တောဟိန်းတောင်ဗျူဟာကုန်း မကျရှုံးရေး စစ်ကောင်စီ အပြင်းအထန်ခုခံ

အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) တည်ရှိသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ တောဟိန်းတောင်ဗျူဟာကုန်း မကျရှုံးရေးအတွက် စစ်ကောင်စီက အပြင်းအထန် ခုခံနေရကြောင်း သိရသည်။

By Admin 18 Apr 2024

တောဟိန်းတောင်ဗျူဟာကုန်း မကျရှုံးရေး စစ်ကောင်စီ အပြင်းအထန်ခုခံ

DMG ၊ ဧပြီ ၁၈

အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) တည်ရှိသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ တောဟိန်းတောင်ဗျူဟာကုန်း မကျရှုံးရေးအတွက် စစ်ကောင်စီက အပြင်းအထန် ခုခံနေရကြောင်း သိရသည်။

တောဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA) က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်းများဖြင့် အကြိတ်အနယ် ခုခံနေရခြင်းဖြစ်သည်။ 

“တောဟိန်းတောင်ဗျူဟာကုန်းကို အေအေက စခန်းသိမ်းတိုက်ပွဲလုပ်နေတာ။ အဲဒီဗျူဟာကုန်းကိုသိမ်းပြီးရင် အမ်းမြို့ကို တိုက်ရိုက်ချီတက်လို့ ရပြီ။ လက်ရှိမှာတော့ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ အကြိတ်အနယ် ခုခံနေတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

တောဟိန်းတောင်မှာ အမ်းမြို့ အနောက်ဘက် မိုင် ၂၀ ခန့်အကွာ ကဇုကိုင်းအုပ်စုတွင် တည်ရှိပြီး ရန်ကုန်- စစ်တွေ ကားလမ်းအနီး စကခ ၅ လက်အောက်ခံ အရေးပါဆုံးသော ဗျူဟာကုန်းကြီးဖြစ်သည်။ ဗျူဟာကုန်းအနီးတွင် ဧပြီလ ၁၅၊ ၁၆၊ ၁၇ ရက်က တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ 

ဧပြီ ၁၇ ရက်တွင် တိုက်ပွဲဖြစ်ပွားသောနေရာများသို့ စစ်ကောင်စီက လေကြောင်းဖြင့် ၃ ကြိမ်ထက်မနည်း ဗုံးကြဲပစ်ခတ်ခဲ့ပြီး အမ်းမြို့နယ်အတွင်းရှိ ခမရ ၃၇၁၊ ခမရ ၃၇၃ တို့မှလည်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း အမ်းဒေသခံ နောက်ထပ်တစ်ဦးက ပြောသည်။

“အေအေရှိတယ်လို့ယူဆရတဲ့ တောင်တန်းတွေဘက်ကို မနေ့ကတစ်နေကုန် လက်နက်ကြီးတွေအတွဲလိုက်နဲ့ လှမ်းပစ်နေတာ။ ဒီနေ့ မနက်လည်း ကဇုကိုင်း၊ ဒါးလက်ဘက်ကို လက်နက်ကြီးတွေ လှမ်းပစ်နေတယ်” ဟု သူက ပြောသည်။

အမ်းမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၂၄ ရက်‌မှစ၍ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

လက်ရှိတွင် ဒါးလက်ချောင်းနှင့် မညှင်းတောင်ဒေသရှိ စစ်ကောင်စီတပ်စခန်းများမှာ တပ်ဆုတ်ခွာသွားပြီး တောဟိန်းတောင်ဗျူဟာ၊ နပခအပါအဝင် အခြားတပ်စခန်းများအား AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ 

အာရက္ခတပ်တော်(AA)သည် လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်ကာ ရခိုင်ပြည်သိမ်းတိုက်ပွဲဆင်နွှဲနေခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်သော (၅) လကျော်ကြာ တိုက်ပွဲအတွင်း မြို့နယ် (၉) ခုကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

ဗီဒီယိုများ