နိုင်ငံခြားရေးမူဝါဒကောင်းမှ မှန်းသလောက် ခရီးပေါက်မည့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး

အကောင်းဆုံး ဖြစ်နိုင်ခြေတစ်ရပ်သို့ ရောက်ရှိနိုင်မည်ဆိုလျှင် မြန်မာနိုင်ငံသည် အရှေ့ကဲ့သို့ချမ်းသာကြွယ်ဝပြီး အနောက်ကဲ့သို့ ဒီမိုကရေစီထွန်းကားသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိလာနိုင်ပါသည်။

By Foreign Desk 30 Oct 2019

ဓာတ်ပုံ - AP

"အကောင်းဆုံး ဖြစ်နိုင်ခြေတစ်ရပ်သို့ ရောက်ရှိနိုင်မည်ဆိုလျှင် မြန်မာနိုင်ငံသည် အရှေ့ကဲ့သို့ချမ်းသာကြွယ်ဝပြီး အနောက်ကဲ့သို့ ဒီမိုကရေစီထွန်းကားသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိလာနိုင်ပါသည်။"

လတ်တလော ကမ္ဘာ့မီဒီယာများထက်တွင် မြန်မာ့ပုံရိပ်မကောင်းသည်မှာ အားလုံးအသိပင်။ ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်း ဒုက္ခသည်အရေးပဋိပက္ခများမှ အစပြုလိုက်သည့် နိုင်ငံတကာ၏ဝေဖန်မှုများမှာလည်း လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် စွပ်စွဲမှုများထိပင် အရှိန်မြင့်တက်သွားခဲ့သည်။ ရလဒ်အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ နောက်ဆက်တွဲအရေးယူ ပိတ်ဆို့မှုများ ဆက်တိုက်ဆိုသလို ရှိလာခဲ့သော်လည်း အများစုမှာ တပ်မတော်ကိုသာ အဓိကပစ်မှတ်ထားချမှတ်သည့် ပိတ်ဆို့မှုများဖြစ်ခဲ့ပြီး မြန်မာပြည်သူအများအပြားအပေါ် တိုက်ရိုက်သက်ရောက်သော ပြင်းထန်သည့်အကျိုးသက်ရောက်မှုများတော့ မရှိလာသေးပေ။ သို့ရာတွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာ အခွန်သက်သာခွင့်ရုတ်သိမ်းခြင်း ကဲ့သို့သော ပြင်းထန်ပြီးချင့်ချိန်မှုရှိသည့် အရေးယူမှု ချမှတ်ခြင်းမျိုးလည်း ရှိလာခဲ့သည်သာဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံ၏ပုံရိပ် ကျဆင်းခြင်းကြောင့် တိုင်းပြည်အတွင်း ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု ကျဆင်းခဲ့ရပြီး အထူးသဖြင့် အနောက်နိုင်ငံများမှ ခရီးသွားများဝင်ရောက်မှု သိသိသာသာကျဆင်းခဲ့သည်။ ထို့အတူ စီးပွားရေးပိတ်ဆို့မှုများ ချမှတ်မည်ကိုစိုးရိမ်မှုနှင့် တိုင်းပြည်၏ နာမည်ဂုဏ်သတင်းထိခိုက်မှု တို့ကြောင့် နိုင်ငံတကာမှဝင်ရောက်လာမည့် ရင်းနှီးမြုပ်နှံမှုများလည်း တုံ့ဆိုင်းသွားခဲ့သည်။ ထိုကဲ့သို့သော ပြည်ပမှသက်ရောက်မှုများ အပြင် ပြည်တွင်းတွင်လည်း တိုင်းပြည်၏စီးပွားရေး ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်နှေးကွေးနေမှုအပေါ် ပြည်သူများက ကျေနပ်မှုမရှိခြင်းနှင့် ငွေလဲလှယ်နှုန်း မတည်ငြိမ်သည့်ကာလတစ်ခု ဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် တိုင်းပြည်၏ စီးပွားရေးတိုးတက်မှုနှုန်း မျှော်မှန်းချက်အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၆.၈ ရာခိုင်နှုန်းထားရှိခဲ့ရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆.၂ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ရသည်။

