မြန်မာ့ခုခံတော်လှန်စစ် အောင်မြင်ဖို့ နိုင်ငံတကာက ကူညီရမည့်အချိန် ရောက်ပြီ

NUG ၊ NUCC ၊ ပြည်နယ်အဆင့်အတိုင်ပင်ခံ ကောင်စီများ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၊ EAO များ၏ အရပ်ဘက်အဖွဲ့အစည်းများ၊ သပိတ်ကော်မတီနှင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုအဖွဲ့များအပါအဝင် အဓိကကျသော တော်လှန်ရေးအုပ်စုများအား ပံ့ပိုးပေးနေသည့် အရပ်ဘက်အဖွဲ့ အစည်းများအား နှစ်ဆတိုးထောက်ခံရပေမည်။

By ကြည်ဖြူစံ 05 Sep 2022

ဓာတ်ပုံ - AP

ကြည်ဖြူစံ ဘာသာပြန်ဆိုသည်။

မြန်မာနိုင်ငံ၏ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်များအား ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံတကာအသိုင်း အဝန်းအတွက် အပိုင်း ၃ ပိုင်းခွဲခြားနိုင်ပါသည်။ ပထမအပိုင်းမှာ အရှက်တရားကင်းမဲ့သည့် ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့ပါဝင်သော အုပ်စုတစ်စုကို ဖြေရှင်းဖို့ဖြစ်သည်။ အဆိုပါသုံးနိုင်ငံလုံးက စစ်အာဏာရှင်များကို ထောက်ခံကြပြီး စစ်အုပ်စုကို လက်နက်ထောက်ပံ့ပေးနေသည်။ ၎င်းတို့သည် ၎င်းတို့၏ကျဉ်းမြောင်းသော အမျိုးသားအကျိုးစီးပွားများအတွက် စစ်အုပ်စုအား လက်နက်ထောက်ပံ့ပေးနေခြင်းလည်း ဖြစ်သည်။

ဒုတိယအပိုင်းမှာ လွန်ခဲ့သောတစ်နှစ်ကျော်ကပင် အသက်မဲ့ခဲ့ပြီဖြစ်သော အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်မြှင့်တင်ပေးနိုင်ဖို့ အာဆီယံနိုင်ငံများ၏ ပေါင်းစပ်မှုဖြစ်သည်။ တတိယအပိုင်းမှာ အနောက်နိုင်ငံများ ဖြစ်သည်။ စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည့် အနောက်နိုင်ငံများက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြင်းထန်သောစကားလုံးများဖြင့် သဘောထားကွဲလွဲမှုကို ဖော်ပြကြသည်။ သို့သော် အနောက်နိုင်ငံများသည် ယခုအချိန်အထိ လက်နက်ကိုင်ခုခံ တော်လှန်ရေးကို ဝေဖန်မှုပြုကာ စွန့်စားရမည့်လုပ်ရပ်များကို ရှောင်ရှားနေပြီး အာဆီယံ၏မအောင်မြင်သော အစီအစဉ်များနောက် လိုက်ပါရာတွင် သတိထားလုပ်ဆောင်ရမည့်အစား မျက်မှာသာပေး ထောက်ခံပံ့ပိုးနေကြသည်။

မြန်မာစစ်အာဏာရှင်များသည် အာဏာကို ဆက်လက်ထိန်းထားနိုင်ရန် မီးကုန်ယမ်းကုန်ကြိုးစားမှုအဖြစ် မိမိပြည်သူများအပေါ် အထိန်းအကွပ်မဲ့စစ်ပွဲများ ဆင်နွှဲနေသည်ကို နိုင်ငံတကာကလည်း မြင်တွေ့နေရသည်။ တိုးလာသော စိတ်ပျက်မှုများနှင့်အတူ မြန်မာလူထုက ၎င်းတို့အား မည့်သည့်အတွက်ကြောင့် နိုင်ငံတကာက တိုး၍ ကူညီတာမျိုး မရှိကြသနည်းဟု မေးလေ့ရှိကြသည်။

