ရေကစားနေစဉ် မိုးကြိုးပစ်ခံရ၍ ပေါက်တောက ကလေးငယ်နှစ်ဦးသေဆုံး

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ဆက်တက်မော်(မွတ်ဆလင်)ကျေးရွာတွင် မေလ ၆ ရက်က မိုးကြိုးပစ်ခံရ၍ ကလေးငယ်နှစ်ဦးသေဆုံးသွားပြီး၊ လူငယ်တစ်ဦးမှာ သတိလစ်သွားပြီးနောက် စကားမပြောနိုင်ဖြစ်သွားသည်။

By Admin 07 May 2024

ဓာတ်ပုံ - EPA 
ဓာတ်ပုံ - EPA 

DMG ၊ မေ ၇

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ဆက်တက်မော်(မွတ်ဆလင်)ကျေးရွာတွင် မေလ ၆ ရက်က မိုးကြိုးပစ်ခံရ၍ ကလေးငယ်နှစ်ဦးသေဆုံးသွားပြီး၊ လူငယ်တစ်ဦးမှာ သတိလစ်သွားပြီးနောက် စကားမပြောနိုင်ဖြစ်သွားသည်။

ဆက်တက်မော်ရွာမှ အာဒူဝါဟပ် (၁၂)နှစ်နှင့် မာမိုရာဟမ (၁၀)နှစ်မှာ ကျေးရွာအနောက်ဖက် ချောင်းကမ်းစပ်တွင် ရေကစားနေစဉ်တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခြင်းဖြစ်သည်။ ယင်းအပြင် ကိုကျော်လှချေ (၂၇) နှစ်မှာ မိုးကြိုးစက်ကွင်းထဲပါသွားပြီး စကားမပြောနိုင်ဖြစ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“မိုးကြိုးပစ်ခံရလို့ အရင်ဆုံး ကလေးငယ်တစ်ယောက် လဲကျသွားတယ်။ သူ့ကို နောက်တစ်ယောက်က လိုက်ဆွဲတဲ့အချိန်မှာ နှစ်ယောက်လုံးသေဆုံးသွားတာ။ ပြီးရင် အဲဒီနေရာအနီးမှာ အလုပ်လုပ်နေသူတစ်ယောက် သတိမေ့သွားပြီး ပြန်လို့သတိရလာချိန်မှာ စကားမပြောနိုင်ဖြစ်နေတယ်” ဟု သူက ပြောသည်။ 

ယမန်နေ့က ဆင်တက်မော်ရွာတစ်ဝိုက်တွင် မိုးရွာသွန်းခြင်း၊ လျှပ်စစ်စီးခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ 

မိုးကြိုးပစ်ခတ်မှုဖြစ်စဉ်များမှာ မိုးဦးနှင့် မိုးနှောင်းကာလတွင် အဖြစ်များပြီး မိုးကြိုးပစ်ရခြင်းမှာ အပူချိန်မြင့်မားမှုနှင့် မိုးတိမ်တောင်ဖြစ်ပေါ်မှုကြောင့်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 

မိုးကြိုးပစ်ခြင်းများ၊ လျှပ်စီးခြင်းများ ဖြစ်ပေါ်ပါက ရေ၊ လျှပ်စစ်ပစ္စည်းများနှင့် ဝေးရာနေရာများတွင် နေထိုင်သင့်ကြောင်း  မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက DMG ကို ပြောဆိုထားသည်။

“မိုးတိမ်တောင်တွေဖြစ်လာရင် သတိထားရမယ်။ လျှပ်စီးတဖြတ်ဖြတ်လက်နေရင် လျှပ်စစ်ပစ္စည်းတွေနဲ့ ဝေးတဲ့နေရာ၊ ရေနဲ့ ဝေးတဲ့နေရာတွေမှာ နေရမယ်။ ကွင်းပြင်ထဲမှာ တစ်ယောက်တည်းဖြစ်နေရင်လည်း မိုးကြိုးပစ်ခံရနိုင်တယ်” ဟု သူက ပြောသည်။

မိုးကြိုးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် မိုးခြိမ်းသံကြားသည်နှင့် ခိုင်ခံ့သောအဆောက်အအုံ (သို့မဟုတ်) မော်တော်ယာဉ်တွင်းသို့ ခိုဝင်ရမည်၊ မော်တော်ယာဉ်တံခါးကိုလည်း သေချာစွာပိတ်ထားရမည်ဖြစ်သည်။ ခိုလှုံစရာနေရာမရှိပါက မိမိလက်နှစ်ဖက်ဖြင့် နားကိုအုပ်ထားပြီး ဆောင့်ကြောင့်ထိုင်ချကာ ခြေချောင်းများ၊ ရှေ့ခြေဖဝါးများဖြင့်သာ မြေကြီးကို ထိထားရမည်ဖြစ်သည်။
 
လူအုပ်စုလိုက်ဖြစ်ပါက တစ်ဦးနှင့်တစ်ဦး ၁၅ ပေခန့် ခွာနေရမည်ဖြစ်ပြီး ရေများနှင့်လည်း ထိတွေ့ဆက်စပ်ခြင်း မပြုရပေ။ အိမ်တွင်း၌နေစဉ် ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ အိုးခွက်ပန်းကန်ဆေးခြင်းများ မပြုရဘဲ လိုင်းကြိုးဖုန်းများမှစ၍ ကွန်ပျူတာ၊ တီဗွီ စသည့် လျှပ်စစ်အသုံးအဆောင်များကိုလည်း အသုံးမပြုရဘဲ မိုးကြိုးအန္တရာယ်ကို ကြိုတင်ကာကွယ်ရမည်ဖြစ်သည်။

ဗီဒီယိုများ