မြန်မာနိုင်ငံတွင် ၂၀၁၇ ဖြစ်စဉ်ကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများ တကျော့ပြန် ဖြစ်လာမည်ကို ကုလ ထိတ်လန့်

မွတ်ဆလင် ထောင်ပေါင်းများစွာသည် ခြေလျင်ထွက်ပြေးနေရပြီး အာရက္ခတပ်တော်သည် လုံခြုံမှု စတိလောက်သာ ပေးနိုင်သည့် နေရာများသို့ မွတ်ဆလင်များကို အတင်းမောင်းသွင်းနေသည်ဟု ဗော်ကာတာ့ခ်က ပြောသည်။

By Admin 24 Aug 2024

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဗော်ကာတာ့ခ်။ (ဓာတ်ပုံ - အင်တာနက်)
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဗော်ကာတာ့ခ်။ (ဓာတ်ပုံ - အင်တာနက်)

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က မွတ်ဆလင်များ အပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကဲ့သို့ ဖြစ်စဉ်တစ်ရပ် တကျော့ပြန် ဖြစ်ပွားလာမည်ကို ထိတ်လန့်မိကြောင်း ကုလသမဂ္ဂက သြဂုတ်လ ၂၃ ရက်နေ့တွင် ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် အခြေအနေများ သိသိသာသာ ဆိုးဝါးလာနေပြီး ရခိုင်တွင်ဆိုလျှင် တို်က်ပွဲများကို ရှောင်တိမ်းထွက်ခွာရန် ကြိုးစားကြသူ ရာပေါင်းများစွာ အသတ်ခံရသည့် သတင်းများ ကြားသိရသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (UNHRO) ၏ ထုတ်ပြန်ချက်တွင် လူ့အခွင့်အရေး မဟာမင်းကြီး ဗော်ကာတာ့ခ်က ပြောကြားထားသည်။

မွတ်ဆလင် ထောင်ပေါင်းများစွာသည် ခြေလျင်ထွက်ပြေးနေရပြီး အာရက္ခတပ်တော်သည် လုံခြုံမှု စတိလောက်သာ ပေးနိုင်သည့် နေရာများသို့ မွတ်ဆလင်များကို အတင်းမောင်းသွင်းနေသည်ဟု ဗော်ကာတာ့ခ်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်နေရာများကိုလည်း ပိတ်ထားသဖြင့် မွတ်ဆလင်များသည် မြန်မာစစ်တပ်နှင့် ၎င်း၏ မဟာမိတ် အဖွဲ့များနှင့် အာရက္ခတပ်တော်တို့အကြား ချောင်ပိတ်မိနေပြီး လုံခြုံရာသို့ သွားနိုင်သည့် အခြေအနေ မရှိကြောင်း သူက ပြောသည်။

“စစ်ဆင်ရေးတွေကြောင့် လူပေါင်း ၇ သိန်း နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဝင်ပြေးခဲ့ရတာ ဒီလထဲမှာ ၇ နှစ်ပြည့်ပါတယ်။ ‘ထပ်မဖြစ်စေရဘူး’ လို့ ကမ္ဘာကြီးက ပြောနေပေမယ့် ကျွန်တော်တို့ဟာ ရခိုင်မှာ သတ်ဖြတ်မှု၊ ပျက်သုဉ်းမှုနဲ့ နေရပ်စွန့်ခွာရမှုတွေကို ထပ်မြင်နေရပြန်ပါပြီ” ဟု သူကပြောသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ နှစ်ဖွဲ့လုံးသည် မွတ်ဆလင်များအပေါ် ကြီးမားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေကြသည်ဟု UNHRO က ပြောကြားသည်။ အဆိုပါလုပ်ရပ်များတွင် ခေါင်းဖြတ်မှုအချို့ အပါအဝင် တရားလက်လွတ် သတ်ဖြတ်မှုများ၊ အဓမ္မခေါ်ဆောင်မှု၊ အတင်းအကြပ် တပ်သားစုဆောင်းမှု၊ ကျေးရွာများနှင့် မြို့များကို အဆင်ခြင်မဲ့ ဗုံးကြဲမှု၊ မီးရှို့မှုများ ပါဝင်သည်ဟု UNHRO က ပြောကြားသည်။

“ရခိုင်မှာ ဖြစ်ပျက်နေတဲ့ လူသားကပ်ဘေးဒုက္ခကြီးအတွက် မြန်မာစစ်တပ်နဲ့ အေအေတို့ နှစ်ဖွဲ့လုံးမှာ တာဝန်ရှိပါတယ်” ဟု ဗော်ကာတာ့ခ်က ပြောကြားသည်။
“အတိတ်က ရာဇဝတ်မှုတွေ ထိတ်လန့်ဖွယ်ရာတွေ ထပ်မံဖြစ်ပွားမလာအောင် တားဆီးရေးဟာ ကျင့်ဝတ်တာဝန်တစ်ရပ် ဖြစ်သလို ဥပဒေအရလိုအပ်ချက်လည်း ဖြစ်ပါတယ်” ဟု သူကပြောသည်။

အုပ်စုနှစ်ဖွဲ့လုံးက အရပ်သားများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် အာဆီယံအဖွဲ့ကြီး အနေဖြင့်လည်း မွတ်ဆလင်များကို ကာကွယ်ပေးရေးအတွက် လိုအပ်သည်များ အားလုံးကို အရေးယူဆောင်ရွက်ကြရန်လည်း ဗော်ကာတာ့ခ်က တောင်းဆိုကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။