ဂွမြို့နယ်တွင် ALP က တပ်သားသစ်စုဆောင်းနေ 

ALP တပ်ဖွဲ့ဝင်များသည် သံတွဲ - ဂွကားလမ်းရှိ ဘိုကလေး၊ ရှောက်ကုန်း၊ ကျောင်းကုန်း စေတီကွင်း စသည့်ကျေးရွာများသို့ ကွင်းဆင်းကာ ALP တပ်ထဲဝင်ရန် ဟောပြောစည်းရုံးနေသည်။

By Admin 07 May 2024

ဓာတ်ပုံ - ALP/ File Photo 
ဓာတ်ပုံ - ALP/ File Photo 

DMG ၊ မေ ၇ 

ရခိုင်ပြည်တောင်ပိုင်း ဂွမြို့နယ်ခွဲ ကျိန္တလီနယ်မြေတွင် ယခုရက်ပိုင်းတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က မြေပြင်ကွင်းဆင်းကာ တပ်သားသစ်များကို စည်းရုံးစုဆောင်းနေကြောင်း သတင်းရရှိသည်။ 

ယခုလ ပထမပတ်အတွင်း ALP တပ်ဖွဲ့ဝင်များသည် သံတွဲ - ဂွကားလမ်းရှိ ဘိုကလေး၊ ရှောက်ကုန်း၊ ကျောင်းကုန်း စေတီကွင်း စသည့်ကျေးရွာများသို့ ကွင်းဆင်းကာ ALP တပ်ထဲဝင်ရန် ဟောပြောစည်းရုံးနေခြင်း ဖြစ်သည်။ 

“မေလ သုံးရက်နေ့ကစလို့ ဂွမြို့နယ်၊ ကျိန္တလီဘက်က ကျေးရွာတွေမှာ ကွင်းဆင်းတယ်။ ဂွမြို့ထွေအုပ်ရုံးက လူတွေနဲ့အတူ နယ်ဘက်တွေမှာ စည်းရုံးရေးဆင်းနေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို မလိုက်နာချင်လျှင် ALP အဖွဲ့နှင့် ပူးပေါင်းနိုင်ပြီး ကူညီထောက်ပံ့မှုများပေးမည်ဟု မက်လုံးပေးစည်းရုံးနေကြောင်း ဒေသခံများက ပြောသည်။ 

“စစ်ကောင်စီကတော့ တစ်အိမ်တစ်ယောက်ကျ စစ်မှုမထမ်းမနေရဆိုပြီး အကြမ်းနည်းနဲ့လုပ်တာတွေ ရှိတယ်။ ALP ကတော့ စစ်မှုထမ်းဥပဒေကို မလိုက်နာချင်ရင် သူတို့အဖွဲ့ထဲဝင်ဖို့ပြောတယ်။ ALP ထဲဝင်ရင် စစ်မှုထမ်းဥပဒေကနေ လွတ်မယ်ဆိုတာကို အာမခံတယ် ဆိုပြီး စည်းရုံးနေတာ” ဟု ကျိန္တလီဒေသခံ နောက်တစ်ဦးက ဆိုသည်။

ဂွမြို့နယ်မှာ စစ်ကောင်စီထိန်းချုပ်ဆဲ ဒေသဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေ။ 

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဉက္ကဌ စောမြရာဇာလင်းကို DMG က ဖုန်းဆက်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။ 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်ကောင်စီ ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မပျက်မကွက် တက်ရောက်နေသည်။

ALP ဌာနချုပ်ကိုလည်း စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ အေးသာယာလမ်းတွင် စစ်ကောင်စီက နေရာပေးထားသည်။ 

ရခိုင့်နိုင်ငံရေး လေ့လာနေသူတစ်ဦးက “ALP ကို စစ်ကောင်စီက မွေးစားထားတာ။ မဟုတ်ရင် ALP နေဖို့နေရာ ရခိုင်မှာ မရှိတော့ဘူး။ စစ်ကောင်စီနဲ့အလွမ်းသင့်နေလို့ ရခိုင်မှာနေလို့ရနေသေးတာ။ ALP နဲ့ စစ်ကောင်စီဟာ အခုစစ်ရေးကာလ စစ်တွေမြို့မှာလည်း ပူးပေါင်းလုပ်ဆောင်နေတဲ့ အပိုင်းတွေရှိတယ်။ အဲဒါကြောင့် စစ်ကောင်စီက တပ်သားတွေလိုတဲ့အချိန်မှာ ALP ဘက်က တပ်သားတွေထုတ်ပေးရတာ၊ ဖြည့်ပေးရတာမျိုးတွေ ရှိလာနိုင်တယ်” ဟု ပြောသည်။

စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေမြို့၌ ပိတ်မိနေသူများကိုလည်း ALP က ၎င်းတို့တပ်ထဲသို့ဝင်ရန် မက်လုံးပေးစည်းရုံးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

နိုင်ငံအနှံ့စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန် ရည်ရွယ်ချက်ဖြင့် အရွယ်ရောက်သူတိုင်းစစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလတွင် ပြဌာန်းလိုက်ပြီးနောက် ပြည်သူများအား အတင်းအဓ္မစစ်သင်တန်းပေးကာ စစ်မြေပြင်သို့ ပို့ဆောင်လျက်ရှိနေသည်။ 

ဗီဒီယိုများ