မြန်မာစစ်တပ်၏ စီးပွားရေးလက်တံများနှင့် အရေးယူဒဏ်ခတ်မှုများ

မြန်မာနိုင်ငံ၏ အကြီးဆုံးရင်းနှီးမြှုပ်နှံသူများ၊ ကုန်သွယ်ဖက်များဖြစ်သည့် အိမ်နီးချင်းအာရှနိုင်ငံများကမူ စစ်အာဏာရှင်များနှင့် လုပ်ငန်းလုပ်ဆောင်မှုကို ကန့်သတ်ရန် လက်ရှောင်ခဲ့ကြပြီးဖြစ်သောကြောင့် အင်အားကြီး အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှု များသည် စစ်တပ်၏ ငွေကြေးစီးဆင်းမှုကို သက်ရောက်မှုမည်မျှကြီးမည်ကို မသိရပေ။

By မေမိုး 14 May 2021

ဓာတ်ပုံ - AP

DMG ၊ မေ ၁၄
မေမိုး ဘာသာပြန်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရ ဖြုတ်ချခံရပြီး နောက်ပိုင်း အမေရိကန်ပြည်ထောင်စုနှင့် ယူကေတို့၏ ပစ်မှတ်ထားပိတ်ဆို့ အရေးယူမှုများ ဆောင်ရွက်နေသည့် မြန်မာစစ်တပ်ပိုင် ကုမ္ပဏီကြီးနှစ်ခုနှင့် ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများမှာ တစ်သီတတန်းကြီး ရှိသည်။

ထိုကုမ္ပဏီကြီးများအပေါ် ပစ်မှတ်ထားပြီး အမေရိကန်ပြည်ထောင်စုနှင့် ယူကေရှိ လုပ်ငန်းများ၊ ဘဏ်များနှင့် လုပ်ငန်း ဆောင်ရွက်ခြင်းကို တားဆီးရန် ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးအကြံပေးများက ချီးကျူးကြသည်။ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ်သား ခေါင်းဆောင်များကို ဖမ်းဆီးအကျဉ်းချမှုနှင့် ငြိမ်းချမ်းစွာဆန္ဒပြသူထောင်ပေါင်းများစွာကို ဖမ်းဆီးမှုနှင့် သတ်ဖြတ်နှိမ်နင်းမှုများကို ဝေဖန်သူများက စစ်ခေါင်းဆောင်များကို ဖိအားပေးမှုများပိုမိုလုပ်ဆောင်ရန် အစဉ်တစိုက် တောင်းဆိုခဲ့ကြသည်။

သူတို့သည် နောက်ထပ်အင်အားကြီးယန္တရားတစ်ခုဖြစ်သော နိုင်ငံခြားရေနံကုမ္ပဏီများနှင့် လုပ်ငန်းဆောင်ရွက်နေသည့် မြန်မာ့ရေနံ နှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို အရေးယူရန် အစိုးရများကို တိုက်တွန်း တောင်းဆိုနေကြဆဲ ဖြစ်သည်။

ပိတ်ဆို့အရေးယူမှုများတွင် ဘယ်ကုမ္ပဏီတွေပါသလဲ

မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းသည် လုပ်ငန်းများစွာတွင် လက်အောက်ခံ ကုမ္ပဏီ ၁၀၀ ကျော်ပိုင်ဆိုင်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် တစ်ရပ်က  တွေ့ရှိထား သည်။ အခြားလုပ်ငန်း ၂၇ ခုသည် ထိုစီးပွားရေးလုပ်ငန်းစုနှစ်စုနှင့် မိတ်ဖက်ပြုဆောင်ရွက်နေသည်။ ထိုလုပ်ငန်းများတွင် ရာဘာစိုက်ပျိုးရေး၊ နို့စားနွားမွေးမြူရေးမှစပြီး ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ထုတ်လုပ်ရေး၊ အာမခံလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းများအထိ ပါဝင်သည်။

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ပိုင်ဆိုင်ထားသည့် သို့မဟုတ် ထိန်းချုပ်ထားသည့် အဆောက်အအုံများ ငှားရမ်းထားသည့် သို့မဟုတ် စစ်တပ်ပိုင်ကုမ္ပဏီ ကြီးနှစ်ခု ထိန်းချုပ်ထားသည့် စက်မှုဇုန်များတွင် စက်ရုံများ လည်ပတ်လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် စစ်တပ်ကို ဘဏ္ဍာငွေထောက်ပံ့ခြင်းမလုပ်နိုင်ရေး နည်းလမ်းရှာရတော့မည်ဖြစ်သည်။