သို့ရာတွင် စီးပွားရေးကဏ္ဍတွင် အခြေအနေမှာ တိုးတက်လာမည့်အသွင် ဆောင်နေဆဲဖြစ်သည်။ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ဈေးကွက်အပေါ် ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ပေးခြင်းနှင့် ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာအောင် ဆွဲဆောင်မှုများကြောင့် ယခုဘဏ္ဍာနှစ်တွင် မျှော်မှန်းထားသည့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပြည့်မီခဲ့ရုံသာမက ကျော်ပင်ကျော်လွန်နိုင်ခဲ့ရာ လာမည့် ၂၀၂၀ အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်မှာ ၆.၈ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ မကြာသေးမီက ကမ္ဘာ့ဘဏ်မှထုတ်ပြန်ခဲ့သော စီးပွားရေးပြုပြင်ပြောင်းလဲမှု ထိပ်တန်းနိုင်ငံ ၂၀ တွင်မြန်မာနိုင်ငံပါဝင်ခဲ့ရာ စီးပွားရေးပြုပြင်ပြောင်းလဲမှု အပေါ် အားမလိုအားမရနှင့် ပြစ်တင်ဝေဖန်နေသူများအား အသံတိတ်စေနိုင်ခဲ့သည်။ အရှေ့အာရှနိုင်ငံများအား ဗီဇာကင်းလွတ်ခွင့်ပေးခြင်း ကဲ့သို့သော အလျှင်အမြန်တုံ့ပြန် ဆောင်ရွက်မှုများကြောင့် ခရီးသွားကဏ္ဍတွင်လည်း အနောက်နိုင်ငံများမှ ခရီးသွားများဝင်ရောက်မှု လျော့နည်းသွားခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကျဆင်းမှုကို ထေမိသွားစေခဲ့သည်။ နိုင်ငံတကာအကူအညီများနှင့် နည်းစနစ်ပိုင်း ပံ့ပိုးမှုများမှာလည်း အရှိန်မပျက် ဆက်လက်ဝင်ရောက်နေဆဲဖြစ်သည်။

၂၀၁၇ ဇွန်လအတွင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ်။ / ဓာတ်ပုံ - Ministry of Foreign Affairs Myanmar

လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲမှုများနှင့် ဒုက္ခသည်အရေးပဋိပက္ခများမှာမူ ဆက်လက်ရှိနေဆဲဖြစ်ပြီး ၂၀၁၇၊ သြဂုတ်လ ဖြစ်ရပ်နောက်ပိုင်း နိုင်ငံတကာ၏တုံ့ပြန်မှုများနှင့် ယင်းတို့၏ အကျိုးဆက်များမှတဆင့် သင်ခန်းစာယူမည်ဆိုလျှင် နိုင်ငံတကာ၏ ချစ်ကြည်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျပြီး မဟာဗျူဟာမြောက်သော နိုင်ငံခြားရေးမူဝါဒ ချမှတ်ခြင်းတို့သည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်ရေးတို့တွင် မရှိမဖြစ် အရေးပါနေဆဲ ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။

ယင်းအတွက်သာဓကကို ရှာကြည့်မည်ဆိုလျှင် မြန်မာ့သမိုင်းတွင် အဝေးကြီးပင် ကြည့်စရာမလိုပေ။ မြန်မာနိုင်ငံသည် စစ်ပြီးခေတ်ကာလတွင် အာရှကျားတစ်ကောင်ဖြစ်လာမည့် အလားအလာကို ပိုင်ဆိုင်ခဲ့သော်လည်း ရာစုနှစ်တဝက်နီးပါး စစ်အာဏာရှင်လက်အောက် ကျရောက်ခဲ့ပြီး အကျင့်ပျက်ခြစားမှုများ၊ စီမံခန့်ခွဲမှုအမှားများနှင့်သာ လုံးလည်ချာလည်လိုက် နေခဲ့ရသည်။ ရလဒ်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖယ်ကြဉ်မှုကို ခံခဲ့ရကာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၏ အကျိုးကျေးဇူးများကို အိမ်နီးချင်းနိုင်ငံများက အမိအရဖမ်းဆုပ်ပြီး ကြွယ်ဝတိုးတက်သွားကြချိန်တွင် မြန်မာနိုင်ငံမှာ ဆင်းရဲသောနိုင်ငံတစ်နိုင်ငံအဖြစ်နှင့် ကျန်နေရစ်ခဲ့ရသည်။

