- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
အရှေ့တောင်အာရှ ဒီမိုကရေစီ ခေါင်းဆောင်ကြီးများ ကျဆုံးခန်း
ဒီမိုကရေစီအရေး ထောက်ခံသည့် ပါတီများသည် သူတို့၏ အထင်ကရခေါင်းဆောင်များ မရှိဘဲ ရပ်တည်နိုင်ကြသလား ဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆိုလျှင် ဗမာမဲဆန္ဒရှင် သန်းပေါင်းများစွာသည် ဒေါ်စုအတွက် မဲပေးခြင်းလား၊ သူမ၏ပါတီအတွက် မဲပေးခြင်းလား ဆိုသည်ကို ကွဲကွဲပြားပြား မရှိကြတော့သည့် အဆင့်အထိ ဒေါ်စု၏ အရှိန်အဝါလွှမ်းမိုးမှုမှာ ပါတီနှင့် တစ်သားတည်းကျခဲ့သည်။
21 Oct 2021
ရာဗီချန်ဒရာကူးမား ဆီလျော်အောင်မြန်မာပြန်ပါသည်။
ကမ္ဘောဒီးယား၏ ကာလရှည်အတိုက်အခံ ပြယုဂ်တစ်ဦးဖြစ်သူ ဆမ်ရမ်ဆီသည် ၂၀၁၃ ခုနှစ် အစောပိုင်းတွင် အရှေ့တောင်အာရှ ဒေသတခွင်သို့ ခရီးတစ်ပတ်လှည့်လည်ခဲ့သည်။
သူသည် ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ ပြယုဂ်တစ်ဦးဖြစ်သူ အန်ဝါအီဗရာဟင်ထံသို့ ပထမဦးဆုံး အလည်သွားသည်။ အန်ဝါအီဗရာဟင်သည် မလေးရှား အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သည်။ ထို့နောက်တွင် ရန်ကုန်သို့ ရောက်သွားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့သည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကား ထိုစဉ်က နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်လာသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည်။
တွေ့ဆုံမှုများအပြီးတွင် ရမ်ဆီက “အာဆီယံသုံးနိုင်ငံရဲ့ အတိုက်အခံခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကျွန်တော်တို့သုံးယောက်အနေနဲ့ ဒေသတွင်း ဒီမိုကရေစီအရေးကို မြှင့်တင်ဖို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်” ဟု ပြောကြားခဲ့သည်။ ၎င်းတို့သုံးဦးသည် စစ်မှန်သောအပြောင်းအလဲ၏ စပ်ကူးမပ်ကူးကာလတွင် နှစ်အနည်းငယ်ခန့် ရှိနေခဲ့ကြပုံတော့ပေါ်သည်။
လက်ရှိအချိန်တွင်ကား အရှေ့တောင်အာရှ၏ ဒီမိုကရေစီပြယုဂ်ကြီး သုံးဦး၏ ကံကြမ္မာများသည် ပြိုဆင်းသွားကြပြီ ဖြစ်သည်။ ရမ်ဆီသည် ၂၀၁၅ နှောင်းပိုင်းတွင် ပြည်ပသို့ တိမ်းရှောင်သွားရသည်။ ဒေါ်စုသည်လည်း တစ်ကျော့ပြန် ထိန်းသိမ်းခံနေရပြီ ဖြစ်သလို အန်ဝါသည်လည်း မလေးရှား၏ ညွှန့်ပေါင်းအစိုးရခေါင်းဆောင် ရာထူးမှ အနားယူရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
“အချိန်နဲ့ ဒီမိုကရေစီယုံကြည်မှုတွေဟာ ခဏတဖြုတ် ပေါ်ပင်သာ ဖြစ်နေနိုင်တယ်ဆိုတာကို အရှေ့တောင်အာရှရဲ့ ဒီမိုကရေစီ အထင်ကရကြီးတွေက ကျွန်တော်တို့ကို သတိပေးလျက်ရှိပါတယ်” ဟု ကောနဲလ်တက္ကသိုလ်ရှိ အရှေ့တောင်အာရှ လေ့လာရေးအစီအစဉ်၏ ညွှန်ကြားရေးမှူး သောမက်ပက်ပင်စကီးက ပြောသည်။
