- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ကန်စောက်တိုက်နယ်ဆေးရုံ ဆောက်လုပ်နေမှု ၆ နှစ် ကြာသည့်တိုင် မပြီးစီးနိုင်သေး
အဆိုပါဆေးရုံသည် ကန်စောက်နှင့် အနီးအနားကျေးရွာများအပါအဝင် ယိုးချောင်းအထက်ပိုင်းရှိ ကျေးရွာပေါင်း ၄၀ ကျော်က ပြည်သူများ၏ ကျန်းမာရေးကိစ္စအတွက် မှီခိုအားထားရမည့် ဆေးရုံလည်းဖြစ်သည်။
28 Aug 2023
DMG ၊ ဩဂုတ် ၂၈
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာတွင် ၂၀၁၇ ခုနှစ်ကပင် စတင်ဆောက်လုပ်နေသော တိုက်နယ်ဆေးရုံမှာ လက်ရှိအချိန်ထိ မပြီးစီးသေးသဖြင့် အမြန်ဆုံးပြီးစီးအောင် ဆောက်လုပ်ပေးရန် ဒေသခံများက လိုလားနေကြသည်။
အဆိုပါဆေးရုံသည် ကန်စောက်နှင့် အနီးအနားကျေးရွာများအပါအဝင် ယိုးချောင်းအထက်ပိုင်းရှိ ကျေးရွာပေါင်း ၄၀ ကျော်က ပြည်သူများ၏ ကျန်းမာရေးကိစ္စအတွက် မှီခိုအားထားရမည့် ဆေးရုံလည်းဖြစ်သည်။
“ကန်စောက်တိုက်နယ်ဆေးရုံက ဒီတိုက်နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၄၇ ရွာအတွက် အဓိက အားထားရာဖြစ်တယ်။ ဒေသခံတွေက ကျန်းမာရေးမကောင်းဘူး ဖြစ်လာရင် အခက်အခဲရှိကြတယ်။ ကန်စောက်တိုက်နယ်မှာရှိတဲ့ ဒေသခံတွေဟာ အခြေခံလူတန်းစားတွေဖြစ်လို့ ဒီဆေးရုံသာပြီးရင် အများကြီး အထောက်အကူပြုနိုင်မယ်။ ဒါကြောင့် တိုက်နယ်ဆေးရုံကို အမြန်ဆုံး ပြီးစေချင်တယ်” ဟု ကန်စောက် ကျေးအုပ်ချုပ်ရေးမှူး ဦးသင်္ခါကျော်က ပြောသည်။
အဆိုပါဆေးရုံကို ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၅၈၁ သန်းဖြင့် ၂၀၁၉ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်ရန် လျာထားခဲ့ပြီး မဟာအားမာန် ဆောက်လုပ်ရေး ကုမ္ပဏီက ငွေကျပ်သန်း ၂၀၀ ခန့်သုံးစွဲကာ ဆောက်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် ကုမ္ပဏီနှင့် အစိုးရကြား အဆင်မပြေမှုများရှိသဖြင့် ကုမ္ပစီက ဘတ်ဂျက်ငွေများအား ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်တွင် အာရက္ခဓန ဆောက်လုပ်ရေး ကုမ္ပဏီက ဆက်လက် ဆောက်လုပ်ခဲ့သော်လည်း ဘတ်ဂျက်ငွေထုတ်ယူရရှိမှု အခက်အခဲကြောင့် ဆောက်လုပ်မှုကို ရပ်စဲထားကြောင်း ကျေးရွာတာဝန်ရှိသူများက ပြောသည်။
ဆေးရုံဆောက်လုပ်မှု မပြီးသေးသဖြင့် ဆရာဝန်နှင့် ဆေးရုံဝန်ထမ်းများ မရောက်ရှိသေး၍ ဒေသခံများမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် အခက်အခဲဖြစ်နေကြသည်။
