တစ်ဆင့်ခံ စစ်အေးတိုက်ပွဲပဋိပက္ခ အသစ်တစ်ရပ် အစပျိုးလာနေသည့် မြန်မာ (၁)

Asia Times တွင် ဆောင်းပါးရှင် ဘာတီးလ် လင့်တနာ ရေးသားထားသည့် New Cold War Proxy Conflict Brewing in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

By Admin 15 Aug 2024

သရုပ်ဖော်ပုံ - The Kootneeti
သရုပ်ဖော်ပုံ - The Kootneeti

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် တရုတ်၊ ရုရှားတို့နှင့် တစ်ဆင့်ခံ စစ်အေးတိုက်ပွဲသစ်တစ်ရပ်၌ ပါဝင်ပတ်သက်နေပြီဟု ပြောရန်မှာ မည်သည့်ဘက်ကပင် ကြည့်ကြည့် ချဲ့ကားပြောဆိုရာ ကျနေဦးမည် ဖြစ်သည်။

သို့သော်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) အစိုးရနှင့် ခုခံတော်လှန်ရေး တပ်ဖွဲ့များအကြား ပဋိပက္ခအရှိန် မြင့်လာသည့်အချိန်၌ ကမ္ဘာ့ အင်အားစုကြီး နှစ်ခုအကြား ပြိုင်ဆိုင်မှုသည် မြန်မာ့ပြည်တွင်းစစ်၏ ရလဒ်အပေါ် အဆုံးအဖြတ်ပေးနိုင်စွမ်း ရှိနေဆဲဖြစ်သည်။

တစ်ဘက်တွင် အမေရိကန်သည် NUG နှင့် ထိုမှတစ်ဆင့် သူ့လက်အောက်ရှိ မြန်မာနိုင်ငံတစ်ဝန်းမှ PDF များကို ကူညီထောက်ပံ့ပေးနေသည်။ အခြားတစ်ဘက်တွင် တရုတ်နှင့် ရုရှားတို့သည် စစ်အုပ်စုအား အမြဲတမ်းဗြောင်ကျကျ မဟုတ်လျှင်တောင်မှ ပို၍ ပေါ်ပေါ်ထင်ထင်ပင် အကူအညီများ ပေးနေသည်။

မြန်မာနိုင်ငံတွင် ပထဝီ မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုများ အကြီးအကျယ် ရှိထားသော တရုတ်သည် မြန်မာ့စစ်ပွဲ၏ လားရာနှင့် ရလဒ်တို့နှင့် ပတ်သက်ပြီး အကြီးမားဆုံး အကျိုးစီးပွား ရှိနေသည်။

ဘေဂျင်းသည် စစ်ကောင်စီကို စစ်ဘက်သုံး ပစ္စည်းများ ရောင်းချနေပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်များ၏ လက်တွင် တရုတ်လက်နက်များ ရောက်ရှိနေခြင်းကိုလည်း မျက်ကွယ်ပြုကာ လွှတ်ပေးထားသည်။ တရုတ်သည် ယခုကဲ့သို့ စစ်ပွဲ၏ နှစ်ဘက်လုံးနှင့် ကစားနေသည့် တချိန်တည်း၌ နိုင်ငံတွင်း အကျိုးစီးပွားများကို ထိခိုက်နစ်နာစေမည့် သို့မဟုတ် ခြိမ်းခြောက်နိုင်သည့် အဆင့်တစ်ခုအထိ ဤပဋိပက္ခ စည်းလွတ်ဝါးလွတ် ဖြစ်ပျက်လာမည်ကို မလိုလားကြောင်းလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။

အမေရိကန်ကမူ စစ်ကောင်စီကို တိုက်ခိုက်နေသည့် လက်နက်ကိုင်အုပ်စုများအား လက်နက်များ တိုက်ရိုက် ကူညီထောက်ပံ့ခြင်းကို ရှောင်ရှားသည့်ပုံပေါက်ကာ NUG အား ‘အသက်အန္တရာယ်မဖြစ်စေသည့်’ အကူအညီများ ထောက်ပံ့သည့် အနေအထားတွင် ရှိနေသည်။ NUG သည် ဝါရှင်တန်ဒီစီတွင် ရုံးခွဲတစ်ခု ဖွင့်လှစ်ထားသည်။