ပိတ်ဆို့အရေးယူမှုတွေက ဘာတွေလဲ

ယူကေသည် မြန်မာ့စီးပွားရေးဦးပိုင်ကို ပိတ်ဆို့အရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။ အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌာနသည် ၎င်းတို့ ထုတ်ပြန် ကြေညာထားသည့် ပိတ်ဆို့အရေးယူခံရသည့် စာရင်းပါ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ် များကို ကင်းလွတ်ခွင့် သို့မဟုတ် အထူးကိုယ်စားပြုလွှဲအပ်ထားခြင်းမရှိပါက စီးပွားရေး ဆောင်ရွက်ခြင်း၊ အခြားကိစ္စရပ်များတွင် အကျိုးတူ ဆောင်ရွက်ခြင်း သို့မဟုတ် ကုန်သွယ်ခြင်းတို့ မပြုလုပ်ရန် တားမြစ်ထားသည်။ စစ်တပ်ပိုင် ကုမ္ပဏီနှစ်ခုနှင့် ငွေလွှဲ ပြောင်းခြင်းတွင် ကမ္ဘာ့ အသုံးအများဆုံး ငွေကြေး ဖြစ်သည့် ဒေါ်လာအသုံးပြုခြင်းကိုပင် ပိတ်ပင်သွားမည်ဖြစ်သည်။ အမေရိကန် အစိုးရစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် သို့မဟုတ် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပံ့ပိုးပေးရန်နှင့် ဒီမိုကရေစီရေး အကူအညီပေးရေး အတွက် ကင်းလွတ်ခွင့်ရထားသည်။

အမေရိကန်ပြည်ထောင်စုသည် အထူးပစ်မှတ်ထားခံရသည့် နိုင်ငံသားများစာရင်းပါ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကိုလည်း ထိန်းချုပ် သို့မဟုတ် ပိတ်ဆို့ထားသည်။ အမေရိကန်၊ ကနေဒါနှင့် ယူကေအစိုးရများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပြည်သူများကို အကြမ်းဖက် ဖြိုခွဲခြင်း အတွက် တာဝန်ရှိသူဟု ယုံကြည်ရသည့် ထိပ်တန်းစစ်ခေါင်းဆောင်များ၊ သူတို့၏ ဆွေမျိုးရင်းများ၊ အခြားသော စစ်အရာရှိများနှင့် ဖိနှိပ်ဖြိုခွင်းရာတွင် တာဝန်ရှိသည့် တပ်မ,များကို အရေးယူပိတ်ဆို့မည့်စာရင်းတွင် အစောပိုင်းက ကြေညာခဲ့ပြီး ဖြစ်သည်။

ဖြစ်လာနိုင်ခြေရှိသည့် အလားအလာ

မြန်မာနိုင်ငံ၏ အကြီးဆုံးရင်းနှီးမြှုပ်နှံသူများ၊ ကုန်သွယ်ဖက်များဖြစ်သည့် အိမ်နီးချင်းအာရှနိုင်ငံများကမူ စစ်အာဏာရှင်များနှင့် လုပ်ငန်းလုပ်ဆောင်မှုကို ကန့်သတ်ရန် လက်ရှောင်ခဲ့ကြပြီးဖြစ်သောကြောင့် အင်အားကြီး အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှု များသည် စစ်တပ်၏ ငွေကြေးစီးဆင်းမှုကို သက်ရောက်မှုမည်မျှကြီးမည်ကို မသိရပေ။ လူ့အခွင့်အရေး အဖွဲ့များကမူ ပိတ်ဆို့ အရေးယူမှုများကို အားပေးထောက်ခံကြဆဲဖြစ်သည်။ အမေရိကန်ဘဏ်များ၊ စီးပွားရေး လုပ်ငန်းများနှင့် တိုက်ရိုက်ပတ်သက် သည့်စီးပွားရေးလုပ်ငန်းများမရှိသည့် မြန်မာ့အာဏာသိမ်းခေါင်းဆောင်များကို အရေးယူသည့် အစောပိုင်းဆောင်ရွက်ချက်များထက် ပိုမိုကျယ်ပြန့်လာတော့မည်ဖြစ်သည်။ မြန်မာစီးပွားရေး လုပ်ငန်းများနှင့် ဆောင်ရွက်ကြသည့် အမေရိကန်နှင့် ယူကေကုမ္ပဏီ များသည် အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ခြင်းကို ရှောင်ရှားရန် တာဝန်ကျေစွာဖြင့် ပိုမိုအလေးထားဆောင်ရွက်ကြရမည်ဖြစ် သည်။

