လက်နက်ကြီးကျ၍ အမ်းဒေသခံ ၃ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ လောင်းစပ်ကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

By Admin 22 Oct 2024

အောက်တိုဘာ ၂၁ ရက်က အမ်းမြို့နယ်၊ လောင်းစပ်ကျေးရွာတွင် လက်နက်ကြီးကျရောက်မှုကြောင့်  ထိခိုက်သေဆုံးသွားသည့်ဒေသခံများထဲတွင် အမျိုးသမီး ၄ ဦးပါဝင်သည်။ (ဓာတ်ပုံ- APM )
အောက်တိုဘာ ၂၁ ရက်က အမ်းမြို့နယ်၊ လောင်းစပ်ကျေးရွာတွင် လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်သေဆုံးသွားသည့်ဒေသခံများထဲတွင် အမျိုးသမီး ၄ ဦးပါဝင်သည်။ (ဓာတ်ပုံ- APM )

DMG ၊ အောက်တိုဘာ ၂၂

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ လောင်းစပ်ကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယမန်နေ့ (အောက်တိုဘာ ၂၁ ရက်)၊ နေ့လည် ၂ နာရီကျော်တွင် အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသွားကြခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

" စစ်ကောင်စီက လက်နက်ကြီးပစ်တာနဲ့ လေကြောင်းဗုံးကြဲတာတွေကို မြို့နားမှာ လုပ်နေတာကြာပြီ။ အခုလည်း (နပခ)ဌာနချုပ်က လာတဲ့ လက်နက်ကြီးကျည် ကျတာ။ အခုတော့ ဒေသခံတွေ မနေရဲလို့ ရှောင်ကြတဲ့သူတွေလည်း ပိုများလာတယ် " ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးသူများမှာ ကိုဖြိုးမင်းသူ (၁၇)နှစ်၊ ဦးညို (၆၀)နှစ်၊ ဦးအောင်သိန်း (၇၅)နှစ်တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ မချစ်သက်ဝေ(၁၄)နှစ်၊ ဒေါ်နှင်းအိဖြူ (၃၉)နှစ်၊ ဒေါ်စိုးစိုး(၄၆)နှစ်၊ ဦးတင်သိန်း(၅၈)နှစ်နှင့် ဒေါ်တင်နု (၇၀)နှစ်တို့ဖြစ်သည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့် လောင်းစပ်ကျေးရွာမှာ နပခ ဌာနချုပ်နှင့် နီးပြီး အမ်း- တပ်တောင် ကားလမ်းအနီးတွင် တည်ရှိသည်။ အမ်းမြို့နယ်တွင် စစ်ကောင်စီသည် လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် နပခ ဌာနချုပ်အပြင် စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်ကာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးများဖြင့် အပြင်းအထန်ခုခံနေသည်။

" အခု အမ်းတိုက်ပွဲက တအားပြင်းထန်နေတယ်။ နပခနဲ့ တပ်စခန်းအားလုံးကို တိုက်နေကြတာ။ သေနတ်သံတွေ နေရာတိုင်းမှာ ကြားနေရတော့ စစ်ဘေးရှောင်တဲ့သူတွေလည်းများတယ်" ဟု အမ်းမြို့ခံတစ်ဦးက ပြောသည်။

လတ်တလော ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် AA တို့သည် အမ်းအပါဝင် မောင်တော၊ ဂွမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း၊ ရေကြောင်းတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာလည်း နေ့စဉ်နှင့်အမျှ မြင့်တက်လာနေသည်။