အမေရိကန်ကသာ မြန်မာ့စစ်ပွဲကို တစ်ဆင့်ခံစစ်အေးတိုက်ပွဲ ပဋိပက္ခ ဇာတ်ခုံပေါ်ထိ ဆွဲတင်ရန် စိတ်ကူးသည်ဆိုပါက မြန်မာပြည်တွင်းရှိ တရုတ်၏ စရိတ်စခကြီးမားလှသည့် လုပ်ငန်းကြီးများကို ပစ်မှတ်ထားခြင်းသည် ဖြစ်လာနိုင်ခြေရှိသည့် နည်းဗျူဟာတစ်ရပ် ဖြစ်သည်။

စစ်အုပ်ချုပ်ရေးကို တော်လှန်နေကြသည့် လက်နက်ကိုင်အုပ်စု အများအပြားသည်လည်း နိုင်ငံတွင်းရှိ တရုတ်အကျိုးစီးပွားများကို ပစ်မှတ်ထားခြင်းမလုပ်ဘဲ ရှောင်နေကြသည်မှာ အထူးမြင်သာသည်။ အဆိုပါ တရုတ်လုပ်ငန်းများအနက် နိုင်ငံနှင့်ချီပြီး ရှည်လျားသဖြင့် တိုက်ခိုက်ရန် သို့မဟုတ် အနှောင့်အယှက်ပေးရန် အထူးလွယ်ကူနိုင်သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများလည်း ပါဝင်သည်။

အမေရိကန်ကသာ စစ်မြေပြင်အဆင့်တွင် ပို၍ ပေါ်ပေါ်ထင်ထင် ပါဝင်ပတ်သက်လိုသည့်ဆန္ဒ ရှိသည်ဆိုပါက ထိုင်းနိုင်ငံမှတစ်ဆင့် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။ သို့သော် ထိုင်းသည်လည်း တရုတ်ကဲ့သို့ပင် မငြိမ်မသက်မှုများ နယ်စပ်ကိုကျော်လွန်၍ ၎င်းဘက်သို့ ယခုထက်ပိုကြီးမားသည့် သက်ရောက်မှုဖြင့် လျှံကျလာမည့်အရေးကို စိတ်မဝင်စားပေ။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကိုလည်း မှီခိုနေရသည်ဖြစ်ရာ လက်နက်ကိုင်တပ်များအတွက် လက်နက်လမ်းကြောင်းများ ဖွင့်ပေးထားသည် ဆိုသည့်သတင်းများဖြင့် ဗိုလ်ချုပ်ကြီးများ ငြိုငြင်အောင် မလုပ်လိုပေ။ သို့အတွက်ကြောင့် အမေရိကန်အနေဖြင့် NUG နှင့် နယ်စပ်မြို့ မဲဆောက်အပါအဝင် ထိုင်းနယ်မြေအတွင်းမှ လည်ပတ်နေသည့် ပြည်ပအင်အားစုများနှင့် ပတ်သက်၍ မျက်နှာလွှဲထားပေးရန် ထိုင်းကို သံတမန်နည်းလမ်းဖြင့် ဖိအားပေးနိုင်အောင် အာရုံစိုက်နေပုံ ပေါ်သည်။

သတိပြုရမည်မှာ အမေရိကန်သည် ၎င်း လူသိရှင်ကြား ကြေညာထားသည်ထက် ပိုမို၍ ခုခံတော်လှန်ရေးအုပ်စုများအား လျှို့ဝှက်စွာ ထောက်ပံ့ကောင်း ထောက်ပံ့နေနိုင်သည် ဆိုသောအချက် ဖြစ်သည်။

အဆိုပါ အထောက်အပံ့များ၌ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအပေါ် စာနာမှုရှိသည်ဟု သိထားရသည့် ထိုင်းစစ်တပ်အတွင်းရှိ အရင်းအမြစ်များမှတစ်ဆင့် ထောက်ပံ့မှုများလည်း ပါကောင်း ပါဝင်နိုင်သည်။ သို့သော်လည်း ထိုကဲ့သို့ ထောက်ပံ့မှုများ ရှိခဲ့သည် ဆိုလျှင်ပင် အမေရိကန်၏ အကူအညီများသည် မြန်မာစစ်ပွဲကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်သည်အထိ၊ သို့မဟုတ်လည်း တရုတ်၏ အခန်းကဏ္ဍကို ခြိမ်းခြောက်နိုင်သည့် အဆင့်အထိတော့ မရောက်သေးပေ။