“စိတ်ဓာတ်ကျစရာ ဖြစ်ပေမယ့်လည်း တကယ့် ဒီမိုကရေစီ အစစ်အမှန် ထူထောင်ဖို့ဆိုရင် အမှန်တကယ် တာဝန်ယူမှုရှိတဲ့ ကိုယ်စားပြုအဖွဲ့အစည်းတွေ ထူထောင်တာ၊ အမှန်တကယ် ရွေးချယ်ပိုင်ခွင့် ပေးထားတဲ့ ရွေးကောက်ပွဲစနစ်တွေ ဖန်တီးတာမျိုး လုပ်ရမယ်ဆိုတာကို ဒီအချက်ကိုကြည့်ရင် ရှင်းရှင်းလင်းလင်း သိသင့်ပါတယ်” ဟု သူက ပြောသည်။
ဤအချက်သည် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များတွင် လုံးလုံး မသိသာခဲ့ပေ။ ထိုစဉ်ကမူ ဒီမိုကရေစီ အိုက်ကွန်များသည် အတိုက်အခံများအဖြစ် အင်အားကောင်းနေခဲ့ကြသည်သာမက များမကြာမီ တစ်နေ့တွင် အာဏာရတော့မည့်ပုံစံလည်း ရှိနေခဲ့ကြသည်။
၂၀၁၃ ခုနှစ်တွင် ပြည်တွင်းသို့ ပြန်ဝင်ခွင့်ရခဲ့သည့် ရမ်ဆီ၏ အတိုက်အခံပါတီ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) က အာဏာရ ကမ္ဘောဒီးယားလူထုပါတီအား ထိုနှစ်အထွေထွေရွေးကောက်ပွဲတွင် ၄ ရာခိုင်နှုန်းသာ အလျော့ဖြင့် အနိုင်ရလုနီးပါ ဖြစ်ခဲ့သည်။
အန်ဝါနှင့် သူ၏ ရာယပ်ညွန့်ပေါင်းအဖွဲ့ (Rakyat Coalition) သည် ၂၀၁၃ ခုနှစ် မလေးရှား အထွေထွေရွေးကောက်ပွဲတွင် ပေါ်ပြူလာမဲဖြင့် အနိုင်ရခဲ့သည်။ သို့သော်လည်း အာဏာရ ဘာရီဆန်နေရှင်နယ်ပါတီက အနိုင်ရအောင် စီစဉ်နိုင်ခဲ့ပြီး သမိုင်းတွင် အဆိုးဆုံး ရွေးကောက်ပွဲရလဒ် ဖြစ်ခဲ့ရသည်။
မြန်မာနိုင်ငံတွင် အာဏာပိုင်များက ၂၀၁၀ ခုနှစ်တွင် နိုင်ငံရေးအရ ပိုမိုပွင့်လင်းလာသည့် အကူးအပြောင်းတစ်ရပ်ကို ဖော်ဆောင်ခဲ့ပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၂၀၁၅ တွင် အနိုင်ရရန် သေချာပြီးသား ဖြစ်လာခဲ့သည်။ အမှန်တကယ်လည်း အနိုင်ရခဲ့ကာ မဲစုစုပေါင်း၏ ၅၇ ရာခိုင်နှုန်းကို ရရှိပြီး ဒေါ်စုသည်လည်း နိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ရရှိခဲ့သည်။
ဖော်ပြပါ အထင်ကရသုံးဦးအပြင် အရှေ့တောင်အာရှရှိ အခြားသော ဒီမိုကရေစီ ဦးဆောင်လှုပ်ရှားသူများ သည်လည်း ထိပ်ဆုံးနေရာသို့ ရောက်ရှိခဲ့ကြသည်။
ဗီယက်နမ်တွင်ဆိုလျှင် ထင်ရှားသူ ရှေ့နေ ငုယင်ဗန်ဒိုက်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ အုပ်စိုးမှုကို တောက်လျှောက် တွန်းလှန်နေခဲ့သည်။
