- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
" အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် ရုရှားနဲ့ မြန်မာဆက်ဆံရေး ပိုပြီးနက်ရှိုင်းခိုင်မာလာ "
ရုရှားသည် ပြီးခဲ့သောနှစ်ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ နိုင်ငံတော်အာဏာသိမ်းယူခဲ့သော မြန်မာစစ်တပ်အတွက် အဓိကထောက်ခံသူနှင့် လက်နက်ထောက်ပံ့ပေးသူဖြစ်သည်။ အချို့ သောလက်နက်များသည် စစ်အုပ်ချုပ်ရေး ဆန့်ကျင်နေကြသော တော်လှန်ရေးသမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည် ဟုဆိုသည်။
26 Aug 2022
DMG ၊ သြဂုတ် ၂၆
ဘာသာပြန်ဆောင်းပါး
မကြာသေးခင်ကဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များနှင့်အတူ ရုရှားနှင့် မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနီးကပ်သွားစေခဲ့သည်။ စစ်အစိုးရလက်ထဲတွင် အာဏာဆုပ်ကိုင်ထားနိုင်သရွေ့ ဤဆက်ဆံရေးသည်လည်း ဆက်လက်တည်မြဲနေဦးမည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
ရုရှားသတင်းဌာန Tass ၏ဖော်ပြချက်အရ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလတ်ဗ်ရော့သည် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးရန် ယခုလအစောပိုင်းက မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး မြန်မာစစ်ခေါင်း ဆောင်များနှင့်တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံကို “ဖော်ရွေပျူငှာပြီး ရေရှည်လက်တွဲဖော်”အဖြစ် လတ်ဗ်ရော့ က ဖော်ပြခဲ့ပြီး မိမိတို့နှစ်နိုင်ငံသည် မိတ်ဘက်ဆက်ဆံရေးအပေါ်အခြေခံ၍ ကျယ်ပြန့်သောနယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သောလတွင်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့သွားရောက်ခဲ့ပြီး ရုရှားအကြီးတန်း အရာရှိများနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံခဲ့ရာတွင် နှစ်ဘက်စလုံးက စစ်ရေးအရဆက်ဆံမှုနှင့် နျူးကလီးယား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခန်းကဏ္ဍအတွက် နက်ရှိုင်းစွာကတိပြုခဲ့ကြသည်။
ရုရှားသည် ပြီးခဲ့သောနှစ်ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ နိုင်ငံတော်အာဏာသိမ်းယူခဲ့သော မြန်မာစစ်တပ်အတွက် အဓိကထောက်ခံသူနှင့် လက်နက်ထောက်ပံ့ပေးသူဖြစ်သည်။ အချို့ သောလက်နက်များသည် စစ်အုပ်ချုပ်ရေး ဆန့်ကျင်နေကြသော တော်လှန်ရေးသမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည် ဟုဆိုသည်။
