစားသည်လည်း ယခင်ကလောက် မကြီးမားတော့ပေ။
တရုတ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် မဟာစီမံကိန်းကြီး သုံးခုအနက် မြစ်ဆုံစီမံကိန်း ကုန်ကျစရိတ်သည် အခြားနှစ်ခုထက် ပိုမြင့်မားသည်။ တရုတ်သည် မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ် ရေစီးကြောင်းကို မြစ်ဆုံဆည်စီမံကိန်းဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ဤအချက်သည် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် မြန်မာ့ အမျိုးသားရေးဝါဒီ ခေါင်းဆောင်များက ရှုမြင်ကြသည်။
အခြားတစ်ဘက်တွင်မူ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအား ရပ်ဆိုင်းခြင်းဖြင့် ရရှိလာမည့် အလျော်အစားသည် လက်သင့်ခံနိုင်မည့် အနေအထားတွင် ရှိမနေပေ။ ဤစီမံကိန်းသည် တရုတ်အတွက် မဟာဗျူဟာအရ အထူးအရေးပါပြီး တရုတ်၏ စွမ်းအင်ကဏ္ဍလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးမည် ဖြစ်သည်။ ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်လာပါက အခြားသောစီမံကိန်းများကဲ့သို့ အလွန်အမင်း အလျှော့ပေးသည်းခံမည် မဟုတ်ကြောင်းကိုလည်း တရုတ်အကြီးတန်း ခေါင်းဆောင်များသည် မြန်မာကို အကြိမ်ကြိမ် အလေးအနက် အသိပေးထားပြီးဖြစ်သည်။
ဤအချက်များကို ကြည့်ပါက အရပ်သားတစ်ပိုင်းအစိုးရ လက်ထက်တွင် တရုတ်၏ စီမံကိန်းကြီးသုံးခုအား အဆုံးအဖြတ်ပေးသည့် အချက်မှာ စီမံကိန်းတစ်ခုချင်းစီအား ရပ်ဆိုင်းခြင်း သို့မဟုတ် ဆက်လက်ဆောင်ရွက်ခြင်းကြောင့် ရရှိလာမည့် ဆုံးရှုံးနစ်နာမှုနှင့် အကျိုးအမြတ် ကွာဟချက်များအပေါ် မူတည်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် စီမံကိန်းသည် နိုင်ငံတော်လုံခြုံရေး အပေါ် တစ်နည်းနည်းဖြင့် ထိပါးလာနိုင်သလား ဟူသည့်အချက်တွင် ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD သည် ၂၀၁၆ တွင် မတ်လတွင် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံတော်အတိုင်ပင်ခံရာထူး ရယူကာ အဓိကခေါင်းဆောင် ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်တွင် ရှိနေသည့် တရုတ်၏ အကျိုးစီးပွားများကြောင့် ပိုမိုကြီးမားသော ဆုံးရှုံးမှုများ ရှိလာနိုင်ကြောင်း ယခင်က အကြိမ်ကြိမ်ပြောကြားခဲ့သူ ဖြစ်သည်။ သို့သော်လည်း နိုင်ငံခေါင်းဆောင်တာဝန် ရယူလာချိန်တွင်မူ တရုတ်အပေါ် လေသံပြောင်းသွားသလို ရပ်ဝန်းနှင့်လမ်း စီမံကိန်းတွင် ပါဝင်လိုသည့်ဆန္ဒ ရှိကြောင်းကိုလည်း အခါခါ ထုတ်ဖော်ပြသခဲ့သည်။
မြစ်ဆုံအရေးတွင်လည်း စီမံကိန်းရပ်ဆိုင်းရန်အတွက် သမ္မတဦးသိန်းစိန်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကိုယ်တိုင်တိုက်တွန်း ခဲ့သူဖြစ်သည်။ သို့သော်လည်း သူမအာဏာရလာချိန်တွင်မူ စီမံကိန်းကို ရပ်ဆိုင်းရန် လိုလားသော မြန်မာလူထုအား စီမံကိန်းအပေါ် “ပိုမိုကျယ်ပြန့်သောအမြင်ဖြင့် ကြည့်ရှုကြရန်” ပြောင်းလဲတိုက်တွန်းခဲ့သည်။
လူထုကြိုက်အစိုးရက လူထုမနှစ်မြို့သည့် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများအား အကာအကွယ်ပေးရန် ဆုံးဖြတ်လိုက်ခြင်းသည် အမျိုးသားလုံခြုံရေးကြောင့် ဖြစ်ကြောင်း ယုံကြည်လောက်သည့် အခြေအနေတွင် ရှိနေသည်။ NLD အစိုးရ အာဏာရလာချိန်မှ စတင်ကာ မြန်မာသည် နိုင်ငံတကာအသိုင်းအဝိုင်းကြားတွင် ဆက်ဆံရေး ယိုယွင်းလာသည်။ ရိုဟင်ဂျာအရေးကလည်း အမျိုးသားလုံခြုံရေးကို တစ်စတစ်စ ခြိမ်းခြောက်လာနေသည်။
နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအား မြင့်တက်လာသည့်အတွက် တရုတ်သည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် ရိုဟင်ဂျာ ဒုက္ခသည်များအား “ရခိုင်မှ နေရပ်စွန့်ခွာ တိမ်းရှောင်သွားသူများ” ဟူသော အသုံးအနှုန်းဖြင့် ကိုယ်စားပြုခေါ်ဝေါ်လာသကဲ့သို့ အခြားတစ်ဘက်တွင်လည်း မြန်မာအစိုးရအား ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ နိုင်ငံတကာက အရေးယူရန် စီစဉ်မှုကို ကန့်ကွက်ကာ မြန်မာအပေါ် ထောက်ခံမှုပြသထားသည်။ သို့အတွက်ကြောင့် တရုတ်စီမံကိန်းများအား အနှောင့်အယှက်ဖြစ်စေခြင်း၊ သို့မဟုတ် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအား ဆုံးရှုံးဖွယ်ရာ ဖြစ်စေခြင်းမျိုး ပေါ်ပေါက်ခဲ့လျှင် နိုင်ငံရေးအရပေးဆပ်ရမည့် အလျော်အစားသည် တစ်ကျော့ပြန် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
မြန်မာအစိုးရ သုံးဆက်လုံးတွင် အလျော်အစားနှင့် ပတ်သက်လာလျှင် အုပ်ချုပ်သူခေါင်းဆောင်များ တစ်စိုက်မတ်မတ် တွက်ချက်ခဲ့ကြသည်မှာ လုံခြုံရေးကို အခြေခံသောရှုထောင့် ဖြစ်သည်။ ပြီးခဲ့သော ကာလတစ်လျှောက်တွင် မြန်မာသည် ၎င်း၏ ပြည်တွင်းနိုင်ငံရေးကြောင့် နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပြစ်တင်ရှုတ်ချမှုများ ကြုံရပြီး အမျိုးသားလုံခြုံရေး အပေါ် ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာတိုင်း ဤစီမံကိန်းသုံးခု ချောမွေ့စွာ လည်ပတ်နိုင်ခဲ့သည်ကို တွေ့ရသည်။
စီမံကိန်းသုံးခုအနက် မြစ်ဆုံရေကာတာစီမံကိန်းသည် မြန်မာနိုင်ငံ၏ လုံခြုံရေးအပေါ် ထိပါးလာနိုင်ခြေရှိသည့် အနုတ်လက္ခဏာဆောင်သော မကောင်းသတင်းများကြောင့် အနှောင့်အယှက် အများဆုံး ကြုံခဲ့ရသည်။ တစ်နည်းဆိုရလျှင် အခြားသော ကစားကွက်များ ထည့်သွင်းတွက်ချက်မှု ရှိသော်လည်း တရုတ်စီမံကိန်း သုံးခုအတွက် မတူညီသော နောက်ခံအခင်းအကျင်းဖြင့် မြန်မာအစိုးရအဆက်ဆက် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များတွင် လုံခြုံရေးအခြေခံ တွက်ချက်သော ရှုထောင့်က အဓိကပါဝင်နေသည်ကို တွေ့ရသည်။
တရုတ်၏ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အောင်မြင်နိုင်ခြေသည် အမျိုးသားလုံခြုံရေးအပေါ် ဂယက်ရိုက်ခတ်မှုနှင့် ဆက်စပ်နေကြောင်းကို မြန်မာနိုင်ငံ၏ ဖြစ်စဉ်က မီးမောင်းထိုးပြလျှက်ရှိသည်။ မြန်မာကဲ့သို့သော နိုင်ငံများအတွက် ဆိုလျှင် နိုင်ငံတကာ၏ ဒဏ်ခတ်အရေးယူမှုများ၊ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာများသည် အုပ်ချုပ်သူအစိုးရများအား တရုတ်၏ စက်ကွင်းအတွင်းသို့ ဝင်ရောက်သွားအောင် တွန်းပို့နေသော အရာများ ဖြစ်သည်။ မူဝါဒချမှတ်သူများသည်လည်း လတ်တလော နိုင်ငံရေးကျောထောက်နောက်ခံ ရရှိရေးအတွက် တရုတ်၏ အကျိုးစီးပွားကို လက်သင့်ခံကာ အကာအကွယ်ပေးကြမည် ဖြစ်သည်။
အပြန်အလှန်အားဖြင့် အိမ်ရှင်နိုင်ငံများသည်သာ ၎င်းတို့၏ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာ လျော့နည်းလာခြင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် တည်ငြိမ်သော ဆက်ဆံရေး ရရှိခြင်းမျိုး ဖြစ်လာပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ရှိနေသော တရုတ်၏ ဗီတိုအာဏာသည်လည်း တရုတ်ပြည်ပြင်ပ ရင်းနှီးမြှုပ်နှံမှုများ အောင်မြင်ရေးအတွက် အရေးပါအရာရောက်မှု လျော့နည်းလာတော့မည်သာ ဖြစ်ပေသည်။
စောသန္တာအေး
(ရည်ညွှန်း - Chinese Investment in Myanmar: Beyond Myitsone Dam by Ruosui Zhang, THE DIPLOMAT)