နိုင်ငံရေးအင်အားစု တစ်ခုဖြစ်သည့် Bloc 8406 ၏ ၂၀၀၆ ခုနှစ်က ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ အကူအညီဖြင့် ခုနစ်နှစ်ကြာသောအခါ သူသည် နောက်ထပ် လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့သည်။ ဒီမိုကရေစီညီနောင် (Brotherhood for Democracy) ဟု အမည်ရသည့် ဤလှုပ်ရှားမှုသည် ဗီယက်နမ်ရှိ ကျေးလက်ဒေသများရှိ လယ်ယာမြေအခွင့်အရေး လှုပ်ရှားသူများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနှင့် မြို့ပြရှိ လစ်ဘရယ်သမားများ အစရှိသည့် အခြေအနေဆိုးဝါးနေသည့် ပြန်လည်ပြုပြင်ရေး အုပ်စုများကို သမိုင်းဝင် ပေါင်းစည်းပေးခဲ့သည်။
ဘင်နီနိုအကွီနို ၃ သည် ၂၀၁၀ ခုနှစ် ရုံးထိုင်ချိန်တည်းက ပျော့ညံ့သည့်သမ္မတအဖြစ် မှတ်ယူခြင်း ခံရသူဖြစ်သည်။ သို့သော်လည်း သူသည် အခြားသော နိုင်ငံရေးသမား အများစုထက်ပို၍ ဖိလစ်ပိုင်၏ လစ်ဘရယ်အစဉ်အလာကို ကိုယ်စားပြုသူ ဖြစ်လာခဲ့သည်။
အင်ဒိုနီးရှားတွင်လည်း ၂၀၁၄ အောက်တိုဘာတွင် အာဏာရလာသည့် သမ္မတသစ် ဂျိုကိုဝီဒိုဒိုသည် နိုင်ငံတွင်း၌ ပြန်လည်ပြုပြင်ရေးအတွက် စစ်မှန်သည့် ကိုယ်စားပြုသူအဖြစ် ကတိပြုခဲ့သလို လူ့အခွင့်အရေးနှင့် တိုးတက်သောမူဝါဒများ အကောင်အထည်ဖော်မည့် အစိုးရတစ်ရပ်ကို ဦးဆောင်မည်ဟု ကတိပေးခဲ့သည်။
ထိုင်းနိုင်ငံတွင် စစ်တပ်က ယင်လတ်အစိုးရကို ၂၀၁၄ ခုနှစ် မေလတွင် ဖြုတ်ချပြီး အာဏာသိမ်းခဲ့သော်လည်း ရှင်နာဝပ်ထရာ မောင်နှမများသည် ထိုင်း၏ နိုင်ငံရေးမျက်နှာစာကို ကိုင်ထားနိုင်ဆဲ ဖြစ်သည်။
သို့သော်လည်း ဤဖြစ်ရပ်များသည် အရှေ့တောင်အာရှအတွက် ဒီမိုကရေစီ မျှော်လင့်ချက်များ၏ အမြင့်ဆုံးရေချိန်သာ ဖြစ်ခဲ့သည်။ ရမ်ဆီသည် ၂၀၁၅ တွင် ပြည်ပသို့ တိမ်းရှောင်သွားရသည်။ နိုင်ငံအတွက် အလားအလာကောင်းသည့် တစ်ခုတည်းသော အတိုက်အခံပါတီ CNRP သည်လည်း နောက် ၂ နှစ်အကြာတွင် အမေရိကန်ထောက်ပံ့မှုဖြင့် အာဏာသိမ်းရန် ကြံစည်သည်ဟူသော ထွင်လုံးဖြင့် တရားစွဲခံရပြီး အဖွဲ့ ဖျက်သိမ်းခံရသည်။
ကမ္ဘောဒီးယားကို ကာလရှည်ကြာ အုပ်စိုးလာသူ ဝန်ကြီးချုပ်ဟွန်ဆန်သည် ယခုအခါ တစ်ပါတီအာဏာရှင် နေရာသို့ အခိုင်အမာ ရောက်ရှိနေပြီဖြစ်သည်။
မလေးရှားတွင် ၂၀၁၅ ခုနှစ်၌ အန်ဝါသည် ထပ်မံ၍ အကျဉ်းချခံရသည်။ သို့သော်လည်း သူ၏ ညွှန့်ပေါင်းအဖွဲ့ ပါကာတန်ဟာရာပန်သည် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရပြီး မလေးရှားအမျိုးသားအဖွဲ့ချုပ် (UNMO) ကို ပထမဆုံးအကြိမ်အဖြစ် ဖြုတ်ချနိုင်ခဲ့သည်။
သို့သော်လည်း UNMO အစိုးရလက်ထက်က ဝန်ကြီးချုပ်ဖြစ်ခဲ့သူ မဟာသီယာမိုဟာမက်က ထိပ်တန်းရာထူးကို ဝင်ယူလိုက်သည့်အတွက် အန်ဝါ၏ ဝန်ကြီးချုပ်ဖြစ်ရေး ရည်ရွယ်ချက်များမှာ မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။ မဟာသီယာအနေဖြင့် တစ်ချိန်ချိန်တွင် အန်ဝါကို ဝန်ကြီးချုပ်ရာထူးပေးမည့်သဘော နားလည်မှုဖြင့် ရှိထားခဲ့သော်လည်း မဟာသီယာအစိုးရသည် ယခုနှစ်အစောပိုင်းတွင် ပြိုကွဲခဲ့သည်။ အန်ဝါ၏ အတိုက်အခံ ညွန့်ပေါင်းအဖွဲ့မှာလည်း အစိုးရသစ် ဖွဲ့ရေးအတွက် မဟာမိတ်အသစ်များ ရှာဖွေရန် ပျက်ကွက်ခဲ့သည်။