ရုရှားနိုင်ငံ အရှေ့ဖျားဖက်ဒရယ်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခတစ်ဦးဖြစ်သူ Artyom Lukin က ပြီးခဲ့သောဖေဖော်ဝါရီ၊ ယူကရိန်းကျူးကျော်ချိန်မှစပြီး နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံလုံးကို အနောက်နိုင်ငံများ၏ ဝိုင်းပယ်ခံထားရမှုက ကရင်မလင်ကို မြန်မာစစ်အာဏာရှင်များထံ ဦးတည်စေခဲ့ပြီး ပို၍ အဆင်ပြေလာစေခဲ့သည်ဟု ပြောသည်။
အာဏာသိမ်းပြီးကတည်းက မြန်မာ့ထိပ်တန်းစစ်ဗိုလ်ချုပ်များ၊ လက်နက်ပွဲစားများနှင့် စစ်တပ်ဆက်နွယ်သော နိုင်ငံတော်ပိုင်ကုမ္ပဏီ အများအပြားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။
ရုရှားနိုင်ငံသည်လည်း နိုင်ငံတကာဘဏ္ဍာရေး သတင်းပေးပို့မှုစနစ် Swift မှ ၎င်း၏ ဘဏ်များကို ဖယ်ရှားခြင်းမှစပြီး သွင်းကုန်ပို့ကုန်များ ကန့်သတ်ခံရသည်အထိ ပိတ်ဆို့အရေးယူမှုများနှင့် မျက်နှာချင်းဆိုင်ခဲ့ရသည်။ “မြန်မာစစ်အုပ်ချုပ်ရေး တည်ငြိမ်ခိုင်မာနေတာကို မြင်နေရသရွေ့ မော်စကိုက မြန်မာစစ်အာဏာရှင်နဲ့ ဆက်ဆံရေးမှာ ဆက်ပြီး ရင်းနှီးမြှုပ်နှံသွားမှာပါ” ဟု Lukin ကပြောသည်။
မြန်မာစစ်တပ်အာဏာသိမ်းပြီး အတိုက်အခံများနှင့် အရပ်သားဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အာဏာရဗိုလ်ချုပ်များသည် နိုင်ငံတကာတွင် ပို၍အထီးကျန်လာခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ အဆိုအရ အဆိုပါဖြိုခွင်းမှုများတွင် လူပေါင်း ၂၁၄၈ ဦးသေဆုံးခဲ့ပြီး ထောင်နှင့်ချီ ဖမ်းဆီးခံထားရသည်ဟု သိရသည်။ ပြီးခဲ့သောလမှာတော့ နိုင်ငံတကာအသိုင်းအဝိုင်းက တားမြစ်နေသည့်တိုင် တက်ကြွလှုပ်ရှားသူလေးဦးကို သေဒဏ်ပေးခဲ့သည်။
ရုရှားနိုင်ငံတကာရေးရာကောင်စီမှ အရာရှိတစ်ဦးဖြစ်သော Denil Bochkov က မြန်မာနိုင်ငံသည် အနောက်နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးညံ့ဖျင်းမှုက ရုရှားနိုင်ငံကို ၎င်း၏ကိုယ်ပိုင်အကျိုးစီးပွားများ ခိုင်မာစေမည့် အခွင့်အလမ်းများ ပေးခဲ့ကြောင်း ပြောသည်။
“ဒေသတွင်းမှာ အထီးကျန်နေတယ်လို့ ခံစားရတဲ့အတွက် မြန်မာနိုင်ငံက သူ့အပေါ်ထောက်ခံမယ့်သူတွေကို ရှာနေရတယ်။ ဒါကလည်း သဘာဝကျပါတယ်” ဟုပြောသည်။ ၎င်းက ဘေကျင်း နှင့် မော်စကိုအတွက် “ဒေသတွင်းထောက်ခံသူ” ရရှိရန် အသုံးဝင်သည်။ ထို “ဒေသတွင်းထောက်ခံသူ” များသည်လည်း ရုရှားနှင့် ဘေကျင်းအပေါ် စီးပွားရေးအရ မှီခိုနေရသူဖြစ်သည်။ “အမေရိကန်က ပိုပြီး တက်တက်ကြွကြွဖြစ်နေတဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ ရုရှားကလည်း သူ့ရဲ့သံတမန်ဆက်ဆံရေး မြှင့်တင်နိုင်ဖို့ ကြိုးပမ်းနေတယ်”
