ဧရာဝတီက မြို့နယ် ၆ ခုတွင် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်မည်
ကန်ထရိုက် လယ်ယာစနစ်သည် မျိုးစေ့နှင့် နည်းပညာအပါအဝင် သွင်းအားစုများပံ့ပိုးကာ စိုက်ပျိုးထုတ်လုပ်စေပြီး ဈေးကွက်ရောက်သည်အထိ တောင်သူများ၏ သဘောတူညီချက်ဖြင့် အကျိုးတူဆောင်ရွက်ခြင်း ဖြစ်သည်။
05 Jul 2023
DMG ၊ ဇူလိုင် ၅
ဧရာဝတီတိုင်း ဇလွန်၊ မြန်အောင်၊ အင်္ဂပူ၊ ညောင်တုန်း၊ ပန်းတနော်နှင့် မအူပင် မြို့နယ်တို့တွင် ယခုနှစ်အတွင်း အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
တောင်သူများ သီးနှံစိုက်ပျိုးနိုင်ရန်အတွက် တစ်ဧကလျှင် ငွေကျပ် ၇ သိန်းခွဲကို အတိုးတစ်ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး စိုက်ပျိုးဧက မည်မျှဖော်ဆောင်မည်ကို အတိအကျမသိရသေးကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းက ပြောသည်။
“မျိုးစေ့နဲ့ မြေသြဇာ ဝယ်ဖို့အတွက် ချေးတာပါ။ ယူအေဘီဘဏ်နဲ့လုပ်နေတာပါ။ ရိုးမဘဏ်ကလည်း စိတ်ဝင်စားလို့ ကနဦးလာဆွေးနွေးထားပါတယ်” ဟု အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဖြိုးကိုကိုနိုင်က ပြောသည်။
အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်ရေးအတွက် ယူနိုက်တက်အမရာဘဏ် (UAB)နှင့် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းကြား လုပ်ငန်းဖော်ဆောင်ရာနားလည်မှုစာချွှန်လွှာ MOU လက်မှတ်ရေးထိုးထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ဇလွန်၊ မြန်အောင်၊ အင်္ဂပူမြို့နယ်တို့တွင် အကျိုးတူ ကန်ထရိုက် လယ်ယာစနစ်ကို စမ်းသပ်ပရောဂျက်အနေဖြင့် စတင်ခဲ့ရာ အောင်မြင်မှုရရှိခဲ့၍ ယခုနှစ်တွင် တိုးချဲ့လုပ်ဆောင်ခြင်းဖြစ်သည်။
“နောက်ပိုင်းကျရင် ပိုက်ဆံကို အခြားနေရာမှာသုံးစွဲတာမျိုး မဖြစ်အောင် ပိုက်ဆံထုတ်မချေးဘဲ MOU ကတ်စနစ်နဲ့ လုပ်သွားဖို့ရှိပါတယ်။ အဲကတ်ကို ဘဏ်နဲ့ချိတ်ဆက်ထားပြီး စိုက်ပျိုးရေးဆိုင်မှာလိုအပ်တဲ့ မျိုးစေ့နဲ့ ဓာတ်မြေသြဇာ ဝယ်လို့ရတယ်။ အလုပ်သမားစရိတ်ဆိုရင်လည်း အဲဒီကတ်နဲ့ပဲ ငွေထုတ် အဲဒီလိုမျိုးလုပ်သွားဖို့ရှိတယ်” ဟု ဧရာဝတီတိုင်း ပြောင်းလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသန့်စင်ထွန်းက ပြောသည်။
ကန်ထရိုက် လယ်ယာစနစ်သည် မျိုးစေ့နှင့် နည်းပညာအပါအဝင် သွင်းအားစုများပံ့ပိုးကာ စိုက်ပျိုးထုတ်လုပ်စေပြီး ဈေးကွက်ရောက်သည်အထိ တောင်သူများ၏ သဘောတူညီချက်ဖြင့် အကျိုးတူဆောင်ရွက်ခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် တောင်သူများလိုအပ်သော စိုက်ပျိုးရေးသွင်းအားစုအတွက် သက်သာသောနှုန်းဖြင့် ချေးငွေထုတ်ချေးပေးပြီး တောင်သူများနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်ခြင်းပင် ဖြစ်သည်။
အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် လုပ်ဆောင်မှုကို ဧရာဝတီတိုင်းအတွင်း အများအပြားတွေ့ရပြီး အခြားတိုင်းနှင့် ပြည်နယ်များတွင် နည်းပါးနေသေးသည်။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ စလေတောင်ကျေးရွာမှ တောင်သူ ကိုမင်းခိုင်က “ပြောင်းတစ်ဧကကို ဆယ်သိန်းလောက် ကုန်ကျစရိတ်ရှိပါတယ်။ ဘဏ်က ခုနစ်သိန်းခွဲလောက် ထုတ်ချေးတော့ အတိုးနှုန်းနည်းတဲ့အတွက် ကျနော့်အတွက် အဆင်ပြေပါတယ်၊ အကျိုးလည်းရှိပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံက တောင်သူများမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် သွင်းအားစုစရိတ်ကြီးမြင့်ခြင်း၊ အရင်းအနှီးနည်းပါးခြင်း၊ နည်းပညာလိုအပ်ချက် စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။
#I004