စင်္ကာပူရှိ နိုင်ငံတကာရေးရာ လေ့လာရေးဌာနမှ အိုအိရှန်းက အကယ်၍ အတိုက်အခံ ပါကာတန်ဟာရာပန်ညွန့်ပေါင်းအဖွဲ့ကသာ တိုးချဲ့ဆောင်ရွက်လိုသည် ဆိုပါက အန်ဝါသည် ခလုတ်ကန်သင်းကြီးတစ်ခု ဖြစ်နေပြီဟု ပြီးခဲ့သည့်လက စောဒကတက်သည်။
“အန်ဝါအနေနဲ့ နောက်ဆုတ်ပေးဖို့ လိုအပ်ပါတယ်။ ခေါင်းဆောင်အဖြစ် သူ့တောင်းဆိုချက်က မှေးမှိန်နေပြီဖြစ်လို့ပါ” အိုအိရှန်းက ပြောကြားကြောင်း ဒေသတွင်း Free Malaysia Today သတင်းစာက ဖော်ပြသည်။
ဘင်နစ်နိုအကွီနို (၃) ကို လက်ရှိကာလတွင် အများက သတိရမှု မရှိသလောက် ဖြစ်သွားပြီဖြစ်သည်။ သူ့ကို မေးကြည့်ရမည်မှာ သူ၏ ရွေးကောက်ပွဲပြိုင်ဆိုင်မှုသည် သူ့နောက်မှတက်လာသူ ရိုဒရီဂိုဒူတာတေအတွက် မည်ကဲ့သို့ အခွင့်သာသွားစေသနည်း ဟူသောအချက် ဖြစ်သည်။ သမ္မတဂျိုကိုဝီဒိုဒိုဆိုလျှင်လည်း အင်ဒိုနီးရှားအတွက် အပြောင်းအလဲကြီးတစ်ရပ် ဖော်ဆောင်ပေးလိမ့်မည်ဟု ယုံကြည်ခဲ့သူများကို စိတ်ပျက်စေလျက်ရှိသည်။ ဗီယက်နမ်၏ ငုယင်ဗန်ဒိုက်မှာမူ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခံခဲ့ရပြီး သုံးနှစ်အကြာတွင် ပြန်လွတ်ခဲ့သည်။ သို့သော်လည်း ပြည်ပြေးအဖြစ် ဂျာမနီသို့ ရောက်သွားခဲ့ရသည်။
သာနာသွန်ဝန်ဂရွန်းဂရူအန်ကစ်သည် ထိုင်းနိုင်ငံ၏ လစ်ဘရယ်အပြောင်းအလဲ အဖြစ် ရှင်နာဝပ်ထရာမောင်နှမနေရာကို ဆက်ခံခဲ့သည်။ သူ့အနေဖြင့် စစ်တပ်၏ အုပ်ချုပ်မှုကို ၂၀၁၉ မဲဆန္ဒခံယူပွဲတွင် ပယ်ဖျက်ကောင်း ပယ်ဖျက်နိုင်ခဲ့မည် ဖြစ်သော်လည်း ရွေးကောက်ပွဲအပြီးတွင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ပရိယာယ်ကြောင့် သာနာသွန်၏ Future Forward ပါတီကို ဖျက်သိမ်းခဲ့ရသည်။
ဒီမိုကရေစီအပြောင်းအလဲအတွက် ဆောင်ရွက်နေဆဲ ဖြစ်သော်လည်း သာနာသွန်သည် ဘုရင်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှု အပါအဝင် ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခံရပြီး မလူးသာမလွန့်သာ အခြေအနေဖြင့် နှုတ်ပိတ်နေရဆဲ ဖြစ်သည်။
ဆိုခဲ့ပါ ကျရှုံးမှုများအနက် အကြီးကျယ်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဖြစ်စဉ်ဖြစ်သည်။ သူမ၏ NLD အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချကာ အာဏာသိမ်းခဲ့သည်။ ထိုအချိန်မှစ၍ သူမသည်လည်း နေအိမ်အကျယ်ချုပ် ကျခံနေရပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် လာဘ်စားမှုအပါအဝင် အခြားသော မေးခွန်းထုတ်စရာ စွဲချက်များဖြင့် ရင်ဆိုင်နေရသည်။