လွန်ခဲ့သောလများအတွင်း လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ကာကွယ်ရန်အတွက် အရှေ့တောင်အာရှရှိ ၎င်း၏မိတ်ဘက်များနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်သွားမည်ဖြစ်ကြောင်း အမေရိကန်က မကြာခဏဆိုသလို ပြောကြားလေ့ရှိသည်။ ဝါရှင်တန်က ပြီးခဲ့သောဖေဖော်ဝါရီလတွင် ၎င်း၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာသည် လွတ်လပ်၍ပွင့်လင်းသော ဒေသကို တည်ဆောက်ရန်ရည်ရွယ်ကြောင်း ထုတ်ဖော်ပြသခဲ့ပြီး လုံခြုံရေးနှင့် ခံနိုင်ရည်ရှိရေးတို့ကို မြှင့်တင်ကာ တရုတ်ကို ခြိမ်းခြောက်မှုအဖြစ် အားကျစေခဲ့သည်။
ယခုလအစောပိုင်းက ထုတ်ပြန်သည့် International Crisis Group ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အာရှတွင် ရုရှား၏အဆိုးရွားဆုံးသော ကျူးကျော်မှုနောက်ပိုင်း မိတ်ဘက်အဖြစ် ရပ်တည်နေသော နိုင်ငံဖြစ်ပြီး ယခုအချိန်တွင် နှစ်နိုင်ငံစလုံးမှာ ပိုမိတင်းကြပ်သော စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးအတွက် ပြင်ဆင်နေကြသည်ဟု ဖော်ပြထားသည်။
“ရုရှားဟာ နိုင်ငံတကာတရားဝင်မှုကို လုံခြုံအောင်နဲ့ ပြည်တွင်းခုခံမှုတွေကို ချေမှုန်းဖို့ ရုန်းကန်နေရတဲ့အတွက် နေပြည်တော်ကို အသက်သွေးကြောဖြစ်တယ်လို့ သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တွန်းအားပေးတဲ့နိုင်ငံတွေကို ရန်စဖို့ထပ်ပြီး တွန်းအားပေးနေတယ်” ဟု အစီရင်ခံစာက ဆိုသည်။
မော်စကိုက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ပိုမိုကြီးမားပြီး မရှိမဖြစ်လိုအပ်သူဖြစ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့်လည်း ရုရှားသည် ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒတွင် တရုတ်နိုင်ငံနှင့်အမြဲထပ်တူ ဖြစ်စေလိမ့်မည်ဟု ရန်ကုန်အခြေစိုက် လွတ်လပ်သောသုတေသနစင်တာကို တည်ထောင်သူ ဦးစိုးမြင့်အောင်က ပြောသည်။ ၎င်းက တရုတ်နိုင်ငံ၏ ကြီးမားသောစီးပွားရေး အကျိုးစီးပွားများ၊ နေပြည်တော်နှင့် နယ်စပ်တည်ငြိမ်ရေး ထိန်းသိမ်းရာတွင် မဟာဗျူဟာမြောက် ထည့်သွင်းစဉ်းစားမှုများကို ရည်ညွှန်းပြောဆိုခဲ့သည်။
" အာဏာနိုင်ငံရေး "
ရုရှားနိုင်ငံသည် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုများမှ များစွာသောအကျိုးအမြတ်များ ရလိမ့်မည်မဟုတ်ကြောင်း ဂျာမဏီနိုင်ငံ၏ လူသားများဆိုင်ရာ အဆင့်မြင့်လေ့လာရေး အင်စတီကျုမှတွဲဖက် ညီညီကျော်ကပြောသည်။
