တစ်ဆင့်ခံ စစ်အေးတိုက်ပွဲပဋိပက္ခ အသစ်တစ်ရပ် အစပျိုးလာနေသည့် မြန်မာ (၂)

ရုရှားသည် ၎င်း၏ လက်နက်ကိရိယာ အထောက်အပံ့များအား စစ်ကောင်စီက မည်သူတို့အပေါ် မည်သို့ အသုံးပြုနေသည်ကိုလည်း အရေးစိုက်ပုံ မပေါ်ပေ။ မြန်မာစစ်တပ်သည် မြေပြင်တွင် စွမ်းဆောင်ရည် ညံ့ဖျင်းလျက်ရှိသည်ဖြစ်ရာ ရုရှားထောက်ပံ့သည့် လေကြောင်းအင်အားအပေါ် ပိုပို မှီခိုလာနေရသည်။

By Admin 16 Aug 2024

ဓာတ်ပုံ - Asia Times
ဓာတ်ပုံ - Asia Times

မြန်မာနိုင်ငံတွင် တရုတ်၏ ပထဝီမဟာဗျူဟာ အကျိုးစီးပွားများ ရှိနေသည့် တချိန်တည်း၌ ရုရှားသည်လည်း ငွေရှာရန် ပိုမိုစိတ်ဝင်စားလျက်ရှိသည်။ သို့သော်လည်း မြန်မာ့စစ်ပွဲတွင် ရုရှား၏ ပါဝင်ပတ်သက်မှုကို စီးပွားရေးရှုထောင့် တစ်မျိုးတည်းဖြင့်တော့ ရှင်းပြ၍ ရနိုင်မည် မဟုတ်ပေ။ တရုတ်နှင့် ရုရှားတို့သည် ယူကရိန်းစစ်ပွဲတွင် ခြေလှမ်းချင်း ထပ်နေကြသည်မှာ ထင်သာမြင်သာရှိနေသော်လည်း မြန်မာနိုင်ငံတွင် နှစ်နိုင်ငံလုံး ထိုနည်းလည်းကောင်း အတိုင်အဖောက်ညီညီ လှုပ်ရှားနေကြသည်ဟု ပြောနိုင်မည့် သက်သေအထောက်အထားတော့ မရှိသလောက်သာ ဖြစ်သည်။

ယခင်ဆိုဗီယက်ပြည်ထောင်စုသည် အာရှတွင် အင်အားကြီးဖြစ်ခဲ့ဖူးသလို အမေရိကန်ပြည်ထောင်စုနှင့်သာမက တရုတ်နှင့်ပါ မဟာရန်သူတော်ကြီး ဖြစ်ခဲ့သည်။ ထိုနှစ်နိုင်ငံလုံးက မော်စကိုရှိခေါင်းဆောင်များကို ကွန်မြူနစ်လိုလားသည့် “ပြန်လည်ပြင်ဆင်ရေးသမားများ (အိနRevisionists)” နှင့် “ဖောက်ပြန်ရေးသမားများ (Traitors)” အဖြစ်သာ ရှုမြင်ခဲ့ကြသည်။

ဆိုဗီယက်ပြည်ထောင်စုသည် အိန္ဒိယနှင့် အနီးကပ်မဟာမိတ် ဖြစ်ခဲ့သလို ဗီယက်နမ်၊ လာအို၊ ဗီယက်နမ်တို့ ကျူးကျော်ခဲ့သည့် ၁၉၇၈-၇၉ ကာလ ကမ္ဘောဒီးယားနိုင်ငံတို့ရှိ မော်စကိုလိုလားသော အာဏာရှင်များနှင့်လည်း မဟာမိတ်ဖြစ်ခဲ့သည်။

၎င်းတို့အားလုံးသည် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ရုရှားကို ဘိုးရစ်ယဲ့လ်ဆင် စတင်အုပ်ချုပ်ကာ နောက်ပိုင်းတွင် သီးခြားနိုင်ငံတစ်ခု ဖြစ်လာချိန်၌ ပျောက်ကွယ်သွားကြသည်။