ဒေါ်စုနှင့် သူမ၏ NLD ပါတီသည် ပြီးခဲ့သောနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ သို့သော်လည်း နိုင်ငံတကာက သူမအား ဒေသတွင်း လစ်ဘရစ်ဝါဒ၏ အမှတ်သညာအဖြစ်သာ သတ်မှတ်ပြီး ဒီမိုကရေစီပြယုဂ်အဖြစ် ညွှန်းဆိုပြောကြားမှု မရှိခဲ့သည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်သည်။
မွတ်ဆလင်အများအပြား လူမျိုးတုန်းသတ်ဖြတ်ခံရမှု ဖြစ်ခဲ့ချိန်သည် သူမ၏အစိုးရအဖွဲ့ အုပ်ချုပ်နေချိန်ဖြစ်သည်။ မွတ်ဆလင်များအပေါ် ရက်စက်ကြမ်းကြုတ်မှုများအတွက် သူမကို တိုက်ရိုက် ပြစ်တင်၍ မရနိုင်သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် လိမ်လည်ခဲ့သလို မွတ်ဆလင်ဆန့်ကျင်ရေးကို နှုတ်အားဖြင့် ပါဝင်ပြောကြားမှုရှိသဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုများအတွက် မီးလောင်ရာလေပင့် ဖြစ်စေခဲ့သည်ဟု သူမအပေါ် စွပ်စွဲမှုများ ရှိသည်။
၂၀၁၆ ခုနှစ်မှသည် ၂၀၂၁ ဖေဖော်ဝါရီလအထိ အုပ်ချုပ်ခဲ့သည့် သူမ၏အစိုးရအဖွဲ့သည် လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်ပိတ်ပင်မှု၊ အဓိပ္ပာယ်ပြည့်ဝသော အပြောင်းအလဲကို ဖော်ဆောင်ရန် ပျက်ကွက်မှုတို့ ရှိခဲ့ကြောင်း စွပ်စွဲခံရသည်။ ဂါးဒီးယန်းသတင်းစာက ၂၀၁၈ ခုနှစ်တွင် ဖော်ပြခဲ့သည့် စာတစ်ပုဒ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ကျရှုံးခန်းကို “ငြိမ်းချမ်းရေးပြယုဂ်မှသည် အပယ်ခံဘဝဆီသို့” ဟူသည့်ခေါင်းစီးဖြင့် ဖော်ပြထားသည်။
“ဒီအိုက်ကွန်ကြီးတွေရဲ့ ပင်ကိုစရိုက်နဲ့ လစ်ဘရယ်ဒီမိုကရေစီ ဖော်ဆောင်ရေး သန္နိဌာန်တွေဟာ သူတို့နိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာကို အားပေးလှုံ့ဆော်နိုင်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး” ဟု ကော်နဲလ်တက္ကသိုလ်မှ ပက်ပင်စကီးက ပြောသည်။
“ဒါပေမဲ့ ဒီမိုကရေစီဆိုတာ စနစ်တစ်ခုဖြစ်ပါတယ်။ ခေါင်းဆောင်တွေ ဖန်တီးထားတဲ့ စံတန်ဖိုးတွေမဟုတ်ဘူး ဆိုတာကိုတော့ သတိရဖို့ လိုအပ်ပါတယ်” ဟု သူက ဖြည့်စွက်ပြောကြားသည်။
“ဒီမိုကရေစီအပေါ် ထားရှိတဲ့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို အထင်ကရ နိုင်ငံရေးသမား တစ်ယောက်နှစ်ယောက်ရဲ့ စံတန်ဖိုးနဲ့ ယုံကြည်မှုတွေအပေါ်မှာပဲ ပုံအပ်ထားလိုက်မယ်ဆိုရင် ကျွန်တော်တို့ စိတ်ပျက်ရမှာ အသေအချာပါပဲ” ဟု သူကဆိုသည်။
လက်တွေ့အားဖြင့်လည်း ကမ္ဘောဒီယားမှ ရမ်ဆီနှင့် မြန်မာမှ ဒေါ်စုကဲ့သို့ ဒီမိုကရေစီအရေး လှုပ်ရှားမှုများ၏ ခေါင်းဆောင်များကို အာဏာရှင်စိတ်ရှိသူများက ဖယ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုတစ်ခုလုံး တစ်စစ ပြိုလဲသွားကြသည်မှာ အမှန်ပင်ဖြစ်သည်။