တရုတ်က မြန်မာ့ပဋိပက္ခအပေါ် သြဇာလွှမ်းမိုးရန်၊ ထိန်းကွပ်ရန်၊ ထို့ထက်ပို၍ ထိန်းချုပ်ရန်အထိပင် အာရုံကျလာခြင်း တို့အတွက် အကြောင်းရင်းများ အများအပြားရှိသလို ထင်သာမြင်သာလည်း ရှိသည်။ 

မြန်မာသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာသို့ သက်သောင့်သက်သာဖြင့် တိုက်ရိုက်ဆက်သွယ်နိုင်မည့် လမ်းကြောင်းကို ဖွင့်ပေးထားသည့် ကျောချင်းကပ် အိမ်နီးချင်းဖြစ်သည်။ ဤလမ်းကြောင်းကို အသုံးပြုခြင်းအားဖြင့် တရုတ်သည် ပိုင်နက်အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်၊ ပဋိပက္ခ တစ်စုံတစ်ရာ ဖြစ်ပွားလာပါက အမေရိကန်က ပိတ်ကောင်းပိတ်လိုက်နိုင်ခြေရှိသော လမ်းကြောင်းကျပ်တည်းသည့် မလက္ကာရေလက်ကြား တို့ကို အသုံးမပြုဘဲ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရှိမည် ဖြစ်သည်။

ဤသို့သော ဆက်သွယ်ရေးလမ်းကြောင်းသည် တရုတ် ကုန်ပစ္စည်းများကို ပြင်ပကမ္ဘာကြီးသို့ တင်ပို့ရန်အတွက် သာမက အရှေ့အလယ်ပိုင်းမှ ရုပ်ကြွင်းလောင်စာနှင့် အာဖရိကမှ သယံဇာတများကို ပြန်လည်တင်သွင်းရာတွင်လည်း အသက်သွေးကြောဖြစ်သည်။ ထို့ကြောင့်ပင် တရုတ်သည် ဘင်္ဂလားပင်လယ် ကမ်းခြေမှနေ၍ တရုတ်တောင်ပိုင်း ယူနန်ပြည်နယ်အထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်နေခြင်း၊ အဆိုပါ လမ်းကြောင်းအတိုင်း အဝေးပြေးလမ်းကြောများနှင့် အတူ အမြန်ရထားလမ်းကိုပါ ဖောက်လုပ်နေခြင်း ဖြစ်လေသည်။

ဤအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် တရုတ် အစိုးရပိုင် ကုမ္ပဏီများသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူကမ်းရိုးတန်းတွင် အမေရိကန်ဒေါ်လာ ၇.၃ ဘီလျံတန်ဖိုးရှိသည့် ရေနက်ဆိပ်ကမ်းတစ်ခုနှင့်အတူ ရေနံနှင့် သဘာဝဓာတ်ငွေ့ သိုလှောင်ရာနေရာ တစ်ခုလည်း ပါဝင်မည့် အထူးစီးပွားရေးဇုန် (SEZ) တစ်ခုကိုပါ တည်ဆောင်နေကြသည်။

ဤစီမံကိန်းများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို အိန္ဒိယသမုဒ္ဒရာအထိ ဆက်သွယ်ပေးထားသည့် ကီလိုမီတာ ၁၇၀၀ ရှည်လျားသော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ၏ အောက်ဘက်အစွန်ဆုံး၌ တည်ရှိသည်။ 

ထိုအခြေအနေ၌ ဘေဂျင်းအနေဖြင့် ၎င်း၏ ပထဝီမဟာဗျူဟာကျသည့် အကျိုးစီးပွားများကို အစွမ်းကုန်ကာကွယ်မည်သာ ဖြစ်သည်။ တရုတ်သည် အပြင်လူဟု ၎င်းယူဆထားသူများက မြန်မာနှင့် ဒေသတွင်း၌ ၎င်း၏ ရေရှည်အစီအမံများတွင် ကြားဝင်စွက်ဖက်လာမည်ကို ပေါ့ပေါ့သေးသေး မရှုမြင်ပေ။