မြန်မာနိုင်ငံအနေဖြင့် ထိုကာလများတွင် ကမ္ဘာ့အလယ်၌ အထီးကျန်နိုင်ငံဖြစ်ခဲ့ရခြင်းမှာ နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှု များကြောင့်ချည်း မဟုတ်ဘဲ တိုင်းပြည်၏ အာဏာရှင်ခေါင်းဆောင်များ၏ တံခါးပိတ်ဝါဒ ကျင့်သုံးမှုကြောင့်လည်း ထိုမျှ အထိဖြစ်ခဲ့ရခြင်း ဖြစ်လေသည်။ ကမ္ဘာ့အလယ်တွင် အထီးကျန်မှုကြောင့်ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အကျိုးဆက်များမှာ များပြားလှပြီး ဆင်းရဲမွဲတေမှုမှစ၍ အကျင့်ပျက်ခြစားမှုများ၊ နိုင်ငံရေးအရဖိနှိပ်မှုများ၊ အပယ်ခံနိုင်ငံအဖြစ် သတ်မှတ်ခံရခြင်းတို့ အထိပင်ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံ အခြေအနေသည် အပယ်ခံနိုင်ငံဘဝ ပြန်လည်ရောက်သွားနိုင်သည်ဟု ပြောလျှင်မူ ချဲ့ကားပြောဆိုရာ ရောက်မည်ဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အဓိကခြေလှမ်းမှားမှုများ ရှိလာမည်ဆိုလျှင် လက်ရှိတိုင်းပြည်၏ ဖော်ဆောင်ဆဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်မှုရှိလာမည်မှာမူ အမှန်ပင်ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို နိုင်ငံအတွင်းမှသာ ဖော်ဆောင်ရသည်မှာ မှန်သော်လည်း ထိုအပြောင်းအလဲများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် အရင်းအမြစ်များကိုမူ တိုင်းပြည်ပြင်ပမှသာ ရရှိနိုင်မည်ဖြစ်သောကြောင့်ပင်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် လိုအပ်သည့်အရင်းအနှီးမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ နှင့် ကုန်သွယ်မှုများအပေါ်တွင် မူတည်နေသည်။ ထို့အတူ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအကူအညီနှင့် နည်းစနစ်ပိုင်းပံ့ပိုးမှုများ လိုအပ်သည်မှာလည်း အသေအချာပင်ဖြစ်သည်။ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမှသာ အစိုးရအနေဖြင့် လူထုထောက်ခံမှုများ ပိုမိုရရှိလာပြီး ယင်းအင်အားကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်ရန်နှင့် ၎င်း၏ အဓိကကတိတစ်ရပ်ဖြစ်သော စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးတို့ ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

"မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ စေ့စေ့စပ်စပ်စောင့်ကြည့်မှုအောက်မှ မလွတ်မြောက်နိုင်သည့် အကြောင်းရင်းများ မရေမတွက်နိုင်အောင်ပင်ရှိနေရာ ပြည်တွင်းပဋိပက္ခတစ်ခုခုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်မှုရှိလာပြီ ဆိုလျှင် သံတမန်ရေးရာမှာ တိုင်းပြည်အကျိုးကိုက ာကွယ်ရေးအတွက် ပထမဆုံးခံစစ်ကြောင်း ဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။"

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ စေ့စေ့စပ်စပ်စောင့်ကြည့်မှုအောက်မှ မလွတ်မြောက်နိုင်သည့် အကြောင်းရင်းများ မရေမတွက်နိုင်အောင်ပင်ရှိနေရာ ပြည်တွင်းပဋိပက္ခတစ်ခုခုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်မှုရှိလာပြီ ဆိုလျှင် သံတမန်ရေးရာမှာ တိုင်းပြည်အကျိုးကိုက ာကွယ်ရေးအတွက် ပထမဆုံးခံစစ်ကြောင်း ဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