ဒီမိုကရေစီအရေး ထောက်ခံသည့် ပါတီများသည် သူတို့၏ အထင်ကရခေါင်းဆောင်များ မရှိဘဲ ရပ်တည်နိုင်ကြသလား ဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆိုလျှင် ဗမာမဲဆန္ဒရှင် သန်းပေါင်းများစွာသည် ဒေါ်စုအတွက် မဲပေးခြင်းလား၊ သူမ၏ပါတီအတွက် မဲပေးခြင်းလား ဆိုသည်ကို ကွဲကွဲပြားပြား မရှိကြတော့သည့် အဆင့်အထိ ဒေါ်စု၏ အရှိန်အဝါလွှမ်းမိုးမှုမှာ ပါတီနှင့် တစ်သားတည်းကျခဲ့သည်။
၁၉၉၈ နှင့် ၂၀၁၂ ခုနှစ်အကြား ကာလတွင် ကမ္ဘောဒီးယား၏ အဓိက အတိုက်အခံပါတီကို ဆမ်ရမ်ဆီပါတီဟုပင် တရားဝင် ခေါ်ဆိုခဲ့ကြသည်မှာ ၂၀၁၂ ခုနှစ်၌ နောက်ပါတီတစ်ခုဖြစ်သည့် လူ့အခွင့်အရေးပါတီနှင့် ပူးပေါင်းပြီး CNRP ကို ထူထောင်သည့်အချိန်အထိပင် ဖြစ်သည်။
အခြားသောပဏ္ဍိတ်များကလည်း အရှေ့တောင်အာရှ ဒီမိုကရေစီအိုက်ကွန်ကြီးများ၏ အသက်အရွယ်ကို ထောက်ပြကြသည်။ ဒေါ်စုသည် ရ၆ နှစ်၊ ရမ်ဆီသည် ရ၂ နှစ်၊ အန်ဝါသည် ရ၄ နှစ် အသီးသီးရှိနေပြီဖြစ်သည်။ အဆိုပါအသက်များသည် သူတို့နိုင်ငံများ၏ လူထုပျမ်းမျှသက်တမ်းထက် ဆယ်စုနှစ်နှင့်ချီ ပိုများနေသည်။ ထို့ပြင် ပိုမိုငယ်ရွယ်သည့် ဒီမိုကရေစီခေါင်းဆောင်သစ်များ ထွန်းတောက်လာရေးကို တားဆီးပိတ်ပင်နေကြသည်ဟု ဒီမိုအိုက်ကွန်ကြီးများအပေါ် စွပ်စွဲပြောကြားကြသည်များလည်း ရှိသည်။
“ကျွန်တော့်ရဲ့ အမြင်ကို ပြောရရင်တော့ ဒါက ဒီမိုကရေစီရဲ့ ဂုဏ်သိက္ခာကိုတော့ နည်းနည်း ထိခိုက်စေတယ်လို့ ယူဆပါတယ်။ တချို့ ဖြစ်ရပ်တွေမှာဆိုရင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အပေါ် အလွန်အမင်း မှီတည်ပြီး ဒီမိုကရေစီကို သတ်မှတ်ပုံဖော်ကြတာ ဆိုတော့လေ” ဟု နိုင်ငံခြားရေးကောင်စီ၏ အရှေ့တောင်အာရှရေးရာ လေ့လာသူ ဂျိုရှုဝါကာလန်ဇစ်က ပြောသည်။
“ပိုမိုကျယ်ပြန့်တဲ့ အင်အားစုတွေ အများအပြားရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ ဒီ အထင်ကရပုဂ္ဂိုလ်တွေရဲ့ ကိစ္စရပ်တွေဟာ ဒီမိုကရေစီ ကျဆုံးရခြင်းရဲ့ အဓိကအကြောင်းအရာ မဟုတ်ဘူးထင်ပါတယ်” ဟု သူက ဖြည့်စွက်ပြောကြားသည်။
“ဒါပေမဲ့ အနည်းအကျဉ်းတော့ သက်ဆိုင်ပါလိမ့်မယ်” ဟုလည်း သူကဆိုသည်။
တက်စ်မာနီယာတက္ကသိုလ်ရှိ အာရှအင်စတီကျူ့ဒါရိုက်တာ ဂျိမ်းစ်ချင်ကလည်း ဒီမိုကရေစီသည် အရှေ့တောင်အာရှ တွင်သာမက ကမ္ဘာတစ်ဝန်းလုံးတွင် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပိုမိုဆိုးဝါးလာကြောင်း မှတ်ချပေးသည်။
အရှေ့တောင်အာရှ၏ ဒီမိုကရေစီစံနှုန်းများသည် ၂၀၁၀ ကျော်ကာလများ၏ ဒုတိယသက်တမ်းဝက်အတွင်း သိသိသာသာ ဆိုးရွားလာကြောင်း Freedom House အဖွဲ့၏ အညွှန်းကိန်းအရ သိရသည်။
