KNDF ကို ညီနောင်သုံးဖွဲ့က စစ်ရေးအကူအညီပေးထား

ကရင်နီ အမျိုးသားတော်လှန်ရေးတပ် KNDF ကို မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သော AA၊ TNLA နှင့် MNDAA တို့က စစ်ရေးအကူအညီများ ပေးထားကြောင်း AA ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောသည်။

By Admin 05 Apr 2023

ကရင်နီအမျိုးသားတော်လှန်ရေးတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - KNDF)
ကရင်နီအမျိုးသားတော်လှန်ရေးတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - KNDF)

DMG ၊ ဧပြီ ၅

ကရင်နီ အမျိုးသားတော်လှန်ရေးတပ် KNDF ကို မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သော AA၊ TNLA နှင့် MNDAA တို့က စစ်ရေးအကူအညီများ ပေးထားကြောင်း AA ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောသည်။

“ကျနော်တို့ ညီနောင်မဟာမိတ်သုံးဖွဲ့က KNDF အပေါ်မှာ မိတ်ဖက်အဖွဲ့အစည်းတစ်ခုအနေနဲ့ အသိအမှတ်ပြုပြီး ဒီတော်လှန်ရေးမှာ အတူတကွလက်တွဲဆင်နွှဲနေတယ်။ ရှေ့ဆက်ပြီးလည်း ဒီထက် နိုင်ငံရဲ့အခြေအနေအပေါ်မှာ မူတည်ပြီးတော့ တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ကိုယ့်အဖွဲ့အစည်းရဲ့ စစ်ရေးလှုပ်ရှားမှုအပေါ်မှာ မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားဖို့လည်း ရှိပါတယ် ” ဟု ၄င်းကဆိုသည်။

ဧပြီလ ၄ ရက်နေ့တွင် Online မှပြုလုပ်သည့် “ရက္ခိုင့်တပ်တော်(AA)၏ ဒု-စစ်ဦးစီးချုပ် Dr. Nyo Twan Awng နှင့် လွတ်မြောက်နယ်မြေအကြောင်း အမေးအဖြေ” အစီအစဉ်တွင် ကရင်နီ အမျိုးသားတော်လှန်ရေးတပ် KNDF နှင့် ဆွေးနွေးစဉ် ဒေါက်တာညိုထွန်းအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး ဒေါက်တာ ညိုထွန်းအောင်က “ KNDF မဟာမိတ်အဖွဲ့အနေနဲ့ ဒီထက်ပိုပြီးတော့ တိုးတက်အောင်၊ ဒီထက်ပိုကြီးလာအောင်၊ ကရင်နီလူမျိုးတွေရဲ့ အမျိုးသားရည်မှန်းချက်တွေ ပိုပြီး အကောင်အထည်ပေါ်လာဖို့ လိုလားပါတယ်။ ခေါင်းဆောင်ကြီးတွေလည်း စိတ်ရှည်သည်းခံပြီး သဘောထားကြီးကြီးနဲ့ အလုပ်လုပ်ဖို့၊ ပြီးရင် မိတ်ဖက်အဖွဲ့အစည်းတွေ အချင်းချင်းကြားထဲမှလည်း မိတ်ဖက်ပီသတဲ့ အပြုအမူတွေရှိဖို့ မှာကြားလိုပါတယ်” ဟု ဆိုသည်။

KNDF ကို AA၊ TNLA၊ MNDAA တို့ စစ်ရေးအကူအညီပေးနေ၍  နွေဦးတော်လှန်တွင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုကြီးထွားနိုင်မည့် အခြေအနေရှိကြောင်း  မြန်မာနိုင်ငံရေးအကဲခတ်သူများက ပြောသည်။

“KNDF ကတော့ NUG နဲ့ တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်။ ညီနောင်သုံးဖွဲ့ကတော့ FPNCC အဖွဲ့မှာ ပါသွားတာပေါ့နော်။ ဆိုတော့ KNDF နဲ့ ညီနောင်သုံးဖွဲ့ကတော့ ဆက်စပ်မှုတော့ရှိတယ်။ ဒါပေမယ့် တိုက်ရိုက် ပူးပေါင်းဆောင်ရွက်မှုတော့ သိပ်မတွေ့ရပါဘူး။ KNDF ကတော့ NUG အောက်မှာရှိတဲ့ စစ်ရေးလှုပ်ရှားမှုတွေထဲမှာ ပထမဦးဆုံးတွေ့ရတာက တိုက်ခိုက်ရေးတွေမှာ ချေးမှုန်းနိုင်တာကိုတွေ့ရတဲ့အတွက် တော်တော် အားရကျေနပ်စရာကောင်းတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်” ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် မေလ ၃၁ ရက်နေ့တွင် ကျရောက်သော KNDF ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်တွင်လည်း ညီနောင်မဟာမိတ်(၃)ဖွဲ့က နွေဦးတော်လှန်ရေးအတွက် အကူအညီများပံ့ပိုးပေးသွားမည်ဟု သဝဏ်လွှာပေးပို့ခဲ့သည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလတွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်အစပ်တို့၌ စစ်ကောင်စီနှင့် KNDF အကြား တိုက်ပွဲများ အရှိန်ပြင်းစွာ ဖြစ်ပွားနေသည်။

#R007