- ဂွမြို့ကို အလုံးစုံ သိမ်းပိုက်ကြောင်း AA အတည်ပြု
- တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
ရောင်းပန်းလှစေရန်အတွက် ဟင်းသီးဟင်းရွက်များတွင် မလိုအပ်ဘဲ ဓာတုဆေးဝါးသုံးစွဲမှုများ ရှိလာ
ဟင်းသီးဟင်းရွက်များကို ဈေးကွက်အတွင်း ရောင်းပန်းလှရန်အတွက် ပိုးသတ်ဆေးများနှင့် အသီးအပွင့်ကြီးဆေးများ သုံးစွဲမှုများပြားလာနေသည်ကို တွေ့ရှိရကြောင်း ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောဆိုသည်။
04 Apr 2023
DMG ၊ ဧပြီ ၄
ဟင်းသီးဟင်းရွက်များကို ဈေးကွက်အတွင်း ရောင်းပန်းလှရန်အတွက် ပိုးသတ်ဆေးများနှင့် အသီးအပွင့်ကြီးဆေးများ သုံးစွဲမှုများပြားလာနေသည်ကို တွေ့ရှိရကြောင်း ရခိုင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောဆိုသည်။
ပြည်မဘက်မှ တင်သွင်းလာသည့် ဟင်းသီးဟင်းရွက်များသာမက ရခိုင်ပြည်အတွင်း စိုက်ပျိုးရောင်းချနေသည့် တစ်ချို့သော ဟင်းသီးဟင်းရွက်များတွင်လည်း မလိုအပ်ဘဲ ပိုးသတ်ဆေးအသုံးပြုမှုများကို တွေ့ရှိလာရခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဦးထွန်းမြင့်က “ဟင်းသီးဟင်းရွက်တစ်ချို့နဲ့ ကြက်သွန်နီတွေကိုကျတော့ ပိုးသတ်ဆေးတွေ၊ တခြားဆေးတွေ အသုံးပြုပြီး ဈေးကွက်ထဲ အရောင်းလှအောင် လုပ်တာတွေကို တွေ့မြင်နေရပါတယ်” ဟု ပြောသည်။
ထိုကဲ့သို့ အသုံးပြုမှုများရှိနေခြင်းကို တားဆီးနိုင်ရန်အတွက် စိုက်ပျိုးရေးတောင်သူများအား မြို့နယ်အလိုက် အသိပညာပေး သင်တန်းပို့ချမှုများကို စိုက်ပျိုးရေးဦးစီးဌာနက လုပ်ဆောင်နေပြီး နိုင်ငံတကာနှင့် အရပ်ဖက်အဖွဲ့များကလည်း လုပ်ဆောင်နေကြကြောင်း သိရသည်။
အသီးအပွင့်ကြီးဆေးများ၊ ပိုးသတ်ဆေးများ အသုံးပြုစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များသည် ဈေးကွက်အတွင်း ရောင်းပန်းလှသော်လည်း အရသာအားဖြင့် ကောင်းမွန်မှုမရှိကြောင်း စားသုံးသူများက ပြောဆိုကြသည်။
စစ်တွေမြို့မဈေးကြီးတွင် ကုန်စိမ်းရောင်းချသူ မခင်အေးက “ကားလမ်းနဲ့တစ်ဆင့် ပို့ရတာဆိုတော့ လမ်းမှာ မပုပ်မသိုးအောင် ဆိုပြီးတော့ ဆေးဖျန်းတာတွေ တအားလုပ်လာကြတယ်။ ရောင်းပန်းလှပေမယ့် တစ်ရက်နှစ်ရက်ပါပဲ။ အသီးတွေကြီးပြီး၊ အရွက်တွေလှပေမယ့် စားလိုက်တော့ အရသာမရှိဘူး” ဟု ပြောသည်။
ဟင်းသီးဟင်းရွက်များတွင် ဓာတုဆေးဝါးသုံးစွဲမှုများ အများအပြားရှိလာပါကစားသုံးသူများ၏ ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေနိုင်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်ပေးရန် လိုအပ်နေကြောင်း ပြည်သူများက ပြောဆိုကြသည်။
ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူများ အနေဖြင့်လည်း ဓာတုဆေးဝါးသုံးစွဲမှုကို လျော့ချပြီး အော်ဂဲနစ် နည်းစနစ်ဖြင့်သာ စိုက်ပျိုးသင့်ကြောင်း ထောက်ပြမှုများ ရှိနေသည်။
“အသားတွေ၊ အသင့်စားအထုတ်တွေကိုကျတော့ ကျန်းမာရေးနဲ့ညီညွတ်မှုရှိ/မရှိ စစ်ဆေးပေးတဲ့ ဌာနတွေရှိတယ်။ အသီးအရွက်တွေကိုလည်း အဲဒီလို စစ်ဆေးပေးဖို့ လိုအပ်တယ်။ အတတ်နိုင်ဆုံးတော့ ဆေးတွေအလွန်အကျွံမသုံးဘဲ အော်ဂဲနစ်အတိုင်း စိုက်ပျိုးထားတဲ့ အသီးအရွက်တွေ စားသုံးရင်တော့ အသင့်တော်ဆုံးပါ” ဟု စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာတွင် အော်ဂဲနစ်နည်းဖြင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချသည့် ကိုသားကြီးက ပြောသည်။
ဟင်းသီးဟင်းရွက်များတွင် စစ်ဆေးတွေ့ရှိရလေ့ရှိသော Neonicotinoid နှင့် Pyrethroid အပါအဝင် အခြားသော ပိုးသတ်ဆေးများသည် အာရုံကြောစနစ်ကို အဆိပ်သင့်စေနိုင်မှု(မူးဝေအော့အန်ခြင်း)အပြင် ကင်ဆာရောဂါများကို ဖြစ်ပွားစေနိုင်ကြောင်း ဆေးပညာအသိုင်းအဝိုင်း၏ ပြောဆိုထားချက်များအရ သိရသည်။
ထို့ကြောင့် ဓာတုဆေးများကို အသုံးပြု၍ စိုက်ပျိုးထားသော အသီးအနှံများကို စားသုံးကြမည်ဆိုပါက စနစ်တကျဆေးကြောခြင်း၊ အခွံခွာခြင်းများပြုလုပ်ပြီးမှသာ စားသုံးသင့်ကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက တိုက်တွန်းထားကြသည်။
#I005