မွတ်ဆလင်များပါ စစ်ကောင်စီတပ်သား ရာနှင့်ချီအလံဖြူထောင်

မွတ်ဆလင်များပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လူရာနှင့်ချီ အလံဖြူထောင်အညံ့ခံနေသည့် ဓာတ်ပုံနှစ်ပုံကို အာရက္ခတပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ X လူမှုကွန်ရက်တွင် မေလ ၅ ရက်နေ့က တင်ထားသည်။ 

By Admin 06 May 2024

မွတ်ဆလင်များပါ စစ်ကောင်စီတပ်သား ရာနှင့်ချီအလံဖြူထောင်

DMG ၊ မေ ၆  

မွတ်ဆလင်များပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လူရာနှင့်ချီ အလံဖြူထောင်အညံ့ခံနေသည့် ဓာတ်ပုံနှစ်ပုံကို အာရက္ခတပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ X လူမှုကွန်ရက်တွင် မေလ ၅ ရက်နေ့က တင်ထားသည်။ ဓာတ်ပုံမှာ မေလ ၄ ရက်က ရိုက်ထားသည့်ပုံဖြစ်ပြီး အလံဖြူကိုင်ဆောင်ထားသည့် မွတ်ဆလင်များဘေးတွင် ရာနှင့်ချီသည့် စစ်ကောင်စီတပ်သားများကို မြင်တွ့ရသည်။ 

ဓာတ်ပုံနှင့်အတူ “ရဲရဲတောက် ဒို့ ဘင်္ဂလီတွေ သတ္တိခဲတွေ ရာဇဝင် ထွန်းလောက်အောင် စွမ်းတယ်။ ဒို့တိုင်း ဒို့ပြည် လွတ်လပ်ရေးကို အာဇာနည်သွေးတွေ အရိုးကြေကြေ ဒို့ပြည် ဒို့မြေ။ ခေတ်ဆွေးကိုပြောင်းပြန် ခေတ်သစ်ကိုစီမံ လွတ်လပ်ဖို့ အဓိဌာန် ညီစေနော် ဒို့ရဲဘော် ချီတက်ကြစို့ တူပျော်ပျော် ဘယ် -- ညာ -- ဘယ် -- ညာ” ဟု စစ်ကောင်စီတပ်၏ စစ်ချီတေးကို ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သရော်ရေးသားထားသည်။ 

ဓာတ်ပုံတွင် အလံဖြူကိုင်ထားသည့် မွတ်ဆလင်များမှာ စစ်ကောင်စီ၏ စစ်သင်တန်းဆင်း မွတ်ဆလင်များဟု ယူဆရပြီး ဘူးသီးတောင်တိုက်ပွဲအတွင်း လက်နက်ချအညံ့ခဲ့ကြသူများ ဖြစ်နိုင်ကြောင်း နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။ 

“ဒါက စစ်ကောင်စီဟာ မွတ်ဆလင်တွေကို တိုက်ပွဲတွေမှာအသုံးချနေတာကို ထပ်ပြီး သက်သေပြတာဖြစ်တယ်။ မွတ်ဆလင်တွေနဲ့ စစ်ကောင်စီတပ်သားတွေက ဘူးသီးတောင်ကပဲ ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုရင် ဒီရက်ပိုင်း ဘူးသီးတောင်မှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချအညံ့ခံတာတွေရှိတယ်” ဟု သူက ပြောသည်။ 

မေလ ၂ ရက်က ဘူးသီးတောင်အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ်မှ  ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင် လူရာနှင့်ချီ လက်နက်ချအညံ့ခံခဲ့ကြပြီး ယင်းအထဲတွင် မွတ်ဆလင်များလည်း ပါဝင်သည်။

ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီသည် မွတ်ဆလင်များကို အတင်းအဓမ္မ စစ်သင်တန်းပေးကာ စစ်မြေပြင်သို့ ပို့ဆောင်နေပြီး ARSA, ARA, RSO အဖွဲ့များနှင့်ပူးပေါင်း၍လည်း AA ကို တိုက်ခိုက်နေသည်။
 
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ နယ်ခြားစောင့်ဌာနချုပ်နှင့် တပ်ရင်း ၄ ခုထက်မနည်းကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြား ထွက်ပြေးနေကြောင်း AA က ထုတ်ပြန်ထားသည်။ 

ဗီဒီယိုများ