- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို AA သိမ်းပိုက်လိုက်ပြီ
လက်ရှိတွင် ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများအား AA က လိုက်လံရှင်းလင်းနေ၍ မြေပြင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံပစ်ခတ်နေကြောင်း သိရသည်။
17 May 2024
DMG ၊ မေ ၁၈
ရခိုင်ပြည်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အာရက္ခတပ်တော်(AA)က မေလ ၁၇ ရက် ညအချိန်တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု ခိုင်လုံသည့် သတင်းရင်းမြစ်များထံမှ သိရသည်။
လက်ရှိတွင် ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကို AA က လိုက်လံရှင်းလင်းနေ၍ မြေပြင်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံပစ်ခတ်နေကြောင်း သိရသည်။
“ကျန်နေသေးတဲ့ တပ်ရင်းနှစ်ခုနဲ့ ဘူးသီးတောင်ဗျူဟာကို အပြင်းအထန်ထိုးစစ်ဆင်ပြီး အေအေက သိမ်းလိုက်ပြီ။ ဘာစခန်းမှ မကျန်တော့ဘူး။ ဒါပေမယ့် စစ်ကောင်စီတပ်သားတချို့ ပြန့်ကြဲထွက်ပြေးနေတာရှိတယ်။ ဒါတွေကို အေအေက လိုက်ရှင်းပြီးတိုက်ပွဲဖြစ်နေတာ။ အခု စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲနေတယ်” ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ယနေ့ နံနက် ၁၀ နာရီအချိန်တွင် DMG ကို ပြောသည်။
ဘူးသီးတောင်မြို့နယ်အတွင်း ဘူးသီးတောင်ဗျူဟာနှင့် လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃) နှင့် အမတ (၃၇၈)၊ စကခ (၁၅)နှင့် လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခမရ (၃၄၅ )၊ ခမရ (၃၅၂)၊ ခမရ (၃၅၃)၊ ခမရ (၅၃၅)၊ ခမရ (၅၅၁)၊ ခမရ (၅၅၂)၊ ခမရ (၅၆၄)၊ ခမရ (၅၆၅) တပ်ရင်းများ ရှိသည်။
ယင်းအထဲမှ ခမရ (၅၅၂) ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်၊ ခမရ (၅၆၄) ကို ဧပြီလ ၅ ရက်၊ ခမရ (၅၆၅) ကို ဧပြီလ ၂၄ ရက်၊ စကခ (၁၅) ဘူးသီးတောင်တပ်မဌာနချုပ်ကို မေလ ၂ ရက်၊ ခမရ (၅၅၁) ကို မေလ ၃ ရက်၊ ခမရ (၃၄၅) နှင့် (၃၅၂)ကို မေလ ၁၃ ရက်နှင့် ကျန်တပ်ရင်းများကို မေလ ၁၇ ရက်တွင် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
“မြို့ပေါ်မှာ အေအေက အလံထောင်ထားပြီလို့ သိရတယ်။ ပြီးတော့ စစ်ပွဲအတွင်း ရပ်ကွက်တချို့လည်း မီးလောင်နေတဲ့နေရာတွေရှိတယ်။ ဘယ်ရပ်ကွက်တွေလဲတော့ စုံစမ်းနေဆဲပါ။ စစ်ကောင်စီက အခု လေယာဉ်နဲ့ ဗုံးကြဲနေတယ်” ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ မြို့ပေါ်မှ ရပ်ကွက်အချို့တွင် မီးလောင်ကျွမ်းလျက်ရှိပြီး ပျက်စီးဆုံးရှုံးမှုကို DMG က စုံစမ်းနေဆဲ ဖြစ်သည်။ ဘူးသီးတောင်မြို့တစ်ခုလုံး ယနေ့နံနက်တွင် မီးလောင်ပြာကျသွားပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက သူ့၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဘူးသီးတောင်တိုက်ပွဲများနှင့်ပတ်သက်ပြီး အာရက္ခတပ်တော် AA ပြောခွင့်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ် မေးမြန်းထားသော်လည်း တုံ့ပြန်ခြင်း မရှိသေးပေ။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ရခိုင်စစ်ပွဲအတွင်း ပလက်ဝအပါအဝင် မြို့နယ် ၉ ခုကို AA က အပြီးသတ် သိမ်းပိုက်ထားသည်။ လက်နက်ချအညံ့မခံသေးသည့် စစ်ကောင်စီတပ်စခန်းများအား ဆက်လက် တိုက်ခိုက်သွားမည်ဟု AA က ထုတ်ပြန်ထားပြီး လက်ရှိတွင် မောင်တော၊ အမ်း၊ သံတွဲမြို့နယ်များ သိမ်းပိုက်ရရှိရေး ထိုးစစ်ဆင်နေသည်။