အမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးဒဏ်ရာရ

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ (၁၅) ဦးသေဆုံးကာ (၁၅) ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားသည်။ 

By Admin 29 Mar 2024

အေအေက ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည့် တပ်ဖွဲ့ဝင်များ။
အေအေက ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည့် တပ်ဖွဲ့ဝင်များ။

အမ်းမြို့နယ်၊ လုံးကျေးရွာအနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာ၌ စစ်ကောင်စီ၏ စကခ(၅)လက်အောက်ခံ ခမရ(၃၄၆)နှင့် အခြားတပ်များစုပေါင်းထားသော စစ်ကြောင်းနှင့် AA ကြား မတ်လ ၂၆ ရက်နေ့က နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

စစ်ကောင်စီဘက်မှ ဒရုန်း၊ လေကြောင်းပစ်ကူနှင့် မြေပြင်လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်ခဲ့သော်လည်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးဒဏ်ရာရှိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုက်ပွဲအတွင်း AA တပ်ဖွဲ့ဝင် ၂ ဦး အသေးစားဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။ 

အမ်းမြို့နယ်တွင် မတ်လ ၂၇ ရက်က ဂါယ်လောင်းကျေးရွာအနီး စစ်ကောင်စီ၏ ခလရ (၃၇၂) တပ်ရင်းနှင့် တစ်မိုင်ခန့်အကွာရှိ စစ်ကောင်စီထောက်ပို့စခန်းတစ်ခုကို AA က သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ 

အမ်းဒေသခံတစ်ဦးက “အမ်းမြို့နယ်မှာ တိုက်ပွဲနေ့စဉ်ဖြစ်နေတယ်။ စစ်ကောင်စီက ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ လုံးကျေးရွာတောင်တန်းတွေကို ဗုံးကြဲတာတွေ ရှိတယ်။ မြို့ပေါ်မှာတော့ တိုက်ပွဲမဖြစ်သေးဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ခလရ(၃၇၂)တပ်ရင်းနဲ့ အေအေတို့ တိုက်ပွဲဖြစ်တော့ စစ်ကောင်စီတပ်သားတွေက ဌာနချုပ်သို့ ပြောင်းရွှေ့သွားကြတယ်လို့ သိရတယ်” ဟု ပြောသည်။

အမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို ရက္ခိုင့်တပ်တော်(AA)က မတ်လ ၂၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်။ 
အမ်းမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃ တပ်ရင်းများနှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်(G.E)၊ စစ်မြေပြင်အင်ဂျင်နီယာတပ်(B.E)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်း တပ်ဖွဲ့များရှိကြောင်း သိရသည်။ 

“အမ်းတိုက်ပွဲက ဒီထက်ပြင်းထန်လာမယ်။ အေအေက ရခိုင်ဒေသတစ်ခုလုံးကို သိမ်းပိုက်မယ်လို့ ပြောထားတော့ ရခိုင်ပြည်တောင်ပိုင်းမှာလည်း တိုက်ပွဲပြင်းထန်လာမယ်။ ဒါပေမယ့် ရခိုင်ပြည်မြို့တော်ဖြစ်တဲ့ စစ်တွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ ကျောက်ဖြူကို ဘယ်လိုပုံစံနဲ့ကစားမလဲဆိုတာက စိတ်ဝင်စားစရာပဲ” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

ရခိုင်စစ်ပွဲအတွင်း မြို့နယ် (၉) ခုကို သိမ်းပိုက်ထိန်းချုပ်ထားသော AA သည် မောင်တော၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီစခန်းများကို အရှိန်မြှင့်ထိုးစစ်ဆင်နေပြီး  အမ်းမြို့နယ်တွင်လည်း စစ်မျက်နှာဖွင့်ထားခြင်း ဖြစ်သည်။ 

ဗီဒီယိုများ