ရုရှားသည် ၎င်း၏ အတိတ်ကာလ ရွှေထီးဆောင်းခဲ့ရသည်များမှ အချို့ကို ပြန်လည် အသက်သွင်းရန်အတွက် ဆက်ခံသူ ဗလာဒီမာပူတင်၏ အားကောင်းသောချုပ်ကိုင်မှုကို လိုအပ်ခဲ့သည်။ ရုရှားသည် ယခုအခါတွင် အမေရိကန်ကို ဆန့်ကျင်ရေးနှင့် အင်ဒို-ပစိဖိတ်ဒေသတွင် သြဇာလွှမ်းမိုးရေးတို့အတွက် အလိုတူဖြစ်သည့် တရုတ်နှင့်လည်း မဟာမိတ် ဖြစ်နေသည်။

မိတ်ဆွေဟောင်းကြီးများအပေါ် ရုရှား၏ သြဇာ မှေးမှိန်သွားပြီ ဖြစ်သော်လည်း မြန်မာကမူ ဒေသတွင်း ရေးရာများတွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍကို ရယူလိုသည့် မော်စကို၏ အကြံအစည်များအတွက် စိတ်လိုလက်ရ မိတ်ဆွေအသစ် ဖြစ်လာခဲ့သည်။

ရုရှားသည် ၎င်း၏ လက်နက်ကိရိယာ အထောက်အပံ့များအား စစ်ကောင်စီက မည်သူတို့အပေါ် မည်သို့ အသုံးပြုနေသည်ကိုလည်း အရေးစိုက်ပုံ မပေါ်ပေ။ မြန်မာစစ်တပ်သည် မြေပြင်တွင် စွမ်းဆောင်ရည် ညံ့ဖျင်းလျက်ရှိသည်ဖြစ်ရာ ရုရှားထောက်ပံ့သည့် လေကြောင်းအင်အားအပေါ် ပိုပို မှီခိုလာနေရသည်။ ဤအကူအညီများ၌ လက်နက်တပ်ဆင်ထားသည့် ရဟတ်ယာဉ်များလည်း ပါဝင်ပြီး နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့များနှင့် ကျေးရွာများကို ပစ်ခတ်လျက်ရှိကာ သတ်ဖြတ်ခဲ့သည့် အရပ်သားအရေအတွက်မှာလည်း ထောင်ပေါင်းများစွာ ရှိနေလောက်ပြီ ဖြစ်သည်။

တရုတ်သည် လူအများ နှာခေါင်းရှုံ့နေကြသည့် စစ်ကောင်စီနှင့် ဆက်ဆံမှုများတွင် ပိုပိုပြီး သတိထားလာနေသည်။ ဥပမာဆိုရလျှင် တရုတ်သည် အာဏာသိမ်းမှု နောက်ပိုင်းတွင် ရုရှားကဲ့သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထင်သာမြင်သာ အလည်အပတ် ဖိတ်ခေါ်ခြင်းမျိုး မရှိသေးပေ။

အာဏာသိမ်းပြီးပြီးချင်းတွင် ရန်ကုန်ရှိ တရုတ်သံရုံးရှေ့တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကျင်းပခဲ့ကြသည်။ ဒီမိုကရေစီ ရပ်ဆိုင်းသွားစေသည့် အာဏာသိမ်းမှုအား “အစိုးရရုံးအဖွဲ့ အပြောင်းအလဲ” သာသာ ရည်ညွှန်းဖော်ပြခဲ့သည့် တရုတ်အပေါ် အကြီးအကျယ် စိတ်ဆိုးဒေါသထွက်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

တရုတ်သည် အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာကို လက်နက်နှင့် ဆက်စပ်ပစ္စည်းများ အမေရိကန်ဒေါ်လာ ၂၆၇ သန်းဖိုးအထိ ရောင်းချပေးခဲ့ကြောင်း ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ၏ အစီရင်ခံစာ တစ်စောင်အရ သိရသည်။