သို့ရာတွင် ခံစစ်တစ်ခုတည်းဖြင့် လုံလောက်မှုရှိပါမည်လော။

မြန်မာနိုင်ငံသည် အာရှရာစုနှစ်တွင် အရှိန်အဟုန်ဖြင့် အင်အားကြီးလာသော နိုင်ငံကြီးနှစ်ခုဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံ တို့ကြားတွင် မဟာဗျူဟာမြောက် တည်ရှိလျက်ရှိရာ ပြည်တွင်းတွင်ဖြစ်ပွားသော ပဋိပက္ခမှန်သမျှအပေါ် ကမ္ဘာတဝန်းမှ အာရုံစိုက်စောင့်ကြည့်ကြမည်မှာ သေချာလျက်ရှိပြီး မကြာခဏဆိုသလို ဝေဖန်ပြစ်တင်မှုများကိုလည်း ခံရမည်သာဖြစ်သည်။ ထိုကဲ့သို့ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားကြောင့် မြန်မာနိုင်ငံသည် အရှေ့နှင့်အနောက် ကြားတွင် တည့်တည့်မတ်မတ် ကျရောက်လျက်ရှိပြီး နိုင်ငံတကာ၏ ပါဝင်စွက်ဖက်မှုများနှင့် စိုးရိမ်ပူပန်မှုများကို မလွှဲမရှောင်သာ လက်ခံရမည့်အနေအထားသို့ ရောက်ရှိလျက်ရှိသည်။

ထို့ပြင်မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းစီမံကိန်း အတွက် စီးပွားရေးစင်္ကြန် နိုင်ငံ ၅ နိုင်ငံတွင်လည်း တစ်နိုင်ငံအပါအဝင် ဖြစ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တဆင့် တရုတ်နိုင်ငံ၏ အနောက်ဘက်ပင်လယ်ကမ်းခြေပိုင်း ဖြစ်လျက်ရှိသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်မူ အိန္ဒိယက ၎င်း၏ ကုလားတန်ပုံစံစုံ သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုကို တည်ဆောက်လျက်ရှိသည်။ ထိုကဲ့သို့ အိန္ဒိယနှင့်တရုတ်တို့ အကောင်အထည်ဖော်နေသည့် စီမံကိန်းများသည် ရည်ရွယ်ချက်ချင်း မတူကြသော်လည်း ယင်းအင်အားကြီး ၂ နိုင်ငံသည် မြန်မာ့မြေပေါ်တွင် မဟာဗျူဟာမြောက်ပြိုင်ဆိုင်မှု ရှိနေသည်မှာ ပေါ်လွင်လျက်ရှိပြီး ယင်းကဲ့သို့ပြိုင်ဆိုင်မှု ရှိနေသည့်နေရာမှာလည်း မြန်မာနိုင်ငံ၏ ပဋိပက္ခအထူအပြောဆုံးဟု သတ်မှတ်ရမည့် ပြည်နယ်များထဲမှ တစ်ခုတွင် ဖြစ်လျက်ရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ၂၀၁၉ ဧပြီလက ဘေကျင်းတွင်တွေ့ဆုံစဉ်။ / ဓာတ်ပုံ - Reuters

မြန်မာနိုင်ငံ၏ အိမ်နီးချင်း အင်အားကြီးနိုင်ငံနှစ်နိုင်ငံကြားပြိုင်ဆိုင်မှုအပြင် ယခုအခါ မဟာဗျူဟာမြောက်ပြိုင်ဘက်နှစ်နိုင်ငံ ဖြစ်လျက်ရှိသော တရုတ်နှင့်အမေရိကန်ကြား တင်းမာမှုမှာလည်း အရှိန်မြင့်လာလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် မည်သည့် ဆူပါပါဝါနိုင်ငံနှင့်မျှ ဆက်ဆံရေးထိခိုက်၍ မရသည့်အခြေအနေတွင် ရောက်ရှိနေသည်။ နယ်နမိတ်ချင်းရှည်လျားစွာထိစပ် နေခြင်းအပါအဝင် ပထဝီဝင်အနေအထားအရ မြန်မာနိုင်ငံအတွင်းသို့ ငွေကြေးစီးဆင်းမှုသည် အရှေ့ဘက် တရုတ်နိုင်ငံမှ လာမည်ဖြစ်ပြီး နိုင်ငံရေးဖီလော်ဆိုဖီအရ ကြည့်မည်ဆိုလျှင် ဒီမိုကရေစီတည်ဆောက်ရေးအတွက် အထောက်အပံ့ကိုမူ အနောက်ဘက် အမေရိကန်တို့ထံမှသာ ရရှိနိုင်မည်ဖြစ်သည်။