သို့သော်လည်း ဒေသတွင်းရှိ ဒီမိုကရေစီအိုက်ကွန်ကြီးများသည် သူတို့၏ နိုင်ငံများတွင်မူ နိုင်ငံရေးပြယုဂ်များအဖြစ် ရှိနေကြဆဲ ဖြစ်ကြောင်း ဂျိမ်းစ်ချင်က ပြောသည်။ သူတို့၏ အရှိန်အဝါ ကျဆင်းလာသည် ဆိုခြင်းမှာ ဒီမိုကရေစီအကျိုးစီးပွားများအတွက် မားမားမတ်မတ် ရပ်တည်ပေးနိုင်ရန် ခက်ခဲပုံပေါ်မှု သော်လည်းကောင်း၊ အာဏာရရှိအောင် ကြိုးပမ်းနိုင်စွမ်း မရှိမှုတို့အပေါ်၌ သော်လည်းကောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ထင်မြင်ယူဆချက်များသာ ဖြစ်သည်ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။
“အောင်ဆန်းစုကြည်ဆိုရင် အထင်ကရ လူ့အခွင့်အရေးချိုးဖောက်ခံရသူ တစ်ဦး ဖြစ်ခဲ့တယ်။ ဒီအတွက်လည်း နိုဘယ်ဆု ရရှိခဲ့တယ်။ သူက တကယ်ဆိုးရွားတဲ့ လူ့အခွင့်အရေးကာကွယ်လှုပ်ရှားသူ တစ်ဦးပါပဲ။ မွတ်ဆလင်တွေကို မေးကြည့်ပေါ့။ ခုတော့ သူလည်း တစ်ကျော့ပြန် လူ့အခွင့်အရေး ချိုးဖောက်ခံရပြန်ပြီ။ ဒါပေမဲ့ သူ့ရဲ့ ဂုဏ်ရှိန်သြဇာကတော့ မှေးမှိန်သွားခဲ့ပြီ” ဟု ကင်းနစ်ရော့သ်က တွစ်တာပေါ်တွင် ရေးသားသည်။ ကင်းနစ်ရော့သ်သည် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch) အဖွဲ့၏ ညွှန်ကြားရေးမှူးဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ ဖြုတ်ချခံရပြီး များမကြာမီ ယခုကဲ့သို့ ရေးသားခဲ့ခြင်း ဖြစ်သည်။
ဒေါ်စုသည် ၂၀၁၇ ခုနှစ်က သူမ၏နိုင်ငံအတွင်း “လူမျိုးတုန်းသတ်ဖြတ်မှု” ကို မျက်ကွယ်ပြုခဲ့သည့် အချိန်မှစတင်၍ နိုင်ငံတကာက သူမအပေါ် အထင်ကြီးမှု သိသိသာသာ ကျဆင်းလာသည်ကို ရင်ဆိုင်ခဲ့ရသည်။ ကမ္ဘာတစ်ဝန်းရှိ ဒါဇင်ပေါင်းများစွာသော တက္ကသိုလ်များ၊ အဖွဲ့အစည်းများသည်လည်း သူမကို ပေးအပ်ထားသည့် ဆုတံဆိပ်များ၊ ဂုဏ်ထူးများကို ပြန်လည်ရုတ်သိမ်းခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်တွင်း၌မူ သူမ၏ NLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အကြီးအကျယ် အနိုင်ရခဲ့ပြီး နိုင်ငံ၏ အောက်လွှတ်တော်နေရာ ၃၃၀ အနက် ၂၅၈ နေရာအထိ အနိုင်ရခဲ့သည်။
အရှေ့တောင်အာရှ၏ ဒီမိုကရေစီအထင်ကရများ ကျဆုံးခန်းသည် နိုင်ငံတကာအသိုင်းအဝိုင်း အပေါ်၌ မူဝါဒပိုင်းဆိုင်ရာအကျိုးသက်ရောက်မှု ရှိသည်။ မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်၏ အာဏာသိမ်းမှု ဖြစ်စဉ်တွင် အနောက်နိုင်ငံများ၏ အစိုးရများ ပြတ်ပြတ်သားသား မရပ်တည်ကြသည့် အကြောင်းရင်းများအနက် တစ်ခုမှာ ဒေါ်စုနှင့် သူမ၏ NLD အစိုးရအပေါ် အချစ်ပြယ်သွားကြခြင်း ဖြစ်ကြောင်း လေ့လာသူများက ပြောကြသည်။