ယိုးချောင်းအထက်ပိုင်းတွင် ကျေးလက်ဆေးပေးခန်းနှင့် ကျန်းမာရေးဝန်ထမ်း နည်းပါးသဖြင့် ယခုနှစ် မိုးရာသီတွင် ဖျားနာခြင်း၊ တုတ်ကွေး စသည့် ရောဂါများကြောင့် အသက်သေဆုံးမှုများရှိခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
ကန်စောက်ကျေးရွာက လူမှုကူညီရေးဆောင်ရွက်နေသူ ကိုစိုးမင်းထွန်းက “လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က ကျနော်တို့ရွာက ၁၀ နှစ်အောက် ကလေးတစ်ဦး ရောဂါတာရှည်ဖြစ်ပွားတာ မဟုတ်ဘဲ သေဆုံးခဲ့ရတယ်။ နောက် ဆင်မကျော်ကျေးရွာမှာလည်း မနေ့ကပဲ ကလေးတစ်ဦး အချိန်ပိုင်းအတွင်းမှာ ဆေးရုံမရောက်လို့ သေဆုံးခဲ့တယ်။ အဲဒါက တိုက်နယ် ဆရာဝန် အနီးကပ် မရှိတာကို ပြသနေတယ်” ဟု ပြောသည်။
“အပေါက်ဝတိုက်နယ်ဆေးရုံသို့ သွားတဲ့အခါမှာ လူနာရဲ့အခြေအနေက နာရီပိုင်းအတွင်း ပြောင်းလဲသွားပြီး အသက်သေဆုံးမှုတွေ တွေ့ရတယ်။ ဆရာဝန်တစ်ယောက်သာ ကန်စောက်တိုက်နယ်မှာ အခြေချဆေးကုပေးနေရင် အသက်အန္တရာယ်က ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်တယ်” ဟု သူက ဆက်ပြောသည်။
ယိုးချောင်းအထက်ပိုင်းဒေသသည် ရေလမ်းတစ်ခုတည်းကိုသာ အဓိကအားကိုးရပြီး မိုဘိုင်းဆက်သွယ်ရေး ခက်ခဲကာ ကျန်းမာရေး၊ ပညာရေးပိုင်းနှင့် အခြားကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသော ဒေသဖြစ်သည်။
ယိုးချောင်းအထက်ပိုင်းရှိ သလူချောင်း၊ လမုကိုင်း၊ ကျွန်းသာယာ၊ ရွှေပန်းခိုင်၊ ကြိမ်းချောင်း၊ တောင်မင်းကုလား စသည့် ကျေးရွာပေါင်း ၄၀ ကျော်က ပြည်သူများမှာ တိုက်နယ်ဆေးရုံဆောက်လုပ်မှု အမြန်ဆုံးအပြီးသတ်ကာ ဆရာဝန်နှင့် အခြား ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ခန့်အပ်ပေးရန် လိုလားနေကြသည်။
“ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ယိုးချောင်းအထက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေက ကန်စောက်ရွာကို အားထားနေကြရတာ။ စက်လှေနဲ့လာရင်လည်း သုံးနာရီကျော်လောက် လာကြရတယ်။ ကျောက်တော်သို့ သွားမယ်ဆိုရင်လည်း တပ်ဂိတ်တွေမှာ ညဆိုရင်ဖြတ်မရတာကြောင့် အခက်အခဲ အများကြီးဖြစ်ကြတယ်။ ဒီတိုက်နယ်ဆေးရုံသာ ပြီးသွားရင် အခက်ခဲတွေ နည်းသွားမယ်” ဟု ကန်စောက်ကျေးရွာက မလုံးလုံး က ပြောသည်။
လက်ရှိတွင် ရပ်နားထားသည့် ဆေးရုံအဆောက်အအုံမှာလည်း မိုခါမုန်တိုင်းကြောင့် အားလုံးပျက်စီးသွားကြောင်း သိရသည်။
ကန်စောက်တိုက်နယ်ဆေးရုံဆောက်လုပ်မှု ရပ်တန့်နေခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်ဇော်အောင်ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။
#I006