၁၉၆၀ နောက်ပိုင်းနှစ်များနှင့် ၁၉၇၀ အစောပိုင်းနှစ်များတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) လက်နက်ကိုင်အဖွဲ့ဲအား ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့သော တရုတ်၏ နိုင်ငံခြားရေးမူဝါဒသည် ၁၉၇၆ ခုနှစ်တွင် မော်စီတုန်းကွယ်လွန်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ပြုပြင်ပြောင်းလဲရေးသမား တိန်ရှောင်ဖိန် တက်လာပြီးနောက်တွင် ပြောင်းလဲသွားသည်။ တိန်ရှောင်ဖိန်၏ တရုတ်ပြည်သစ်သည် တော်လှန်ရေးတင်ပို့ရန် မကြိုးစားတော့ပေ။ ယခုအခါ စီပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပြင်ပကမ္ဘာကြီးနှင့် ကုန်သွယ်မှု တည်ဆောက်ရေး ချည်းသာ ဖြစ်နေပေပြီ။

၁၉၈၈ ခုနှစ်၌ ဒီမိုကရေစီအရေး အုံကြွမှုအား မြန်မာစစ်တပ်က သွေးထွက်သံယို နှိမ်နင်းခဲ့ပြီးနောက်ပိုင်း ကာလတွင် တရုတ်အတွက် လမ်းပွင့်သွားသည်။ ရန်ကုန်ရှိ မြန်မာစစ်အစိုးရကို အနောက်အုပ်စုက ဒဏ်ခတ်အရေးယူမှုများ၊ သပိတ်မှောက်မှုများ ပြုလုပ်နေချိန်၌ တရုတ်သည် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးကို အသားပေးဆောင်ရွက်လာခဲ့သည်။ သွေးထွက်သံယို ဖြစ်စဉ်အပြီး ဆယ်စုနှစ်တစ်ခု အကြာတွင်ကား တရုတ်သည် မြန်မာသို့ ပျံသန်းရေးယာဉ်၊ ရေတပ်သုံးယာဉ်၊ လက်နက်ကြီး၊ လေယာဉ်ပစ်သေနတ်နှင့် တင့်ကားများ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံဖိုးအထိ ရောင်းချထားပြီး ဖြစ်လေသည်။

တရုတ်သည် ဘင်္ဂလားပင်လယ်နှင့် အန်ဒမန်ပင်လယ် ကမ်းခြေတလျှောက်နှင့် ကျွန်းများပေါ်ရှိ မြန်မာရေတပ်စခန်းများ အဆင့်မြှင့်တင်ရေးတွင်လည်း ကူညီပေးခဲ့သည်။ ၎င်းထဲမှ စခန်းအချို့တွင် တရုတ်ထောက်ပံ့သည့် ရေဒါစနစ်များကို တပ်ဆင်ထားသည်ဖြစ်ရာ ရရှိလာသည့် ထောက်လှမ်းရေး အချက်အလက်များသည် တရုတ်လုံခြုံရေး ဌာနများအတွက်လည်း အကျိုးအမြတ် ဖြစ်စေသည်ဟု ယူဆ၍ရနိုင်သည်။

သို့သော်လည်း အမျိုးသားရေးစိတ်ဓာတ် လွန်ကဲသည့် မြန်မာစစ်တပ်သည် လက်နက်နှင့် အထောက်အပံ့များအတွက် တရုတ်အပေါ် အကြီးအကျယ် မှီခိုနေရခြင်းကို မည်သည့်အချိန်ကမှ စိတ်လက်ကြည်သာ မရှိခဲ့ပေ။ တရုတ်တို့သည် မြန်မာကို အဝယ်တော်နိုင်ငံအဖြစ် ဆက်ဆံနေခြင်းဖြစ်ကာ မြန်မာစစ်တပ်မှ အရာရှိအများအပြားသည် တရုတ်ထောက်ပံ့ပေးထားသည့် သေနတ်များကို အသုံးပြုသော CPB ၏ လက်ချက်ဖြင့် ၎င်းတို့၏ စစ်သည် အရေအတွက် ထောင်ပေါင်းများစွာ အသတ်ခံခဲ့ကြရသည်ကို မမေ့နိုင်ကြပေ။ ဤသို့ သတ်ဖြတ်ခံရမှုများသည် CPB လက်နက်ကိုင်တပ် ပြိုကွဲသွားသည့် ၁၉၈၉ ခုနှစ် မတိုင်မီအထိ ရှိနေခဲ့ခြင်း ဖြစ်သည်။