သို့သော်လည်း နိုင်ငံမြောက်ပိုင်းရှိ တော်လှန်ရေးအုပ်စုများသည်လည်း UWSA ‘ဝ’တပ်မှတစ်ဆင့် ရရှိသည့် လက်နက်များ တပ်ဆင်အသုံးပြုနေကြခြင်း ဖြစ်သည်။ UWSA သည် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ၏ အကြွင်းအကျန်များမှ ပေါက်ဖွားလာသည့် အဖွဲ့အစည်းဖြစ်သည်။

တရုတ်သည် နှစ်ဘက်လုံးကို ကစားခြင်းအားဖြင့် ပွဲစား၊ ငြိမ်းချမ်းရေးဖန်တီးပေးသူ တစ်ခုတည်းသော ပြင်ပပါဝါအဖြစ် စစ်ကောင်စီကို အယုံသွင်းထားနိုင်သည်။ တရုတ်သည် ရှမ်းမြောက်ရှိ တိုင်းရင်းသား တော်လှန်ရေးအုပ်စု အချို့နှင့် စစ်ကောင်စီအကြား သဘောတူညီမှုများ ရရှိအောင်လည်း ကူညီဆောင်ရွက်ပေးခဲ့သည်။

UWSA ထံမှ လက်နက်အကူအညီများ ရရှိနေသလို ရခိုင်ပြည်နယ်တွင်လည်း သိသိသာသာ ခြေလှမ်းဦးနေသည့် အာရက္ခတပ်တော်နှင့် ဆိုလျှင်လည်း အဆိုပါ ပဋိပက္ခတွင် တရုတ်က အနှေးနှင့်အမြန် ဆိုသလို ကြားဝင်လာတော့မည့် အနေအထားဖြစ်သည်။

ဤစစ်ပွဲသည် ကျောက်ဖြူမြို့နှင့် အန္တရာယ်ကြီးစွာ နီးနီးကပ်ကပ် ဖြစ်ပွားနေသဖြင့် ထိုသို့ ကြားဝင်ပါခွင့် ရှိသည်ဟုလည်း တရုတ်က အမြဲပြောလေ့ရှိသည်။ လုပ်ငန်းစဉ်အရလည်း တရုတ်သည် ရခိုင်ဒေသတွင် လက်ရှိအချိန်အထိ အဓိကကျသည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် ရှိနေသည့် ဂျပန် နိပွန်ဖောင်ဒေးရှင်းကို အဆိုပါ နယ်ပယ်မှ ထွက်ခွာသွားအောင် ဖိအားပေးလာနိုင်သည်။ 

အခြားတစ်ဘက်တွင်မူ ရုရှား၏ ချဉ်းကပ်မှုမှာ ပိုမို၍ ဗြောင်ကျကျ တဲ့တိုးဆန်လာသည်။ မင်းအောင်လှိုင်အား မော်စကိုတွင် ဖက်လှဲတကင်းကြိုဆိုသည်။ နေပြည်တော်တွင် ကျင်းပသည့် စစ်ရေးပြအခမ်းအနားများသို့ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အယ်လက်ဇန်းဒါး ဗာဆီယက်ဗစ် ဖိုမင်ကိုယ်တိုင် စစ်ဝတ်စုံပြည့်ဖြင့် တက်ရောက်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီဝါရီလ အာဏာသိမ်းမှု ဖြစ်ပွားရန် တစ်ရက်အလို၌ ရုရှားနှင့် မြန်မာလုပ်ဖော်ကိုင်ဖက်များ ပါဝင်သည့် အုပ်စုတစ်ခုသည် ရန်ကုန်မြို့တွင် ပါတီပွဲတစ်ရပ် ကျင်းပခဲ့သည်။ အဆိုပါ ပါတီ၌ ဗော်ဒကာများ ဒလဟော ချောင်းစီးခဲ့သည်ဟု ကြားသိရသည်။