ထောင်ချီသောသေဆုံးမှုများ၊ ဖမ်းဆီးမှုများနှင့် ကျယ်ပြန့်သော ဖြိုချဖျက်ဆီးမှုများအတွက် တာဝန်ရှိသော စစ်တပ်၏ရက်စက်မှု၊ အာဏာမက်မောမှုနှင့် စီးပွားရေးဆိုင်ရာ အရည်အချင်းမဲ့ခြင်း တို့နှင့်အတူ တူန်လှုပ်ဖွယ်ရာအခြေအနေများ ဖြစ်လာနေသည်။ ထို့ကြောင့်လည်း ထုတည်ကြီးမားသော မတည်ငြိမ်မှု၊ ချောက်ကမ်းပါထိပ်တွင်ရှိနေသော စီးပွားရေးနှင့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတို့က ဖော်ပြရန်ပင်မလိုတော့ချေ။

ထိုဘေးဒုက္ခများအားလုံး မည်သည့်အချိန်တွင် အဆုံးသတ်သွားမည် ဆိုသည်ကိုတော့ မည်သူကမျှ မြင်နိုင် သိနိုင်စွမ်း မရှိကြပေ။

မြန်မာနိုင်ငံ၏အနာဂတ်ကို နိုင်ငံတွင်းဖြစ်ပျက်နေသော အဖြစ်အပျက်များက အဓိကဆုံးဖြတ်ပေးမည် ဖြစ်သော်လည်း နိုင်ငံတကာတုံ့ပြန်မှုကလည်း အရေးကြီးသည်။ အထူးသဖြင့် စစ်အုပ်စုက ၎င်းတို့အုပ်ချုပ်ရေး တရားဝင် ဖြစ်လာစေလိမ့်မည်ဟူသော မျှော်လင့်ချက်များဖြင့် လာမည့် ၂၀၂၃ တွင်ပြုလုပ်မည့် အကွက်ဆင်ထားသော ရွေးကောက်ပွဲများအပြီးတွင် နိုင်ငံတကာတုန့်ပြန်မှုက မပါမဖြစ် အရေးကြီးလာပေမည်။

ထိုအချိန်တွင် မြန်မာစစ်တပ်က ၎င်းတို့၏ နိုင်ငံရေးအတိုက်အခံများကို သတ်ဖြတ်ပစ်ခြင်း မဟုတ်ခဲ့လျှင်တောင် တရားစွဲဆိုနေချိန်အတွင်း လူထုတစ်ရပ်လုံးအား အညံ့ခံဒူးထောက်လာစေရန် လက်နက်ကိုင်နှင့် အရပ်သားခွဲခြားမှုမရှိသော အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်အကျပ်ကိုင်မှုများကို ဆက်ပြီးကြိုးစားနေလိမ့်မည်ဟု မျှော်လင့်ထားနိုင်သည်။ တစ်ဘက်မှာတော့ NUG နှင့် အမျိုးမျိုးသော မြန်မာ့တော်လှန်ရေးအင်အားစုများက နိုင်ငံတကာထောက်ခံမှုများကို မျှော်လင့်ပြီး စစ်အုပ်စုကို ထွက်ပေါက်ရှာနိုင်ခွင့် အားနည်းသွားစေရန် ဆက်လက်လုပ်ဆောင်မည်ကိုတော့ သံသယရှိစရာမလိုအပ်ပေ။

အဘက်ဘက်မှ ခြုံငုံသုံးသပ်ကြည့်ပါလျှင် နိုင်ငံတကာအသိုင်းအဝန်း၏ ကြိုးပမ်းမှုများကြောင့် အသားတင်အကျိုး သက်ရောက်မှုက ယနေ့အထိ မျှခြေတွင်ရှိနေသည်။ တစ်ဘက်တွင် စစ်အုပ်စုအတွက် လက်နက်ထောက်ပံ့မှုများ အပါအဝင် တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့၏ အဓိကျသောကူညီမှုများ ရှိနေမည်ဖြစ်ပြီး တစ်ဘက်မှာတော့ စစ်အုပ်စုကို ဆန့်ကျင်မှုများ၊ ကိုယ်ကျင့်တရားအရ ဒေါသထွက်မှုများနှင့် မြန်မာလူထုအပေါ် ကျန်ကမ္ဘာ့နိုင်ငံများ၏ ထောက်ခံမှုများက ဟန်ချက်ညီနေသည်။

အကယ်၍ ဤလမ်းကြောင်းအတိုင်းသာ ဆက်သွားနေခဲ့ပါလျှင် ဖြစ်နိုင်ခြေမရှိသည့်တိုင် ဖြစ်လာနိုင်သောအချက်မှာ နိုင်ငံတကာတွင် တရားဝင်ဖြစ်မှုအချို့ကို ရရှိရန် လာမည့်နှစ်အတွင်း အတုအယောင် ရွေးေကောက်ပွဲများကို အသုံးချရာတွင် စစ်အုပ်စုအနေဖြင့် အောင်မြင်မှုရလာလိမ့်မည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုကို သက်တမ်းဆွဲဆန့်လာစေနိုင်ဖွယ် ရှိနေသည်။