နောက်ထပ်ဘာတွေလုပ်သင့်လဲ

အခွင့်အရေးတက်ကြွလှုပ်ရှားသူများသည် ဥရောပသမဂ္ဂနှင့် အာရှရှိ အစိုးရများကို ၂၀၂၀ရွေးကောက်ပွဲရလဒ်များကို လေးစားရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအရပ်သား ခေါင်းဆောင်များကို လွှတ်ပေးရန်အတွက် စစ်တပ်ကို ဖိအားပေးရန် တောင်းဆိုနေကြသည်။ ကုလသမဂ္ဂ၏ မြန်မာ့အရေးအပေါ်  ပိတ်ဆို့အရေးယူမှုများသည် လုံခြုံရေးကောင်စီဝင် တရုတ်နှင့် ရှရှားတို့၏ ထောက်ခံမှု ရရှိမည်မဟုတ်ပေ။ မြန်မာ့ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အရှေ့တောင်အာရှ၊ ဂျပန်နှင့်တောင်ကိုရီးယားတို့သည် ပိတ်ဆို့အရေးယူ ခြင်းနည်းလမ်းကို ပံ့ပိုးအားပေးခြင်း မပြုပေ။ အခြားသောတောင်းဆိုမှုတစ်ခုမှာ အစိုးရပိုင် လုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများကို နိုင်ငံရေးအကြပ်အတည်း မဖြေရှင်းနိုင်မီအထိ အမတော် ကြေးပေးဆောင်မှုများ ရပ်ဆိုင်ထား ရန်ဖြစ်သည်။ ၎င်းတို့နှင့်ဆောင်ရွက်သည့် နိုင်ငံခြားမိတ်ဖက်ကုမ္ပဏီများတွင် ပြင်သစ်နိုင်ငံမှ Total SA၊ အမေရိကန်မှ Chevron Corp နှင့် ထိုင်းနိုင်ငံမှ PTT Public Co., Ltd. တို့ပါဝင်သည်။

ဘာကြောင့် ပိတ်ဆို့အရေးယူရတာလဲ

အခုအချိန်အထိ ထိပ်ပိုင်းစစ်ခေါင်းဆောင်များကို ဖိအားပေးအရေးယူခြင်းသည် မြန်မာပြည်သူများကို ထိခိုက်စေမည့် ကုန်သွယ်ရေး ပိတ်ဆို့မှုများအထိ မလွှမ်းခြုံနိုင်ပေ။ ကျွမ်းကျင်သူများနှင့် တက်ကြွလှုပ်ရှားသူများက ထိုပိတ်ဆို့ အရေးယူမှုများသည် ပြည်သူများကို ဖိနှိပ်သည့် စစ်တပ်နှင့် အကြီးအကဲများကို ပိုမိုပစ်မှတ်ထားရန် တိုက်တွန်းခဲ့ကြသည်။ တချိန်တည်းမှာပင် မြန်မာပြည်တွင်းရှိ ပြည်သူများသည် နေရာမျိုးစုံတွင် ပုံစံမျိုးစုံဖြင့် ဆက်လက် ဆန္ဒပြနေဆဲဖြစ်ပြီး ဘဏ်လုပ်ငန်း၊ မီးရထားလုပ်ငန်းနှင့် အခြားသောလုပ်ငန်းများ လည်ပတ်၍ မရအောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတွင်းတွင်လည်း  စစ်တပ်အပေါ်  စီးပွားရေးအရ ဖိအားပေးရန် ကြိုးပမ်းဆဲဖြစ်သည်။

မေမိုး
ရည်ညွှန်း - Sanctioned Myanmar army businesses span spectrum, AP