အကောင်းဆုံးဖြစ်နိုင်ခြေတစ်ရပ်သို့ ရောက်ရှိနိုင်မည်ဆိုလျှင် မြန်မာနိုင်ငံသည် အရှေ့ကဲ့သို့ ချမ်းသာကြွယ်ဝပြီး အနောက်ကဲ့သို့ ဒီမိုကရေစီထွန်းကားသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိလာနိုင်ပါသည်။ သို့သော် နိုင်ငံခြားရေးမူဝါဒ ကျဆုံးမှုများက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ရှေ့ဆက်ရန်အတွက် လိုအပ်သော တိုးတက်မှု၏ အဓိကအခန်းကဏ္ဍများကို ပြိုလဲသွားစေနိုင်သည်။ လက်ရှိအချိန်တွင်မူ အထူးသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံမှုဖြင့် အာဏာရရှိလာသော လက်ရှိအာဏာရပါတီ ဖော်ဆောင်သည့် နိုင်ငံခြားရေးမူဝါဒမှနေပြီး တိုင်းပြည်အတွက် ကြီးမားသောအကျိုးကျေးဇူးများ ခံစားထားရခြင်း မရှိသေးပေ။

သို့သော် နိုင်ငံခြားရေးမူဝါဒဆိုသည်မှာ ရွေးကောက်ပွဲအလိုက် အာဏာရရှိလာသည့် ပါတီအပေါ်မူတည်၍ ပြောင်းလဲနေ၍ မရဘဲ နိုင်ငံတကာဥပဒေနှင့်အညီ ချုပ်ဆိုသော စာချုပ်များ၊ သဘောတူညီမှုများသည် တိုင်းပြည်များကြား ချုပ်ဆိုခြင်းဖြစ်ပြီး အစိုးရအဖွဲ့များကြား ချုပ်ဆိုခြင်းမဟုတ်သဖြင့် စစ်အာဏာရှင်အစိုးရကဖြစ်စေ၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရက ဖြစ်စေ လုပ်ဆောင်ခဲ့သော ဆောင်ရွက်မှုများကို ၎င်း၏နေရာဆက်ခံရမည့် နောက်တက်အစိုးရက လေးစားမှုရှိရလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထဝီဝင်နိုင်ငံရေးအရှိတရားများနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အပေါ် ယင်းတို့၏ သက်ရောက်မှုများကြောင့် မဟာဗျူဟာမြောက် ရေရှည်စီမံကိန်း ချမှတ်ရေးမှာ လက်ရှိအချိန်တွင် မဖြစ်မနေလိုအပ်ချက်တစ်ရပ် ဖြစ်လျက်ရှိသည်။ အကယ်၍ ထိုကဲ့သို့လုပ်ဆောင်ခြင်း မရှိပါက မြန်မာနိုင်ငံအနေဖြင့် အရှေ့-အနောက် အင်အားပြိုင်ဆိုင်မှုများကြားတွင် ကြားညပ်ခြင်း၊ ပြည်တွင်းပဋိပက္ခများအပေါ် နိုင်ငံတကာ၏ အာရုံစိုက်မှုတို့ကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၊ အကူအညီ နှင့် ဆက်ဆံရေးတို့သည် နိုင်ငံတကာမှ ထောက်ခံမှုရရှိလျှင်ရရှိသလို၊ ပြစ်တင်ဝေဖန်ခံရလျှင် ခံရသလို တက်လိုက်၊ ကျလိုက် ဖြစ်နေလိမ့်ဦးမည်သာ ဖြစ်ပါသည်။

မောင်ဖြိုး
(ကိုးကား - The Diplomat: Why Foreign Policy Matters to Myanmar’s Democratic Transition by Hnin Wint Nyunt Hman)