မည်သို့ပင်ဖြစ်လာစေကာမူ မြန်မာပြည်သူများအနေဖြင့် ဆက်လက်ခံစား ကြရဦးမည်ဖြစ်ပြီး ကမ္ဘာက အထူးသဖြင့် အနောက်နိုင်ငံများက ယူကရိန်းအားကူညီရာတွင် စိတ်အားထက်သန်မှု ရှိခဲ့သော်လည်း ပူတင်ကဲ့သို့ပင် ရက်စက်သော မြန်မာစစ်အုပ်စုကို ဆန့်ကျင်ရာတွင် မိမိတို့အား မည်သည့်အတွက် ကြောင့်မကူညီကြသနည်းဟု မေးမြန်းကြပေတော့မည်။

တော်လှန်ရေးအား ကူညီရန်လိုအပ်

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုများအနေဖြင့် စစ်အုပ်စု၏အပြုအမူအပေါ် စက်ဆုပ်မှုရှိသည့် အာဆီယံ အဖွဲ့ဝင်အနည်းငယ်နှင့် သဘောတရားရေးအရ ပူးပေါင်းပြီး တော်လှန်ရေးအောင်မြင်ရန် ကူညီရာတွင် အမြန်ဆုံး ကူညီပေးရန် အချိန်ကျပေပြီ။

မြန်မာပဋိပက္ခမှာ ပုံမှန်ဖြစ်လေ့ရှိသော နိုင်ငံရေးအသိုင်းအဝိုင်းနှစ်ခုအကြားက အာဏာလွန်ဆွဲခြင်းမျိုး မဟုတ်ပေ။ ခမာနီနောက်ပိုင်း အရှေ့တောင်အာရှတွင် မတွေ့မြင်ခဲ့ရသော မွတ်ဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူနည်းစုတိုင်းရင်းသားများအပေါ် ဆယ်စုနှစ်များစွာ စစ်ပွဲများဆင်နွှဲခဲ့သော အမုန်းကြီး အကျင့်ပျက်မှုများဖြင့် သွေးဆာနေသည့်စစ်တပ်ကို ဆန့်ကျင့်သည့် အမျိုးသားရေးအုံကြွမှုဖြစ်သည်။

တွေ့ဆုံဆွေးနွေးရန်နှင့် အကြမ်းဖက်မှုများရပ်တန့်ရန် တောင်းဆိုထားသည့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်မှာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ စစ်တပ်၏ အကြမ်းဖက်မှုများရပ်တန့်ရန် မည်သည့်အခါကမျှ အခွင့်အလမ်း မရှိခဲ့သလို အာဆီယံအထူးကိုယ်စားလှယ် သို့မဟုတ် အခြားတစ်ယောက်ယောက်နေဖြင့် မင်းအောင်လှိုင်နှင့် သူ၏ အပေါင်းအပါများအား စည်းရုံးနိုင်မည့်မျှော်လင့်ချက်များ မရှိခဲ့ချေ။ စစ်တပ်အပေါ် ခြိမ်းခြောက်မှုမျိူးမရှိခဲ့လျှင် သို့မဟုတ် ထိုသို့ရှိလာသည့် အချိန်အထိတိုင် မြန်မာလူထုက လက်ခံနိုင်မည့် နိုင်ငံရေးအပေးအယူမျိုး ဆိုသည်မှာ စိတ်ကူးကြည့်၍ပင်မရပါ။

အတိုက်အခံလေးဦးအား ဇူလိုင် ၂၅ ရက်က ကွပ်မျက်ရန် စစ်ကောင်စီဆုံးဖြတ်ချက်က အာဆီယံပန်ကြားချက်များအား ပြတ်သားစွာ ပယ်ချလိုက်ခြင်းဖြစ်ပြီး သေဆုံးသွားသော အာဆီယံမျှော်လင့်ချက်များကို သင့်တော်သောမြှုပ်နှံမှု ပြူလုပ်သင့်ပြီ ဆိုသည်ကို ရှင်းလင်းစွာ နားလည်ထားသင့်သည်။