“ရုရှားက မြန်မာစစ်တပ်ဟာ သူတို့နဲ့အသွေးတူ၊ အမွှေးတူဖြစ်တယ်ဆိုတာ နိုင်ငံတကာကသိဖို့ မြန်မာစစ်တပ်နဲ့ လက်ချင်းချိတ်ပြီး တွဲပြနေတာ။ ငါ့ရန်သူရဲ့ရန်သူဟာ ငါ့မိတ်ဆွေပဲ” ဟု ၎င်းကပြောသည်။ ဆက်လက်ပြီး သူက “မြန်မာစစ်တပ်က သူ့လက်နက်နဲ့ အရပ်သားလူထုတွေအပေါ် သတ်ဖြတ်နေတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေမှာမဟုတ်ဘူး” ဟုပြောသည်။
လန်ဒန်အခြေစိုက် Myanmar Witness အဖွဲ့က “မြန်မာစစ်တပ်သည် ရုရှားနိုင်ငံလုပ် Yak-130 လေယာဉ်အား အသုံးပြုပြီး အရပ်သားများအား တိုက်ခိုက်နေသကဲ့သို့ အမြောက်များ၊ ဒုံးကျည်များဖြင့် ၎င်းအားဆန့်ကျင်နေမှုများကို ချေမှုန်းရန် ကြိုးစားနေသည်” ဟု ဖော်ပြသည်။
မြန်မာစစ်တပ်နှင့် ထိတွေ့ဆက်ဆံနေရသည့်အပေါ် တရုတ်နှင့် ရုရှားတွင် အရှက်တရားမရှိဟု အကြောင်းပြရန် မည်သည့်ဆင်ခြင်မျှမရှိ ဟု Lukin ကပြောသည်။
“ရက်စက်ကြမ်းတမ်းတဲ့ ဆော်ဒီဘုရင်စနစ်ကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ဝါရှင်တန်က ရှက်နေခဲ့သလား” ဟု ပြီးခဲ့သောလက သမ္မတဂျိုးဘိုင်ဒန်၏ ခရီးစဉ်အပါအဝင် လူ့အခွင့်အရေးမှတ်တမ်းများတွင် ညံ့ဖျင်းသည်ဟု စွပ်စွဲခံထားရသော ဆော်ဒီအာရေဗျနှင့် အမေရိကန်တို့၏ အပြန်အလှန်ဆက်ဆံရေးကို ရည်ညွှန်းပြီး သူကမေးခွန်းထုတ်ခဲ့သည်။
၂၀၁၄ ခုနှစ် အာဏာသိမ်းမှုတွင် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ထိုင်းနိုင်ငံဥပမာဖြင့်လည်း Lukin က “ဒါပေမယ့် ထိုင်းကိုတော့ အထီးကျန်စေကောင်းရဲ့လို့ ဘယ်သူကမှ မတောင်းဆိုခဲ့ကြပါလား” ဟု ပြောသည်။
မှတ်သားစရာမှာ ကိုလိုနီခေတ်လွန် သမိုင်းတလျှောက်လုံး မြန်မာနိုင်ငံအား စစ်အာဏာရှင်စနစ်ဖြင့်သာ အုပ်ချုပ်ခဲ့ကြောင်း၊ တရုတ်နှင့် ရုရှားနိုင်ငံတို့သည်လည်း စစ်အာဏာရှင်စနစ်အုပ်ချုပ်ရေးသည် မြန်မာနိုင်ငံ၏ “ပြီးပြည့်စုံသောပုံမှန်” နိုင်ငံအဖြစ်ရှုမြင်ထားကြသည်။ အရပ်သားအစိုးရသစ် ကတော့ အနောက်နိုင်ငံများကို အားကိုးရန် အဆင်သင့်ဖြစ်နေနိုင်ပြီး ရုရှားအတွက် လိုက်လျောညီထွေမဖြစ်နိုင်ဟု သူကဆိုသည်။
ရုရှားနိုင်ငံသည် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် အင်အားစုအားလုံး ပါဝင်သော ဆွေးနွေးပွဲများကို ချက်ချင်း တောင်းဆိုထားသည့် အာဆီယံမှရေးဆွဲထားသော ဘုံသဘောတူညီချက် ၅ ချက်အတွက် “နှုတ်ဖြင့်စောင်မ” ပေးရန် အလားအလာရှိသည်။
“အာဆီယံက မြန်မာအပေါ် တောင်းဆိုထားချက်တွေ အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ အင်အားမရှိမှတော့ ဒီမအောင်မြင်တဲ့ကြိုးပမ်းမှုမှာ ရုရှားက ဘာလို့ဝင်ပါဖို့ လုပ်နေဦးမှာလဲ” ဟု Lukin ကဆိုလေသည်။
ကြည်ဖြူစံ
“SCMP” တွင်ဖော်ပြထားသော “Maria Siow” ၏ “Russia-Myanmar ties deepen amid Western sanctions” ကို ဆီလျော်အောင်ရေးသားသည်။