၎င်း၏ဝယ်ယူရာ အရင်းအမြစ်များကို ဖြန့်ကြက်ခွဲထုတ်နိုင်ရန်အတွက် မြန်မာစစ်တပ်သည် ရုရှားနှင့် စစ်ဘက်ဆက်ဆံရေးများ စတင်ပျိုးထောင်သည်။ မြန်မာသည် ရုရှား၏ စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်း ထုတ်လုပ်မှုများအတွက် အကျိုးအမြတ်များသည့် စျေးကွက်ကြီး ဖြစ်လာခဲ့သည်။ မြန်မာသည် ရုရှားလုပ် MiG-29s ဂျက်တိုက်လေယာဉ်များနှင့် Mi-35 Hind တိုက်ပွဲသုံး ရဟတ်ယာဉ်များ ဝယ်ယူခဲ့ပြီး ထိုနှစ်မျိုးလုံးကို ယခုအခါ နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးတပ်ဖွဲ့များအား တိုက်ခိုက်ရာတွင် အသုံးပြုလျက်ရှိသည်။

ရုရှားသည် အကြီးစား စက်သေနတ်များနှင့် ဒုံးကျည်များကိုလည်း မြန်မာနိုင်ငံသို့ တင်ပို့ခဲ့သည်။ ရုရှားက ယူကရိန်းကို မကျူးကျော်မီ ၂၀၂၂ ရှေ့ပိုင်းတွင်လည်း မြန်မာသည် ရုရှားလုပ် တင့်ကားများနှင့် သံချပ်ကာယာဉ်များကို ယူကရိန်းရှိ အဝယ်တော်များမှတစ်ဆင့် ရရှိထားသည်။ ထို့အပြင် ရုရှား စစ်ဘက် သင်တန်းဆရာများကိုလည်း မြန်မာနိုင်ငံရှိ လေယာဉ်ကွင်းများတွင် တွေ့မြင်ရသည်များ ရှိသည်။ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ပြုပြင်ထိန်းသိမ်းရာတွင် အကြံပေးကူညီရန် ဖြစ်ပုံရသည်။ 

ထိုကဲ့သို့သော သင်ကြားမှုများသည် အသစ်အဆန်းတော့ မဟုတ်ပေ။ ၁၉၉၀ ပြည့်လွန်နှစ်များမှစတင်၍ ရုရှားသို့ သွားရောက်ပညာသင်ကြားသည့် မြန်မာစစ်သားနှင့် သိပ္ပံပညာရှင် အရေအတွက်သည် ၅၀၀၀ ခန့်အထိ ရှိနိုင်သည်။ အခြားသော မည်သည့် အရှေ့တောင်အာရှ နိုင်ငံထက်မဆို ပိုများသည့်အရေအတွက် ဖြစ်သည်။

ရုရှားသည် ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်းတွင် ၎င်း၏ လက်နက်ခဲယမ်းများကို အသားကုန် ထုတ်သုံးနေရသည်ဖြစ်ရာ မြန်မာအတွက် လက်နက်များနှင့် အခြား ဆက်စပ်အစိတ်အပိုင်းများကို မည်မျှအထိ ဆက်လက်ရောင်းချပေးနိုင်မည်မှာ ရှင်းရှင်းလင်းလင်း မရှိပေ။

သို့သော်လည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားအစိုးရပိုင် နျူကလီးယား နည်းပညာ ကုမ္ပဏီဖြစ်သော ရိုဆာတမ် (Rosatom) နှင့် မြန်မာစစ်ကောင်စီ၏ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့သည် မြန်မာနိုင်ငံတွင် အသေးစား နျူကလီးယားစွမ်းအင် စက်ရုံတစ်ရုံ တည်ဆောက်ရန်အတွက် နားလည်မှုစာချွန်လွှာ တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ 

အလားတူ သဘောတူညီချက်မျိုးကို ၂၀၀၇ ခုနှစ်ကလည်း လက်မှတ်ရေးထိုးခဲ့ဖူးသည်။ ထိုစဉ်က ရုရှားသည် မြန်မာနိုင်ငံတွင် နျူကလီးယား သုတေသန ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ရန် သဘောတူညီခဲ့ခြင်း ဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်က ဤသဘောတူညီချက် အသစ်တစ်ရပ် ရှိခဲ့သည့်အချိန်အထိ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အချက်တစုံတရာ မမြင်တွေ့ခဲ့ရပေ။

အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်။

Asia Times တွင် ဆောင်းပါးရှင် ဘာတီးလ် လင့်တနာ ရေးသားထားသည့် New Cold War Proxy Conflict Brewing in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။