- အိမ်မွေးခွေးကို သေဆုံးသည်အထိ နှိပ်စက်ခဲ့သူ မြန်မာအိမ်အကူအား စင်္ကာပူတရားရုံးက ထောင်ဒဏ်ကိုးလ ချမှတ်
- ဂွမြို့နယ် ကင်းပုံတံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး
- စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တရုတ်အများဆုံး
- အထင်ကရ သတင်းစာတိုက်ကြီးကို ပိတ်သိမ်းရန် ဘင်္ဂလားဒေ့ရှ် ဆန္ဒပြသူများ တောင်းဆို
- တောင်ကုတ်မြို့ လေကြောင်းဗုံးကြဲခံရ၊ ညဈေးတန်း မီးလောင်ပျက်စီး
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တရုတ်အများဆုံး
အာဏာမသိမ်းမီက စင်္ကာပူ၊ တရုတ်၊ ဂျပန်တို့မှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အစဉ်လိုက် ရပ်တည်ခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ စင်္ကာပူနှင့် ဂျပန် နှစ်နိုင်ငံထက် ပိုများနေသည်။
27 Nov 2024
DMG ၊ နိုဝင်ဘာ ၂၇
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံများထဲ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အများဆုံးဖြစ်ကြောင်း ISP – Myanmar ၏ အစီရင်ခံစာအရ သိရသည်။
တရုတ်က အမေရိကန်ဒေါ်လာ သုံးဘီလီယံကျော်အထိ ရင်းနှီးမြှုပ်နှံခဲ့ပြီး ထိုပမာဏမှာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်မှု အားလုံး၏ ၅၂ ရာခိုင်နှုန်းဖြစ်သည်။
ဒုတိယအများဆုံးမှာ စင်္ကာပူနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော်၊ ဂျပန်နိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဖြင့် တတိယအများဆုံး ဖြစ်ကြောင်း ISP – Myanmar က ဖော်ပြသည်။
အာဏာမသိမ်းမီက စင်္ကာပူ၊ တရုတ်၊ ဂျပန်တို့မှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အစဉ်လိုက် ရပ်တည်ခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ စင်္ကာပူနှင့် ဂျပန် နှစ်နိုင်ငံထက် ပိုများနေသည်။
ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံများမှာ စွမ်းအင်ကဏ္ဍတွင် အများဆုံးဖြစ်ပြီး ကန်ဒေါ်လာ ၄ ဘီလီယံကျော်အထိရှိကာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ၏ ၆၆ ရာခိုင်နှုန်း ဖြစ်သည်။
ဒုတိယအများဆုံးမှာ ဝန်ဆောင်မှုကဏ္ဍဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိကာ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် သန်း ၆၈၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ISP – Myanmar အစီရင်ခံစာတွင် ပါရှိသည်။
ယင်းအပြင် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် သန်း ၃၄၀ ကျော်နှင့် အိမ်ခြံမြေကဏ္ဍတွင် သန်း ၇၀ ကျော်ရှိသည်။ အာဏာမသိမ်းမီက ကုန်ထုတ်လုပ်ငန်းနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးရှိခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နှစ်စဉ်ကျဆင်းလာနေပြီး လေးနှစ် နီးပါးကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၆ ဘီလီယံကျော် ကျဆင်းခဲ့သည်ဟု ISP – Myanmar ၏ လေ့လာချက်အရ သိရသည်။
အာဏာသိမ်းပြီးနောက် ခြောက်လစာ မီနီဘတ်ဂျက်ကာလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း သန်း ၆၀၀ ကျော်ရှိပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် တစ်ဘီလီယံခွဲကျော် ဝင်ရောက်ခဲ့သော်လည်း ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် သုံးပုံတစ်ပုံ ကျဆင်းသွားခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြသည်။
ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ ကျဆင်းလာနေပြီး အမေရိကန်ဒေါ်လာ သန်း ၂၂၀ ကျော်သာရှိကာ ထိုပမာဏမှာ အာဏာသိမ်းမှုနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြစ်ကြောင်း ISP – Myanmar အစီရင်ခံစာအရ သိရသည်။