- ဂွမြို့ကို အလုံးစုံ သိမ်းပိုက်ကြောင်း AA အတည်ပြု
- တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
မွတ်ဆလင်ဒုက္ခသည် ၇၀၀ ကျော်ကို ကနဦး လက်ခံရန် စစ်ကောင်စီ အတည်ပြု
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံသွားသည့် မွတ်ဆလင်ဒုက္ခသည်များထဲမှ လူဦးရေ ၇၀၀ ကျော်ကို ကနဦး လက်ခံရန် စစ်ကောင်စီက အတည်ပြုထားသည်။
05 Apr 2023
DMG ၊ ဧပြီ ၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံသွားသည့် မွတ်ဆလင်ဒုက္ခသည်များထဲမှ လူဦးရေ ၇၀၀ ကျော်ကို ကနဦး လက်ခံရန် အတည်ပြုထားကြောင်း ဧပြီလ ၄ ရက်(ယမန်နေ့) ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက တင်ပြထားသည့် ဒုက္ခသည် ၈၇,၀၀၀ ကျော်ထဲတွင် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အထောက်အထားတွေ့ရှိသူ ၅၆,၀၀၀ ကျော်၊ အထောက်အထားမရှိသူ ၃၀,၀၀၀ ကျော်နှင့် ပြည်ထဲရေးမှ အကြမ်းဖက်အဖြစ် သတ်မှတ်ထားသူ ၉၀၀ ခန့်ရှိနေပြီး ယင်းထဲမှ လူဦးရေ ၇၀၀ ကျော်ကို ကနဦး လက်ခံရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ပြန်လည်လက်ခံရေးအစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်- မြန်မာ နှစ်နိုင်ငံညှိနှိုင်းချက်အရ Pilot Project ဖြင့် သဘောတူထားခြင်းဖြစ်ပြီး လက်ရှိ ၇၀၀ ကျော်အပြင် ၎င်းတို့နှင့် ဆက်စပ်သည့် မိသားစုဝင် ၄၀၀ ကျော်ကိုလည်း လက်ခံရန် စိစစ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သတင်းစာမှတစ်ဆင့် ပြောဆိုထားသည်။
ထို့အပြင် ယခင် စိစစ်ထားသည့် ဟိန္ဒူဘာသာဝင် ၃၀၀ ကျော်ကိုလည်း ယခုအကြိမ်တွင် တစ်ပါတည်း လက်ခံရန် လျာတားထားပြီး နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့(JWJ) နှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း ဖော်ပြသည်။
စစ်ကောင်စီသည် မွတ်ဆလင် လက်ခံရေးကိစ္စနှင့် ပတ်သက်၍ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်၊ ထိုင်း နိုင်ငံတို့မှ သံတမန်များ၊ အာဆီယံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်များအား ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က မောင်တော မြို့နယ်သို့ ခေါ်ယူပြသခဲ့သေးသည်။
ယင်းနောက်တွင် ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မျိုး ဦးဆောင်သောအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်များနှင့် သွားတွေ့ကာ အချက်အလက်များ စိစစ်ခဲ့သည်။
ပြန်လည်ဝင်ရောက်လာသည့် မွတ်ဆလင်များကို မောင်တောမြို့နယ်ရှိ တောင်ပြို လက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် စသည့် ပြန်လည် လက်ခံရေး စခန်းများတွင် ကနဦးနေရာချထားရန် ပြင်ဆင်ထားပြီး မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူ၊ မိမိဆန္ဒအရ ပြန်လည်လာရောက်မည့်သူ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံးမှ မှန်ကန်ကြောင်း ထောက်ခံချက် ပါရှိရမည်ဟု စစ်ကောင်စီက သတ်မှတ်ထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွေးဖွားခဲ့သည့် ကလေးများဖြစ်ပါက မိဘနှစ်ဦးစလုံးမှာ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူ မှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အာဏာပိုင်များ၏ ထောက်ခံချက်တို့ဖြင့် လက်ခံသွားမည် ဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။
မတ်လ ၂၀ ရက်နေ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA) ထုတ်ပြန်ချက်တွင် လက်ရှိ ရခိုင်ပြည်၏ အခြေအနေသည် မွတ်ဆလင် ဒုက္ခသည်များအတွက် ရေရှည် နေရပ်ပြန်ရေးမဖြစ်နိုင် ဟု ပြောဆိုထားသည်။
ရက္ခိုင့်တပ်တော်(AA)ကလည်း စစ်ကောင်စီသည် နိုင်ငံတကာက အသိအမှတ်ပြုမှု ရရှိရေးအတွက် မွတ်ဆလင် ပြန်လည်လက်ခံရေးကို ဟန်ပြလုပ်နေခြင်းဖြစ်ကြောင်း ရှုမြင်သည်။
၂၀၁၇ ခုနှစ် မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးဟုဆိုကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေရကြောင်း နိုင်ငံတကာက ပြောဆိုထားသော်လည်း မြန်မာအာဏာပိုင်များက မွတ်ဆလင်အရေအတွက်မှာ ၅ သိန်းကျော်သာရှိကြောင်း ဆိုထားသည်။
#I008