မြောက်ဦးတွင် စစ်ကောင်စီစစ်ကြောင်း တစ်ခုကို AA မိုင်းဆွဲတိုက်ခိုက်

ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ငွေတောင်ပေါက်တံတားအနီးတွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

By Admin 06 Dec 2023

ပြီးခဲ့သည့် ရခိုင်တိုက်ပွဲကာလအတွင်း မြောက်ဦးမြို့၊ အလယ်ဈေးတံတားတွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်သားများ။ 
ပြီးခဲ့သည့် ရခိုင်တိုက်ပွဲကာလအတွင်း မြောက်ဦးမြို့၊ အလယ်ဈေးတံတားတွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်သားများ။ 

အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် မြောက်ဦးမြို့တွင်းမှ ငွေတောင်ပေါက်ရဲစခန်းဘက်သို့ သွားရာတွင် AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

“စစ်သားတွေက ခြေလျင်လျှောက်ပြီးသွားကြတာ။ ငွေတောင်ပေါက်ရဲစခန်းကို သွားတာထင်တယ်။ အဲဒီအချိန် အေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ အကျအဆုံးရှိတယ်လို့ သိရတယ်” ဟု မြောက်ဦးမြို့ ဒေသခံတစ်ဦးက ပြောသည်။ 

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး၊ ဒဏ်ရာရရှိပြီး အတိအကျကို မသိရှိရကြောင်း ဒေသခံများထံမှ သိရသည်။ 

မိုင်းဆွဲခံရပြီးနောက် ငွေတောင်ပေါက်တံတား အနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့သဖြင့် ဒေသခံများမှာ လုံခြုံမည့်နေရာများ၌ ပုန်းခိုခဲ့ကြရသည်။ 

လက်ရှိတွင် မြောက်ဦးမြို့ နေရာအားလုံးနီးပါးတွင် စစ်ကောင်စီတပ်သားများ လှည့်လှည်နေရာယူထားပြီး လူသွားလူလာနည်းပါးကာ တိတ်ဆိတ်နေကြောင်း ဒေသခံများက ပြောသည်။ 

ယခုရက်ပိုင်းတွင် မြောက်ဦးမြို့အတွင်း စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုင်းပြုလုပ်နေပြီး လမ်းသွားလမ်းလာသူများကို ဖမ်းဆီးနေသဖြင့် ဒေသခံများမှာ စိုးရိမ်နေကြသည်။ 

“သူတို့(စစ်ကောင်စီ)က မြို့ထဲဝင်ပြီး လမ်းတွေမှာ လက်နက်ငယ်တွေနဲ့ နေ့တိုင်းရမ်းပစ်တယ်။ ဒေသခံတွေကိုလည်း ဖမ်းဆီးတာတွေရှိတော့ တစ်မြို့လုံး အပြင်မထွက်ရဲဘူး။ အိမ်မှာပုန်းနေကြတယ်” ဟု မြောက်ဦးမြို့ခံ အမျိုသမီးတစ်ဦးက ပြောသည်။

မြောက်ဦးမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိ ၃ ဦးကို ရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာလ ၃ ရက်နေ့တွင်ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့တွင် စစ်ကောင်စီက မြောက်ဦးမြို့အတွင်း လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျောက်ရာဇ်ကေရပ်ကွက်မှ  အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။ 

ယင်းအပြင် ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ဗန္ဓုလရပ်ကွက်မှ သစ်စက်ပိုင်ရှင်တစ်ဦးနှင့် ပေါက်တောပြင်ကျေးရွာမှ ဒေသခံတစ်ဦးတို့ကိုလည်း စစ်ကောင်စီက မြောက်ဦးမြို့အတွင်း ဖမ်းဆီးခဲ့သည်။ 

မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှု မရှိသေးသော်လည်း နှစ်ဖက်စစ်ရေး လှုပ်ရှားမှုများ ရှိနေသည်။

#D008 #DO11

ဗီဒီယိုများ