ရမ်ဆီ သို့မဟုတ် ကမ္ဘောဒီယားအတိုက်အခံ ပါတီ CNRP သည် နိုင်ငံရေးနယ်ပယ်ထဲသို့ ပြန်လာနိုင်ဦးမည်ဟု ဝါရှင်တန်နှင့် ဘရပ်ဆဲတို့ တကယ်တမ်း မယုံကြည်ကြတော့သည့် ပုံလည်း ပေါ်နေသည်။ ဝန်ကြီးချုပ် ဟွမ်ဆန်အစိုးရအပေါ် ထားရှိသည့် အနောက်အုပ်စု၏ ဖိအားသည်လည်း ပြီးခဲ့သည့် ၂ နှစ်က အနေအထားသို့ ပြန်ရောက်သွားသည့် သဘောလည်း ဖြစ်သည်။
တစ်ဘက်တွင် အရှေ့တောင်အာရှ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများ၏ အောင်မြင်မှုကို နိုင်ငံရေးအိုက်ကွန်ကြီးများ၏ ခေါင်းဆောင်မှုမပါဘဲ မြင်ယောင်ကြည့်ရန် ခက်ခဲသည်။ အခြားတစ်ဘက်တွင်မူ သူတို့၏ ထင်ပေါ်ကျော်စောမှုကြောင့်ပင် သူတို့၏ လှုပ်ရှားမှုများသည် ခေါင်းကြီးကိုယ်သေး ဖြစ်သွားပြီး ထောက်ခံသူ အောက်ခြေလူတန်းစားများ၏ တောင်းဆိုမှုများကို ဖြေရှင်းပေးနိုင်ရန် အထူးခက်ခဲကာ ပျက်စီးရန်လည်း လွယ်ကူသွားစေသည်။
နာမည်ကြီးကိုးကွယ်မှု၏ ပြဿနာတစ်ရပ်မှာ လူထုက သူတို့၏ နိုင်ငံရေးဆန္ဒများကို လူတစ်ဦးတစ်ယောက်၏ ဘဝမှတစ်ဆင့် သွယ်ဝိုက်၍ ဖော်ပြခွင့်ရသည့်အချက် ဖြစ်သည်။ ဤနည်းအားဖြင့် လူမှုအသိုက်အဝန်းကို ပြောင်းလဲနိုင်စွမ်းသည် လူထုနှင့် သူတို့၏ ဆန္ဒသဘောထားများ အပေါ်တွင် မူတည်နေသည် ဆိုသည့် စွဲမက်ဖွယ်ကောင်းသည့် ယုံကြည်မှုတစ်ရပ် ပေါ်ထွက်လာစေခဲ့သည်။ ရှုပ်ထွေးလှသည့် လူမှုအသိုက်အဝန်းအား ဖြည်းဖြည်းချင်း တည်ဆောက်ရသည် ဟူသည့် သဘောတရားကို လက်ကိုင်မပြုနိုင်ကြတော့ပေ။
ပြင်ပကမ္ဘာကြီးသည် ဆိုခဲ့ပါ နာမည်ကြီးများအား သူတို့၏ ဂုဏ်သတင်းအပေါ် အခြေခံပြီး လုပ်ရပ်နှင့် ပြောစကားများကို အလွန်အမင်း မြန်မြန်ဆန်ဆန် အကဲဖြတ်ခဲ့ကြခြင်းမျိုး၊ ထင်ပေါ်ကျော်စောမှုကို လက်ခံခဲ့ကြခြင်းမျိုးလည်း ဖြစ်နိုင်ဖွယ်ရာ ရှိနေပါသည်။
ကွယ်လွန်သူ သတင်းစာဆရာ ခရစ္စတိုဖာဟစ်ချန် ရေးသားခဲ့ဖူးသလိုပင် ဖြစ်သည်။
“တစ်စုံတစ်ယောက်ဟာ တစ်နေရာရာမှာ တတိယကမ္ဘာကြီးအတွက် တစ်ခုခု ဆောင်ရွက်နေတယ် ဆိုတာမျိုးကို ချမ်းသာတဲ့ကမ္ဘာကြီးက သဘောကျတယ်။ ဒီလိုလုပ်နေကြတယ်လို့ ယုံကြည်ချင်ကြတဲ့ဆန္ဒလည်း ရှိတယ်။ ဒီအချက်ကြောင့်ပဲ သူတို့ဟာ သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးသူ ဘယ်သူ့ကိုမဆို ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်နေသည်ဖြစ်စေ ဒီလူတွေရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရပ်တွေကို အနီးကပ် မစုံစမ်းကြတော့ဘူး”
ရာဗီချန်ဒရာကူးမား
Asia Times တွင်ဖော်ပြထားသည့် “The death of SE Asia’s democracy icons by David Hutt” ကို ဆီလျော်အောင် မြန်မာမှုပြုပါသည်။