မြန်မာနိုင်ငံအား ၎င်း၏အကျပ်အတည်းမှ လွတ်မြောက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ စစ်တပ်အား အင်အားသုံးဖယ်ရှားပစ်ခြင်း သို့မဟုတ် မျက်နှာမပျက် ထွက်ခွာသွားနိုင်စေရန် အင်အားနည်းလာသည့် အနေအထားကို ရောက်ရှိစေခြင်းတို့ ဖြစ်သည်။ ထိုနည်းလမ်းကလွဲပြီး အခြားနည်းလမ်းမရှိချေ။ ၂၀၂၃ တွင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲသည် တစ်ပါတီနိုင်ငံစနစ် သို့မဟုတ် စစ်အုပ်စုက “စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ” ဟု ရည်ညွှန်းခေါ်ဆိုနေသော  အနေအထားသို့ မြန်မာနိုင်ငံကို ပြောင်းလဲပစ်ရန် ရည်ရွယ်နေခြင်းသာ ဖြစ်သည်။

မြန်မာပြည်သူများအား အလေးထားသည် သို့မဟုတ် အနည်းဆုံးအနေဖြင့် မြန်မာနိုင်ငံ တည်ငြိမ်မှုပြန်လည်ရရှိရေးနှင့် တိုးတက်ရေးကို မြင်တွေ့လိုသည့် နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံအပေါ် မိမိတို့စဉ်းစားပုံများကို ပြန်လည်သုံးသပ်ပြီး တော်လှန်ရေး အောင်မြင်ရန် ရဲရင့်သောမူဝါဒများ ချမှတ်ဖို့လိုသည်။ အထူးသဖြင့် ဤအချက်များကို ထည့်သွင်းစဉ်းစားသင့်ပေသည်။

အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်သည် နိုင်ငံရေးလမ်းစဉ်တစ်ခု ရှိနေသယောင် ဟန်ပြသက်သက်သာ ဖြစ်သည်။ ၎င်းသဘောတူညီချက်များက စစ်အုပ်စုအပေါ် တရားဝင်ဖြစ်စေမှု တစ်စိတ်တစ်ပိုင်း ကိုလည်း ဖော်ပြနေသဖြင့် မလေးရှားနိုင်ငံက အကြံပြုထားသည့်အတိုင်း အပြီးတိုင် ဖျက်သိမ်းပစ်ဖို့ လိုပေသည်။

အဓိကကျပြီးအရေးပါသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုခေါင်းဆောင်များအပါအဝင် NUG နှင့် အခြားသော့ချက် ကျသူများကို လူသိရှင်ကြား ထိတွေဆက်ဆံမှု တိုးမြှင့်ရပေမည်။

NUG ၊ NUCC ၊ ပြည်နယ်အဆင့်အတိုင်ပင်ခံ ကောင်စီများ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၊ EAO များ၏ အရပ်ဘက်အဖွဲ့အစည်းများ၊ သပိတ်ကော်မတီနှင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုအဖွဲ့များအပါအဝင် အဓိကကျသော တော်လှန်ရေးအုပ်စုများအား ပံ့ပိုးပေးနေသည့် အရပ်ဘက်အဖွဲ့ အစည်းများအား နှစ်ဆတိုးထောက်ခံရပေမည်။

စစ်တပ်မှ ဘက်ပြောင်းလာသူများအတွက် ရန်ပုံငွေများအပါအဝင် NUG နှင့် မဟာမိတ် အဖွဲ့များအတွက် ရန်ပုံငွေပံ့ပိုးရန်နှင့် တီထွင်ကြံဆသော နည်းလမ်းများ ရှာဖွေရပေမည်။ အမေရိကန်ရှိ ရည်ရွယ်ချက်တူသော မိတ်ဘက်အဖွဲ့များ၊ ထိုင်း၊ အိန္ဒိယနှင့် အခြားဒေသများရှိ ဌာနေမြန်မာကျောင်းသားများ၏ ပညာရေးရန်ပုံငွေကို တိုးမြှင့်ရှာဖွေရမည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အစိုးရများက ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများကို ညှိနှိုင်းလုပ်ဆောင်ရန်၊ စစ်အုပ်စုထံ ရန်ပုံငွေစီးဆင်းမှုကို ဖြတ်တောက်ပစ်ရန် သို့မဟုတ် ထိန်းချုပ်နိုင်ရန် လိုအပ်သော အရင်းအမြစ်များအား သီးသန့်ထားရှိရမည်။