သိရသလောက် ၎င်းတို့သည် မင်းအောင်လှိုင်၏ သားသမီးများ ငွေကြေး ရင်းနှီးမြှုပ်နှံထားကြသည့် စစ်ဘက်ဆိုင်ရာ နည်းပညာမြင့် မာတီမီဒီယာ ကွန်ရက်လုပ်ငန်းကြီးတစ်ခု ထူထောင်နိုင်သည့် အထိမ်းအမှတ်အဖြစ် အောင်ပွဲခံခဲ့ကြခြင်း ဖြစ်သည်။ နောက်တစ်နေ့တွင် လုပ်ဆောင်တော့မည့် အာဏာသိမ်းပွဲအတွက်လည်း ၎င်းတို့သည် ခွက်တိုက်ဆုတောင်းခဲ့ကြသည်ဟု သိရသည်။

အမေရိကန်ပြည်ထောင်စုသည် ဤဖြစ်ထွန်းပြောင်းလဲမှုများကို အမြင့်ဆုံး စိုးရိမ်ပူပန်မှု ပြသခဲ့သလို မြန်မာနိုင်ငံ၌ “ဒီမိုကရေစီအရေး၊ လွတ်လပ်ရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတရေး” အတွက် ရုန်းကန်လှုပ်ရှားမှုကို အားပေးကူညီသည့် ကြေညာချက်များလည်း ထုတ်ပြန်ခဲ့သည်။ ဝါရှင်တန်သည် စစ်ကောင်စီ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ စီးပွားရေး အကျိုးအမြတ်များကို ဦးတည်သည့် ဒဏ်ခတ်အရေးယူမှုများလည်း အများအပြား ချမှတ်ထားသည်။

အမေရိကန်၏ အကူအညီတစ်ရပ်တွင် ဆိုလျှင် ထိုင်းနှင့် အိန္ဒိယရှိ ဒုက္ခသည်ကူညီကယ်ဆယ်ရေး အစီအစဉ်များအတွက် ဒေါ်လာ ၇၅ သန်း ထောက်ပံ့ထားသလို NUG အတွက်လည်း “နည်းပညာ အကူအညီနှင့် အသက်အန္တရာယ် မဖြစ်စေသည့် ကူညီထောက်ပံ့မှု” ဒေါ်လာ ၂၅ သန်းဖိုး ပေးအပ်ထားသည်။

ထိုမျှလောက် မများပြားသည့် အကူအညီများကိုလည်း “အုပ်ချုပ်ရေးအစီအမံများ၊ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို မှတ်တမ်းပြုစုရေး၊ နိုင်ငံရေးအကျဉ်းသားများ၊ မွတ်ဆလင်ဒုက္ခသည်များနှင့် မြန်မာစစ်တပ်မှ ထွက်ပြေးလာသူများကို ကူညီထောက်ပံ့ရေး” တို့အတွက် ခွဲတမ်းချထားသည်။

တချိန်တည်း၌ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင်လည်း ဟီးထနေသည့် အမေရိကန် ကောင်စစ်ဝန်ရုံးသစ်ကြီးကို ဆောက်လုပ်နေသည်။ အွန်လိုင်းပေါ်တွင် တွေ့ရသည့် ရောင်စုံလက်ကမ်းစာစောင်တွင်တော့ အဆိုပါစီမံကိန်းကို “ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ပြည်သူများနှင့် မိမိတို့၏ မိတ်ဘက်ဆက်ဆံရေးအတွက် ရေရှည်ကတိကဝတ်အဖြစ် ခိုင်မာသည့် သရုပ်သကန်” ဟု ဖော်ပြထားသည်။ ဤသံတမန်မစ်ရှင်သည် “ဒေသတွင်းရှိ အမေရိကန်အသိုင်းအဝိုင်း သို့မဟုတ် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်ရန် ဆန္ဒရှိသူများကို ဝန်ဆောင်မှုပေးရန် ရည်ရွယ်” ကြောင်းလည်း ဆက်လက်ရေးသားထားသည်။

