မုန်တိုင်းသင့် ရခိုင်က ပြုပြင်ရန်ကျန်သည့် စာသင်ကျောင်း ၂၅၀ ကျော်ကို ယခုလကုန်တွင် အပြီးပြုပြင်ရန် ရည်ရွယ်ထားဟုဆို

မပြုပြင်ရသေးသည့် စာသင်ကျောင်းများမှ ကျောင်းသူ၊ကျောင်းသားများမှာ အမိုးအကာ မလုံခြုံဘဲ ပညာသင်ကြားနေကြရဆဲဖြစ်သည်

By Admin 04 Aug 2023

မြောက်ဦးမြို့နယ်၊ သရက်ပင်ကြီးကျေးရွာရှိ အ.လ.က (ခွဲ) စာသင်ကျောင်းတွင် စာသင်ကြားနေသည့် ကျောင်းသားများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်နေ့က တွေ့ရစဉ်။
မြောက်ဦးမြို့နယ်၊ သရက်ပင်ကြီးကျေးရွာရှိ အ.လ.က (ခွဲ) စာသင်ကျောင်းတွင် စာသင်ကြားနေသည့် ကျောင်းသားများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၄

ရခိုင်ပြည်တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် အခြေခံပညာစာသင်ကျောင်း ၁,၅၃၈ ကျောင်းထဲမှ ပြုပြင်ရန် ကျန်ရှိနေသည့် စာသင်ကျောင်း ၂၅၉ ကျောင်းကို ဩဂုတ်လကုန်တွင် အပြီးပြုပြင်သွားရန် ရည်ရွယ်ထားကြောင်း ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။

မုန်တိုင်းကြောင့် ပျက်စီးစာသင်ကျောင်းများထဲမှ ဩဂုတ်လ ၃ ရက်နေ့ထိ ကျောင်းပေါင်း ၁,၂၇၉ ကျောင်းကို ပြုပြင်ပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျနော်တို့ကတော့ အကုန်လုံးပျက်စီးသွားတဲ့ ကျောင်းတွေကို လုပ်ရင်းနဲ့ ၁,၅၃၈ ကျောင်း ပျက်သွားတာမှာ ဒီနေ့ထိပြုပြင်ပြီးတာ ၁၂၇၉ ကျောင်းရှိပြီ။ တချို့ကတော့ နည်းနည်း ပြုပြင်ဆဲပေါ့။ ဩဂုတ်လကုန်လောက်မှာ အပြီးပြုပြင်ဆောင်ရွက်သွားမယ်လို့ ရည်ရွယ်ထားတယ်” ဟု ဦးဘထွီးစိန်က ပြောသည်။

ရခိုင်ပြည်တွင် အခြေခံပညာစာသင်ကျောင်း ၃,၁၉၇ ကျောင်းရှိသည့်အနက် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြို့နယ် (၁၀)မြို့နယ်မှ စာသင်ကျောင်း ၁,၅၃၈ ကျောင်း ပျက်စီးသွားခဲ့ရသည်။

ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာက မူလတန်း အခြေခံပညာစာသင်ကျောင်းကို မုန်တိုင်းအလွန် နှစ်လကျော်ကြာအထိ ပြန်လည်ပြုပြင်ပေးခြင်း မရှိသေးဘဲ မြို့နယ်ပညာရေးမှူးရုံးထံမှ တာပေါ်လင်စအချို့သာ အကူအညီရရှိထားကြောင့် ဒေသခံများထံမှ သိရသည်။

တာပေါ်လင်စလုံလောက်မှုမရှိ၍ ကျေးရွာသားများ၏ အကူအညီဖြင့် ကျောင်းဆောင်များကို တာပေါ်လင်စမိုးကာ စာသင်ကြားနေကြရသည်ဟု ကျောင်းဆရာမ ဒေါ်ဖြိုးစုဝေက ပြောသည်။