အမေရိကန်အနေဖြင့် စစ်အုပ်စုအတွက် အဓိကဝင်ငွေရင်းမြစ်ဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအပေါ် EU ၏ ပိတ်ဆို့အရေးယူမှုများတွင် ပူးပေါင်းရန် ပြန်လည်စဉ်းစားသင့်သည်။ အထူးသဖြင့် ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုများက အမေရိကန်၏မဟာမိတ် ထိုင်းနိုင်ငံအတွက် ထောက်ပံ့ရေး ပြဿနာ ဖြစ်လာစေနိုင်သည်။ သို့သော် ထိုပြဿနာကိုဖြေရှင်းရန်  သီးသန့်အဖွဲ့တစ်ဖွဲ့ဖြင့် ဆန်းသစ်သောနည်းလမ်းများ ရှာဖွေသင့်သည်။

စစ်ကောင်စီမှတစ်ဆင့် ပေးအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ရပ်တန့်ပစ်ရမည်။ ယင်းအစား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထိုင်းနှင့် အိန္ဒိယတို့ မှတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးအပ်ရန် နိုင်ငံတကာလှုပ်ရှားမှုများကို ဦးဆောင်သင့်သည်။

မွတ်ဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြင့်စွပ်စွဲထားသည့် နိုင်ငံတကာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံ၏ အမှုအပေါ် ပူးပေါင်းခြင်းအပါအဝင် စစ်အုပ်စုအပေါ် နိုင်ငံတကာ တရားဥပဒေအရ အရေးယူအပြစ်ပေးနိုင်ရန် နှစ်ဆတိုးကြိုးပမ်းရပေမည်။

နောက်ဆုံးအနေဖြင့် NUG ၏ရုံးခွဲများဖွင့်လှစ်မှုကိုလက်ခံထားကြသော နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဒဲရက်တွန်ကင်က အကြံပြုထားသည့်အတိုင်း ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သင့်ပေသည်။

ဤအဆင့်များဆောင်ရွက်ရာတွင် အရေးတကြီးဆောင်ရွက်ရမည့် အလုပ်မှာ စစ်တပ်အားဖယ်ရှားရာတွင် တော်လှန်ရေးအား ကူညီရန်ဖြစ်သော်လည်း ထိုအချက်မျှလောက်ဖြင့် လုံလောက်မည်မဟုတ်သည်ကို နိုင်ငံတကာမှ လက်သင့်ခံထားရမည်။ ပြီးခဲ့သော ၁၈ လတာကာလအတွင်း ပျက်စီးဆုံးရှုံးခဲ့ရသမျှကို ပြန်လည်တည်ဆောက်နိုင်ရန်၊ အတိတ်နှင့် လက်ရှိကျူးလွန်မှုများအပေါ် မြန်မာစစ်တပ်က တာဝန်ခံမှုရှိလာစေရန်၊ ထို့ထက်ပို၍ မွတ်ဆလင်များအပါအဝင် တိုင်းရင်းသားလူနည်းစုများနှင့် လူများစုအကြား ယုံကြည်မှု တည်ဆောက်ရန် စသည့် ကြီးမားသော ကြိုးစားရုန်းကန်မှုများနှင့် ဆက်ပြီးရင်ဆိုင်ရပေလိမ့်ဦးမည်။

တော်လှန်ရေးနှင့် ပြန်လည်တည်ဆောက်ရေး တို့အတွက် ထောက်ခံပံ့ပိုးပေးမည့် ဤအစီအစဉ်များ အလုပ်ဖြစ်ရမည်ဟုကား အာမခံချက်မရှိပါ။ အမှားအယွင်းများ အများကြီးရှိလာနိုင်သည်။ သို့ရာတွင် ထိုလုပ်ဆောင်မှုများက အလုပ်ဖြစ်နိုင်ပါသည်။ စစ်တပ် အာဏာတည်မြဲနေသရွေ့ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်မရှိနိုင် ဟူသည်ကား ထင်ရှားမြင်သာသည့်အချက် ဖြစ်ပေသည်။

ကြည်ဖြူစံ

United States Institute of Peace ဝက်ဘ်ဆိုက်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ် ရေးသားထားသည့် “It’s Time to Help Myanmar’s Resistance Prevail” ကို ဆီလျော်အောင် ရေးသားပါသည်။ ဆောင်းပါးပါ သဘောထားအမြင်များသည်

မူလဆောင်းပါးရှင်၏ အာဘော်များဖြစ်ပါသည်။