ထိုအတိုင်း ဟုတ်နေခဲ့လျှင်တောင် အဆိုပါအစီအစဉ်၌ ဒေသတွင်း အမေရိကန်၏ ထောက်လှမ်းရေး စွမ်းရည်ကို ပိုမိုအားဖြည့်ပေးလိုသည့် ကျယ်ပြန့်သော အစီအစဉ်တစ်ရပ်၏ အစိတ်အပိုင်း ဖြစ်သည်ဟု သံသယအချို့ ရှိကြသည်။

ချင်းမိုင်ကို မဟာဗျူဟာမြောက် အသံဖမ်းနေရာအဖြစ် ရွေးချယ်ထားသည်ကတော့ တိုက်ဆိုင်မှု မဟုတ်လောက်ပေ။

အမေရိကန်တို့သည် ချင်းမိုင်တွင် ပထမဆုံး သံတမန်မစ်ရှင်ကို ၁၉၅၀ တွင် စတင်ဆောင်ရွက်ခဲ့သည်။ ထိုအချိန်က တရုတ်အမျိုးသားရေးဝါဒီ ကူမင်တန်တပ်များကို ပူးပေါင်းကူညီ ထောက်ပံ့ပေးသည့် ထောက်လှမ်းရေးဌာနအဖြစ် အဓိက လုပ်ကိုင်ခဲ့သည်။ ကူမင်တန်တပ်များသည် တရုတ်ပြည်တွင်းစစ်တွင် စစ်ရှုံးပြီးနောက် မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်ထဲသို့ တပ်ဆုတ်သွားကြသည်။

ချင်းမိုင်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးသည် နောက်ပိုင်းတွင် လူစုခြင်း၊ အင်ဒိုချိုင်းနားစစ်ပွဲကာလများအတွင်း ဒေသတခွင် ထောက်လှမ်းရေးသတင်း ပေးပို့ခြင်းများကိုလည်း ကြီးကြပ်ဆောင်ရွက်ခဲ့သည်။ ဒေသခံ အေးဂျင့်များကို နယ်စပ်တခွင်သို့ စေလွှတ်သည်။ အမေရိကန်များကိုလည်း ထိုင်းများနှင့် တွဲဖက်ကာ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် သတင်းစုဆောင်းသည့် ကွန်ရက်ကြီးတစ်ရပ် ဖန်တီးထားသည်။

အဓိကကျသည့် နေရာတစ်ခုမှာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အူဒုံသနိပြည်နယ်အနီးတွင် ရှိပြီး အဆိုပါဌာန၌ ဆင်ကျုံးနှင့်တူသည့် ပုံစံကြောင့် “ဆင်လှောင်အိမ် သို့မဟုတ် Elaphant Cage” ဟု တင်စားခေါ်ဆိုကြသည့် Wullenweber အင်တာနာစက်ဝိုင်းကြီး တပ်ဆင်ထားသည်။ ထိုအင်တာနာ စက်ဝိုင်းကြီးသည် လာအို၊ တရုတ်တောင်ပိုင်း၊ ဗီယက်နမ်မြောက်ပိုင်းတို့မှ ရေဒီယိုအသံလှိုင်းများကို ဖမ်းယူနားထောင်သလို ဒေသတွင်း၌ တရုတ်၏ စစ်ရေးလှုပ်ရှားမှုများကိုလည်း စောင့်ကြည့်ခဲ့သည်။

အရေးအကြီးဆုံးမှာ အဆိုပါဌာနသည် အမေရိကန်နှင့် အရှေ့တောင်အာရှနှင့် အရှေ့အာရှရှိ ထောက်လှမ်းရေးစခန်း အမျိုးစုံတို့အကြား စစ်ထောက်လှမ်းရေး တံပါးပေါက်အဖြစ် အသုံးတော်ခံခဲ့သည့်အချက် ဖြစ်သည်။ အလားတူနေရာမျိုးကို ချင်းမိုင်မြောက်ပိုင်း လမ်ဖန်းမြို့အနီးတွင်လည်း မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ယူနန်ပြည်နယ်တို့ရှိ ရေဒီယိုလှိုင်းများကို စောင့်ကြည့်ရန် ရည်ရွယ်ချက် သီးသန့်ဖြင့် တည်ဆောက်ခဲ့သည်။

