မင်းပြားမှ AA သံသယဖြင့်တရားစွဲခံရသူအမှု အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၈ လထိ ကြာမြင့်လာ

မတရားအသင်းဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထားရသည့် မင်းပြားဒေသခံတစ်ဦးအမှုတွင် အပြီးသတ်အမိန့်ချရန်သာ ကျန်ရှိသော်လည်း အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းနေသည်မှာ ၈ လခန့်အထိရှိလာနေသည်ဟု မိသားစုဝင်များထံမှ သိရသည်။ 

By Admin 29 Mar 2023

မတရားအသင်းဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထားရသည့် မင်းပြားဒေသခံ ဦးသိန်းဇော်။
မတရားအသင်းဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထားရသည့် မင်းပြားဒေသခံ ဦးသိန်းဇော်။

DMG ၊ မတ် ၂၉

ရက္ခိုင့်တပ်တော်(AA) နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထားရသည့် မင်းပြားဒေသခံတစ်ဦးအမှုတွင် အပြီးသတ်အမိန့်ချရန်သာ ကျန်ရှိသော်လည်း အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းနေသည်မှာ ၈ လခန့်အထိရှိလာနေသည်ဟု မိသားစုဝင်များထံမှ သိရသည်။ 

တရားစွဲခံထားရသူမှာ မင်းပြားမြို့နယ်၊ ငှက်ရဲကောက်ကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ဦးသိန်းဇော်ဖြစ်ပြီး ၎င်းကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ အမှတ် (၈၂၈) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်း(စစ်တွေမြို့)မှ ဗိုလ်ကြီး စစ်မင်းနိုင်က တရားလိုလုပ်ပြီး စစ်တွေမြို့နယ်တရားရုံး၌ ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင်  တရားစွဲဆိုခဲ့သည်။ 

အဆိုပါအမှုတွင် တရားလိုအပါအဝင် လိုပြသက်သေ ၇ ဦးနှင့် ခံပြသက်သေ ၃ ဦးရှိသည်။ အမှုနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့တွင် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြပြီး ဩဂုတ်လတွင် အပြီးသတ်အမိန့်ချရန် ချိန်းဆိုခဲ့သည်။ သို့သော် အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းနေသည်မှာ လက်ရှိတွင် ၈ လခန့်အထိ ကြာမြင့်လာသဖြင့် အမြန်ဆုံးအမိန့်ချပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။ 

“ကျနော်တို့က ရုံးချိန်းအကြိမ်ကြိမ်သွားတယ်။ အမိန့်မချဘူး။ တောင်းဆိုချင်တာက အပြစ်ရှိရင် အပြစ်ရှိကြောင်း အမိန့်ချစေပါတယ်။ အပြစ်မရှိရင်လည်း အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်” တရားစွဲဆိုခံထားရသည့် ဦးသိန်းဇော်၏ ဖခင်ဖြစ်သူ ဦးမောင်စိုးမြက ပြောသည်။ 

ဦးသိန်းဇော်အမှုနှင့်ပတ်သက်၍ အမိန့်ချရန် စစ်တွေမြို့နယ်တရားရုံးမှ ယခု မတ်လ ၂၀ ရက်နေ့က ရုံးချိန်းခဲ့သော်လည်း အမိန့်ချခြင်းမရှိဘဲ ဧပြီလ ၃ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။ “အမှုတွဲကို အသေးစိတ်လေ့လာနေသည်”ဟုသာ တရားရုံးမှအကြောင်းပြသည်ဟု မိသားစုဝင်များက ပြောသည်။   

ယခုကဲ့သို့ အမိန့်ချရန် အကြိမ်ကြိမ်ချိန်းဆိုနေသဖြင့် ရုံးချိန်းပေါင်း မြောက်များစွာကို သွားလာနေရမှုကြောင့် ငွေကြေးအကုန်အကျများလာပြီး စားဝတ်နေရေးထိခိုက်လာနေသည်ဟု ဦးသိန်းဇော်၏ ဇနီးဖြစ်သူ ဒေါ်စိုးသန်းရီက ပြောသည်။

“မိသားစုမှာ သူ့ကိုပဲ အားကိုးနေရတာပါ။ သူမရှိတဲ့အချိန်မှာ ပိုပြီး အခက်အခဲဖြစ်ရတယ်။ အခုဆိုရင် သမီးလေးကလည်း ကျောင်းတက်နေပြီ။ ပိုက်ဆံကမရှိဘူး။ ဒါကြောင့် အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်” ၎င်းက ပြောသည်။ 

စစ်ဆေးမှုများပြီးစီးနေသည့်အမှုတစ်ခုကို အမိန့်မချဘဲ အချိန်ကြာမြင့်စွာ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းနေခြင်းသည် တရားစွဲဆိုခံရသူအတွက် နစ်နာမှုများရှိသည်ဟု အမည်မဖော်လိုသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။ 

 “အပြီးသတ်လျှောက်လဲချက်ပေးပြီးရင် အမှုကို အမြန်ဆုံးအမိန့်ချရမယ်လို့ ပြဌာန်းထားတယ်။ ဒါပေမယ့် ဒီလိုကြန့်ကြာနေတာက တရားစွဲခံရသူအတွက် နစ်နာတယ်။ အပြစ်မရှိလို့ လွှတ်ပေးမယ်ဆိုရင် စောစောစီးစီး လွတ်နေမှာဖြစ်တယ်။ အပြစ်ရှိလို့ အပြစ်ရှိကြောင်း အမိန့်ချခံရမယ်ဆိုရင်လည်း လွတ်ငြိမ်းချမ်းသာခွင့်တွေ တက်လာနိုင်တယ်။ ဘယ်လိုပဲပြောပြော အကြာကြီးထားတာက နစ်နာတယ်” ဟု သူက ပြောသည်။ 

DMG မှ ကောက်ယူထားသည့် စာရင်းအရ ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း သံသယဖြင့် ဖမ်းဆီးခံရပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) (၂)၊ နိုင်ငံတော်ဆူမှုလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)၊ (ခ)တို့ဖြင့် တရားစွဲဆိုခံထားရသူ ၅၀ ခန့်ရှိသည်။ ယင်းအထဲမှ အချို့အမှုများတွင် သက်သေအားလုံးကို စစ်ဆေးပြီးစီး၍ အမိန့်ချရန်သာကျန်ရှိသော်လည်း အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်းရွှေ့ဆိုင်းခြင်းများ ရှိနေသည်။ 

ကျောက်တော်မြို့မှ နိုင်ငံတော်ဆူပူ လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားရင်ဆိုင်နေရသည့် ကိုဇော်ဝင်းပါဒေသခံသုံးဦး အမှုတွင်လည်း မတ်လ ၂၈ ရက်နေ့တွင် အပြီးသတ်အမိန့်မှတ်ချရန် ရုံးချိန်းခဲ့ပြီးမှ အမိန့်ချခြင်းမရှိဘဲ ဧပြီလ ၅ ရက်နေ့ကို ရုံးချိန်း ထပ်မံရွေ့ဆိုင်းလိုက်ကြောင်း သိရသည်။ 

#E003