“စာသင်ဆောင်ကနိမ့်တော့ မိုးရွာရင် မိုးတွေလည်းယိုတယ်။ ရေတွေ ဝင်တယ်။ အလင်းရောင်လည်း မရဘူး။ မှောင်မဲနေတယ်။ မုန်တိုင်းနဲ့ စာသင်ခုံတွေလည်း ပျက်စီးသွားတဲ့အတွက် စာသင်ကြားရတာမှာ ခုံတွေလည်း မရှိဘူး။ ကျောင်းမှာ ပစ္စည်းတွေကလည်း ဘာမှလည်းမကျန်တော့ အခက်အခဲတွေရှိတယ်” ဟု ၎င်းကပြောသည်။

စာသင်ကျောင်းဆောင်များ ပြုပြင်နိုင်ခြင်းမရှိသေးသည့် ကျေးရွာအချို့တွင် ယာယီအမိုးအကာများ ပြုလုပ်ပြီး စာသင်ကြားနေရကာ ဆေးရုံ၊ ဓမ္မာရုံ၊ နေအိမ် စသည့်နေရာများတွင်လည်း အတန်းခွဲကာ စာသင်ကြားနေရကြောင်း သိရသည်။

ကျောင်းသား/သူဦးရေ ၁၆၀ ခန့်ရှိသည့် မြောက်ဦးမြို့နယ်၊ သရက်ပင်ကြီးကျေးရွာရှိ အခြေခံပညာ အ.လ.က(ခွဲ) စာသင်ကျောင်းတွင်လည်း ပျက်စီးသွားသည့် ကျောင်းဆောင်ကို ပြုပြင်မပြီးသေး၍ မိုးရေစိုကာ ကလေးများ နေမကောင်း ဖြစ်ကြရကြောင်း သိရသည်။

“လက်ရှိမှာတော့ ဘေးနားက အုတ်ထရံတွေ ဘာမှမလုပ်ရသေးဘူး။ အခုလက်ရှိတော့ ခေါင်းမိုးပဲ လုပ်ထားတယ်။ မိုးရွာရင် ကလေးတွေကို စာသင်ရတာ အဆင်မပြေဘူး။ လေတိုက်ရင်လည်း မိုးပတ်တယ်လေ။ မိုးပတ်တဲ့အချိန်ကျရင် ကလေးတွေက ထီးမိုးပြီးတော့ သင်ရတယ်။ ရေတွေလည်း စိုတယ်။ ကလေးတွေလည်း မကြာခဏ ဖျားနာနေမကောင်းဖြစ်ကြတယ်။ နှာစေးကြတယ်”ဟု အမည်မဖော်လိုသည့် ကျောင်းဆရာမ တစ်ဦးက ပြောသည်။

မုန်တိုင်းသင့် စာသင်ကျောင်းများကို ပြုပြင်ရာတွင် မြို့ပေါ်နှင့် အလှမ်းဝေးသည့် ဒေသများ၌ သွားလာရေး အခက်အခဲများကြောင့် ဆောက်လုပ်ပြုပြင်မှုအပိုင်းတွင် တိုးတက်မှု နှောင့်နှေးနေသေးသည်ဟု ပြည်နယ်စစ်ကောင်စီမှ ဇူလိုင်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံသည့် ဇူလိုင် ၃၁ ရက်(နောက်ဆုံးနေ့)ထိ စာရင်းအရ  ရခိုင်ပြည်က အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသား/သူဦးရေ  ၅၆၉,၉၃၄ (ငါးသိန်းခြောက်သောင်း ကိုးထောင့်ကိုးရာသုံးဆယ့် လေးယောက်)ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ရခိုင်ပြည်၌ ကျောင်းအပ်နှံခဲ့သည့် ကျောင်းသား/သူဦးရေ သုံးသိန်း ခြောက်သောင်းကျော် ရှိခဲ့ကြောင်း သိရသည်။

#I001