ကြားဖြတ်ဖမ်းယူရရှိသည့် သတင်းအချက်အလက်များကို တရုတ်စကားကျွမ်းကျင်သူ အမေရိကန်များက အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသည်။ ဗမာစကားပြောသည့် ရှမ်းများကလည်း ဗမာလိုကြားရသည့် သတင်းအချက်အလက်များကို ထိုင်းနှင့် အင်္ဂလိပ်ဘာသာများသို့ ပြန်ဆိုသည်။ ထိုကာလက အဓိကပစ်မှတ်မှာ တရုတ်ထောက်ပံ့ထားသည့် ဗမာပြည်ကွန်မြူနစ်ပါတီ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကျော်လွန်ခဲ့ပြီးနောက်တွင် ဆင်လှောင်အိမ်များကို အသုံးနည်းသွားပြီဖြစ်သည်။ ယနေ့ကာလ၌ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် ဆိုက်ဘာနယ်ပယ်တွင်သာမက မြေပြင်၌ပါ ပိုမို၍ အဆင့်မြင့်ပြီး ပိုမိုရှုပ်ထွေးသည့် နည်းလမ်းများ ရှိနေပြီဖြစ်သည်။

စစ်အေးတိုက်ပွဲသစ်ကတော့ ယခင်တိုက်ပွဲဟောင်းကဲ့သို့ ပွဲမဆူလောက်သေးပေ။ သို့သော်လည်း အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် အာရှတခွင်၌ တရုတ်ကို ဆန့်ကျင်သည့် ခံတပ်ကြီးတစ်ရပ် တည်ဆောက်နေကြသည်မှာ ထင်သာမြင်သာ ရှိသည်။ ဘေဂျင်း၏ ခေါင်းထောင်လာမှုကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်သည့် AUKUS ၊ Quad နှင့် စစ်ဘက်ဆိုင်ရာ ဘက်စုံစီမံကိန်း Squad တို့မှာ ပေါ်ပေါ်ထင်ထင် မြင်နေရသည့် လုပ်ရပ်များဖြစ်သည်။

သို့သော်လည်း ချင်းမိုင်တွင် ဧရာမ အမေရိကန်ကောင်စစ်ဝန်ရုံးကြီး ဆောက်လုပ်ခြင်းနှင့် မြန်မာပြည်တွင်းမှ ဒီမိုကရေစီအရေး လိုလားသည့် အင်အားစုများကို ဘဏ္ဍာရေး အကူအညီများ ပေးအပ်ခြင်းတို့ကမူ တရုတ်နှင့် သူ့အပေါင်းပါ ရုရှားတို့ကို ထိန်းကွပ်မည့် ပိုကြီးမားသည့် ဗဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။

၁၉၅၀ ကျော်၊ ၁၉၆၀ ကျော်နှင့် ၁၉၇၀ ကျော်ကာလများအတွင်းက စစ်အေးတိုက်ပွဲ၏ တဆင့်ခံနိုင်ငံများ ဗြောင်ကျကျ ထိပ်တိုက်တွေ့မှုများ တကျော့ပြန် ဖြစ်ပွားလာသည့် အဆင့်အထိ ရောက်ရန်တော့ အများကြီး လိုပါသေးသည်။ သို့သော်လည်း ပဋိပက္ခများ ကြီးစိုးနေသည့် မြန်မာနိုင်ငံသည်မူ ကိုယ့်ကိုယ်ကိုယ် မယ်မယ်ရရ ထိန်းချုပ်နိုင်စွမ်း မရှိဘဲ ပထဝီနိုင်ငံရေး မုန်တိုင်းအသစ်တစ်ရပ်အောက်တွင် ရောက်နေသည်ကို မြင်ကောင်းမြင်ရဦးမည် ဖြစ်ပေသည်။

Asia Times တွင် ဆောင်းပါးရှင် ဘာတီးလ် လင့်တနာ ရေးသားထားသည့် New Cold War Proxy Conflict Brewing in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။